မြန်မာစစ်တပ်ကို လိုအပ်သလို အရေးယူဖို့ ယန်ဟီးလီ ပြော

2018-03-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု အဆင့်အထိ ရောက်ရှိခဲ့ တာတွေ တွေ့မြင်ကြားသိရတဲ့အတွက်၊ လိုအပ်သလို အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ပြောလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး မှာ ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန် ရာမှာ မြန်မာစစ်တပ်ဟာ လူမျိုးနွယ်ရှင်းလင်းတဲ့အဆင့်အထိ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂ က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ မနေ့ကတော့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က အဲဒီ အသုံးအနှုန်းဟာ ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေအတွက် မလုံလောက်ဘဲ၊ ဂျီနိုဆိုက် ခေါ် လူမျိုးတုံးသတ်ဖြတ်မှု အဆင့်အထိ အပြင်းထန်ဆုံး ခေါ်ဆိုသင့်တယ်လို့ ယုံကြည်လာမိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ်မှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာတွေ အစာရေစာ ပြတ်တောက်ပြီး၊ ထွက်ခွာသွားအောင် စစ်တပ်က ရည်ရွယ်လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။

လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ ရဲ့ ကြားဖြတ်အစီရင်ခံစာကိုလည်း တင်သွင်းခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာနဲ့ ပတ်သက်ပြီး၊ ဗြိတိန်အစိုးရ အာရှ နဲ့ ပစိဖိတ်ဒေသဆိုင်ရာ ၀န်ကြီး Mark Field က ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ ဒီအစီရင်ခံစာဟာ မြန်မာနိုင် ငံက လူ့အခွင့်အရေး ကျူးလွန်ဖေါက်ဖျက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်မှာ အဓိက တာဝန်ရှိတယ်ဆိုတာ ထပ်မံ အတည်ပြုလိုက်တာဖြစ်ကြောင်း၊ တွေ့ရှိချက်တွေအရ ဒီဖြစ်ရပ်တွေအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်း မှုတွေ ဆောင်ရွက်ဖို့ အရေးကြီးကြောင်း၊ မြန်မာအာဏာပိုင်တွေအနေနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ ကို အမြန်ဆုံးခွင့်ပြုသင့်ပြီး၊ အတူ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဖေါ်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့