ခြစားမှုတွေ့ရင် အကူအညီ ချက်ခြင်းရပ်မယ်လို့ ကမ္ဘာ့ဘဏ် သတိပေး


2014.01.27

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်အကူအညီတွေနဲ့ ပတ်သက်ပြီး ခြစားမှုတွေ တွေ့ရှိမယ်ဆိုရင် အစီအစဉ်တွေ ချက်ခြင်းရပ်ဖို့ လက်နှေးမှာမဟုတ်ဘူးလို့ ကမ္ဘာ့ဘဏ်ဥက္ကဌက သတိပေးလိုက်ပြီး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ဖိဖိစီးစီး ကိုင်တွယ်ဆောင်ရွက်ဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ စွမ်းအင်၊ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေးစတဲ့ ကဏ္ဍတွေမှာ နှစ်ရှည်စီမံကိန်းတွေ ချမှတ်ဆောင်ရွက်သွားနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ထောက်ပံ့မယ်လို့ ကြေညာအပြီး၊ အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေပေမယ့်၊ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့တဲ့  ပြီးခဲ့တဲ့နှစ် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာ ကမ္ဘာ့နိုင်ငံများ အခြေပြစာရင်းမှာ မြန်မာဟာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲမှာ အဆင့် ၁၈၂ မှာ ရှိနေခဲ့ပါတယ်။ အဲသလိုစာရင်းရဲ့ အောက်ဆုံးမှာရှိနေရတဲ့ အဓိကအချက်က အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူ ကြီးထွားမှုကြောင့် ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ် ဥက္ကဌ မစ္စတာ ဂျင်ယောင်ကင်က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ရာမှာ  ၂၀၁၂ ခုနှစ် ကမ္ဘာ့ဘဏ်ဥက္ကဌအဖြစ် မိမိတာဝန်ယူခဲ့တဲ့ ပထမနေ့မှာပဲ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ထောက်ပံ့ကူညီနေတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းပစ်ခဲ့ရပါတယ်၊ အကြောင်းက အကျင့်ပျက်ခြစားမှုတွေကြောင့် ဖြစ်ပါတယ်၊ နောင်မှာလည်း ဘယ်နေရာက ဘယ်အစီအစဉ်မှာပဲဖြစ်ဖြစ် အကျင့်ပျက်ခြစားမှုဆိုင်ရာ သက်သေသာဓကတွေ့ရှိတာနဲ့ ချက်ခြင်းရပ်ဆိုင်းပစ်ဖို့ လက်နှေးနေမှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲ၊ လျှပ်စစ်ဓါတ်အား မသုံးစွဲနိုင်သူပေါင်းကလည်း ၇၀ ရာနှုန်းရှိနေတာကြောင့် ကမ္ဘာ့ဘဏ်ရဲ့ထောက်ပံ့ငွေ ဒေါ်လာ သန်းနှစ်ထောင်ထဲက သန်းတစ်ထောင်ကို လျှပ်စစ်အတွက် သုံးစွဲမှာဖြစ်ပြီး၊ ကျန်းမာရေးနဲ့ လယ်ယာစိုက်ပျိုးရေး စတဲ့ကဏ္ဍတွေမှာ တိုးမြှင့်သုံးစွဲမယ်လို့ သိရပါတယ်။ ဒီနှစ် ၂၀၀၄ ခုနှစ် ဇွန်လမတိုင်မီ မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၇ဝဝ ကျော်သုံးစွဲဖို့ စီစဉ်ထားတယ်လို့လည်း ကမ္ဘာ့ဘဏ်ဥက္ကဌက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။