ဝူဟန်ကလာတဲ့ တရုတ်သုံးဦးကို မူဆယ်နယ်စပ်မှာ ရှာဖွေနေဆဲ

2020-02-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တရုတ်-မြန်မာနယ်စပ်မှာ နှစ်နိုင်ငံအာဏာပိုင်တွေ ရှာဖွေနေတဲ့ တရုတ်နိုင်ငံသား ၅ ယောက်ထဲက အမျိုးသား ၁ ယောက်ဟာ ရဲစခန်းမှာ သွားရောက်အဖမ်းခံခဲ့ပါတယ်။ မူဆယ်မြို့မှာရှိနိုင်တယ်လို့ ယူဆထားတဲ့အတွက် တရုတ်အာဏာပိုင်တွေဘက်က မြန်မာကို ဝိုင်းဝန်းရှာဖွေပေးဖို့ ပြီးခဲ့တဲ့တပတ်က အကူအညီ တောင်းခဲ့တာပါ။ ရဲစခန်းမှာသွားရောက်အဖမ်းခံခဲ့တဲ့ တရုတ်နိုင်ငံသားရဲ့ နောက်ဆုံးအခြေအနေကို RFA ဝိုင်းတော်သူ မနန္ဒာချမ်း တင်ပြထားပါတယ်။

တရုတ်အာဏာပိုင်တွေ အလိုရှိနေတဲ့ ၅ ယောက်ထဲက အသက် ၄၉ နှစ်အရွယ် ဟောင်ချန်းရန် ဟာ ဖေဖော်ဝါရီလ ၇ ရက် သောကြာနေ့က တရုတ်နယ်စပ် ရွှေလီရဲစခန်းမှာ ကိုယ်တိုင်သွားပြီး အဖမ်းခံခဲ့တာပါ။ တရုတ်နိုင်ငံသား အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား လေးယောက်ကို ရဲကအလိုရှိနေကြောင်း ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကို ဝင်သွားတယ်လို့ တရုတ်အာဏာပိုင်တွေဘက်က ယူဆထားတဲ့အတွက် လည်း မူဆယ်မြို့ ခရိုင်ရဲတပ်ဖွဲ့ကို ကူပြီး ရှာပေးဖို့ ဖေဖော်ဝါရီလ ၅ ရက်နေ့က တရားဝင် စာပေးပို့ အကူအညီ တောင်းခဲ့တာပါ။ အခု ဟောင်ချန်းရန် သွားပြီး အဖမ်းခံခဲ့တဲ့ နောက်ဆုံးအခြေအနေ နဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကံသာက အခုလို ပြောပြပါတယ်။

“မနေ့ညနေပိုင်းက တရုတ်ရဲဌာနကနေ မြန်မာဘက်ကို အကြောင်းကြားစာတစောင် ပေးပို့လာတာပေါ့နော်။ သူတို့တောင်းထားတဲ့ ၅ ယောက်ထဲက ဟောင်ချန်းရန် ဆိုတဲ့ ၄၉ နှစ်အရွယ် အမျိုးသားက သူတို့ရဲဌာနကို လာပြီး အဖမ်းခံတယ်ဆိုပြီးမှ အကြောင်းကြားစာပို့လာတယ်။ အဲ့မှာ ကျနော်တို့ကြည့်လိုက်တော့ သူက ရဲဌာနကိုလာပြီး အဖမ်းခံတယ်ဆိုတာက ၇ ရက်နေ့ကတည်းက အဖမ်းခံတာပေါ့နော်။ ဒါကို တရုတ်ဘက်က မြန်မာဘက်ကို စောစောစီးစီး အကြောင်းမကြားခဲ့တဲ့ပုံစံမျိုး၊ အခုတော့ မြန်မာဘက်က ဒီလူရှိနေတယ်ထင်ပြီး စိုးရိမ်ပြီးတော့ ရှာကြတယ်။ အခုလက်ရှိ သူ့ကို စစ်ဆေးကြည့်တော့လည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သံသယမရှိဘူးဆိုပြီးမှ စာထဲမှာ ထုတ်ပြန်ထားတာ ကျနော်တို့တွေ့ရတယ်”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့အချိန် ဒီဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့အပါအဝင် ဒေသတချို့မှာ ခရီးအသွားအလာတွေကို တရုတ်အစိုးရက ကန့်သတ်ထားတာပါ။ နှစ်နိုင်ငံအာဏာပိုင်တွေ ရှာဖွေနေတဲ့ ဒီ ၅ ယောက်ဟာ ဝူဟန်မြို့မှာ နေထိုင်ခဲ့သူတွေဖြစ်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ ရှာဖွေနေတာဖြစ်ပါတယ်။ အခု သွားပြီးအဖမ်းခံခဲ့တဲ့ ဟောင်ချန်းရန်ဟာ အာဏပိုင်တွေရှာဖွေနေတဲ့သူတွေထဲက ဒုတိယမြောက် တွေ့ရှိခဲ့သူပါ။ သူ့မတိုင်ခင်က တရုတ်အမျိုးသမီးကိုတော့ မြန်မာနိုင်ငံ ပန်ဆန်းမြို့မှာ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သုံးယောက်ပဲ ကျန်ပါတော့တယ်။ ဒီ သုံးယောက်ကိုလည်း ဆက်ပြီး ရှာနေတုန်းပဲလို့ ကိုကံသာက ပြောပါတယ်။

“ကျန်နေတဲ့ သုံးယောက်က တရုတ်ပြောပုံအရဆိုရင် ဝှမ်ကျားချုံ (၂၈) နှစ်၊ သူကတော့ မူဆယ်က ရပ်ကွက်တခုမှာ သွားလာနေတယ်ဆိုပြီးတော့ တရုတ်က ရေးထားတယ်။ ရှီဝင်းကျန် (၂၁) နှစ်က သူကတော့ မူဆယ်ကားလမ်းအသစ်မှာ သွားလာနေတယ်ဆိုပြီးတော့ ရေးထားတယ်။ လီချွင်းပေါင် (၅၂) နှစ် ကျတော့ မူဆယ်ဧည့်ကြိုကုမ္ပဏီမှာ ရှိနိုင်တယ်ဆိုပြီးတော့ တရုတ်ဘက်က ရေးထားတာရှိတယ်။ မြန်မာဘက်ကလည်း တရုတ်ဘက်ကပြောထားတဲ့ နေရာတွေမှာ လိုက်ပြီး ရှာနေတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ သူတို့က နယ်စပ်ဝင်ပေါက်တွေကို စာရင်းကြည့်တဲ့အခါမှာ သူတို့တွေက တရားဝင် ဝင်ထားတဲ့ စာရင်းမရှိဘူးပေါ့။ ဒါကြောင့် ဒီလူတွေက မြန်မာဘက်မှာ ရှိချင်မှရှိမယ်ဆိုပြီးတော့ ရဲတပ်ဖွဲ့ဘက်က ပြောထား တယ်။ ဒါပေမဲ့လည်း ရှာတော့ ရှာနေတယ်”

တရုတ်-မြန်မာနယ်စပ်တလျှောက်မှာ တရားဝင်ရော၊ တရားမဝင် နယ်စပ်ဂိတ်တွေပါ ရှိနေပြီး နေ့စဉ် နှစ်နိုင်ငံ ပြည်သူတွေ ဝင်ထွက်သွားလာနေကြတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့အချိန်မှာ တရားဝင်နယ်စပ်ဂိတ်တွေကို ထိန်းချုပ်ရတာ လွယ်ပေမယ့် တရားမဝင် နယ်စပ်ဂိတ်တွေကိုတော့ ထိန်းချုပ်ဖို့ ခက်တာကြောင့် ဒေသခံတွေကြားမှာတော့ စိုးရိမ်နေပါတယ်။

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်းမှာ သေဆုံးသူ ၁၁ဝဝ ကျော်ရှိပြီး၊ ကူးစက်ခံထားရသူ လေးသောင်းခွဲကျော်ရှိသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အခုထိ ကူးစက်ခံရသူ မရှိသေးဘူးလို့ အစိုးရက တရားဝင် ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

တိုင်းပြည်လုံခြုံရေးအတွက် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေဘယ်လောက် စွမ်းစွမ်းတမန်ဆောင်ရွက်နိုင်သလဲဆိုတာ ဒီအဖြစ်ကပြနေပါတယ်။ တိုင်းပြည်မှာဂျိုကျိုးနွားရွက်ပဲ့တွေပဲရှိတော့သလား စဉ်းစားစရာဖြစ်နေပါပြီ။

Feb 12, 2020 10:14 AM

ဆိုက်တခုလုံးသို့