မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ် ဆက်လက်ကူညီမည်

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် ဆက်လက်ကူညီသွားမယ်လို့ ကမ္ဘာဘဏ်က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က Kutupalong ဒုက္ခသည်စခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့ လူမှုအသိုင်းအဝိုင်းအကြား သဟဇာတဖြစ်ရေး ကြိုးပမ်းမှုတွေမှာ ကမ္ဘာ့ဘဏ်က ဆက်လက်ကူညီသွားမယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ဒု-ဥက္ကဋ္ဌ ဗစ်တိုးရီးယား ကွာကွာဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံရုံးခွဲ သတင်းပြန်ကြားရေး တာဝန်ခံ ဦးကျော်စိုးလင်းက ပြောပါတယ်။

“ကျနော်တို့ ဒု-ဥက္ကဋ္ဌ လည်း လာမယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရှိတယ်၊ ကျနော်တို့ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအပြင် ရခိုင်ကိုလည်း အထူးပြုပြီးတော့မှ နိုင်ငံတော်အစိုးရ ကလည်း အထူးပြုဆောင်ရွက်နေတဲ့လုပ်ငန်းဖြစ်တယ်၊ ရခိုင်တင်မကဘူး တစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ကိစ္စတွေ၊ လူမှုအသိုင်းအဝိုင်းတွေ အတူတကွ ပြန်လည်ပေါင်းစည်းနိုင်ရေး ကိစ္စတွေ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတဲ့အပေါ်မှာ ကမ္ဘာ့ဘဏ်ကလည်း ပံ့ပိုးသွားဖို့ရှိပါတယ် တိုးမြှင့်သွားဖို့ရှိပါတယ်”

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကင်က ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဖိအားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နောက်ထပ်စီမံကိန်းတွေမှာ ငွေကြေးကူညီဖို့ အဆိုပြုမှုအားလုံး ရပ်တန့်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးနဲ့ တွေ့ဆုံပြောကြားခဲ့အပြီး ၂ ရက်အကြာမှာ အခုလို ကမ္ဘာ့ဘဏ် ဒု-ဥက္ကဋ္ဌ ခရီးစဉ်နဲ့ ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒုတိယ ဥက္ကဋ္ဌ ဗစ်တိုးရီးယား ကွာကွာဟာ လာမယ့် ဇူလိုင်လ ၈ ရက်နေ့ကနေ ၁ဝ ရက်နေ့အထိ ၃ ရက်ကြာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကဏ္ဍမှာ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး... စတဲ့ ကဏ္ဍအသီးသီးအတွက် အမေရိကန်ဒေါ်လာ သန်း နှစ်ထောင်နဲ့ ညီမျှတဲ့ နှစ်ရှည်ချေးငွေတွေနဲ့ ပံ့ပိုးပေးနေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မကြာသေးခင်က ချုပ်ဆိုထားတဲ့ မြန်မာအစိုးရနဲ့ UNHCR/UNDP တို့ရဲ့ နားလည်မှုစာချွန်လွှာ အကောင် အထည်ဖော်ရေးအပြင် ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော်ဆောင်ဖို့အတွက်လည်း ဝိုင်းဝန်းလုပ်ဆောင်ပေးနေတယ်လို့ ပါရှိပါတယ်။

ကမ္ဘာ့ဘဏ်ဒု-ဥက္ကဋ္ဌ ရဲ့ခရီးစဉ်အတွင်းမှာ အစိုးရတာဝန်ရှိသူတွေအပြင် ရန်ကုန်မြို့က အရပ်ဖက် လူမှုအဖွဲ့အစည်း တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့လည်း ဦးကျော်စိုးလင်းက ပြောပါတယ်။