ကမ္ဘာ့ဘဏ် ရန်ကုန်မှာ ရုံးပြန်ဖွင့်တော့မည်

လာမယ့် ဇွန်လအတွင်း မြန်မာနိုင်ငံမှာ ရုံးပြန်ဖွင့်မယ်လို့ ကမ္ဘာ့ဘဏ်က မနေ့က ကြေညာလိုက်ပါတယ်။
2012-04-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရန်ကုန်မှာ ဌာနေကိုယ်စားလှယ် အသစ်တစ်ယောက်နဲ့အတူ ရုံးပြန်ဖွင့် ဝန်ထမ်းတွေခန့်ပြီး မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးရေး အစီအစဉ်သစ်တစ်ရပ် ချမှတ်နိုင်အောင် လိုအပ်တဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေ စတင် ကောက်ယူ စုဆောင်းမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ Pamela Cox က ပြောပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရက ကမ္ဘာ့ဘဏ်နဲ့ တခြားအဖွဲ့အစည်းတွေကို ပေးချေစရာရှိနေတဲ့ အကြွေးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ကိစ္စလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မိမိတို့ရဲ့ အဓိကပန်းတိုင်က မြန်မာပြည်သူတွေကို ကူညီဖို့ ဖြစ်ပါတယ်။ မြန်မာဟာ ပြင်ပကမ္ဘာနဲ့ နှစ်ကာလကြာရှည် အဆက်ပြတ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် လူထု ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿနာတွေ အတွက် အစိုးရနဲ့အတူ ဆောင်ရွက်နိုင်ဖို့ မဟာဗျူဟာ တစ်ရပ် ပြင်ဆင်နေပါတယ်။ ဒါတွေ အပြည့်အ၀ မဆောင်ရွက်နိုင်သေးခင်မှာ အကြွေးကိစ္စရှင်းဖို့ လိုပါတယ်လို့ Pamela Cox က ပြောဆိုပါတယ်။

မြန်မာအစိုးရဟာ ကမ္ဘာ့ဘဏ်ကို အမေရိကန်ဒေါ်လာ (၃၉၃) သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB ) နဲ့ တခြားဌာနတွေအပေါ် ဒေါ်လာ သန်းငါးရာလောက် ပေးချေစရာ ရှိနေပါတယ်။ မြန်မာ အစိုးရဟာ အကြွေးမဆပ်တဲ့အတွက် ကမ္ဘာ့ဘဏ်က ၁၉၈၇ ခုနှစ်ကစပြီး အစီအစဉ်တွေ ရပ်ဆိုင်းခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ Pamela Cox ဟာ ဇွန်လအတွင်း မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ အလုပ်အကိုင်ဖန်တီးရေး စတဲ့ ကိစ္စတွေကို စူးစိုက် ဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်းလည်း ပြောဆိုပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့