ရေဦးမြို့နယ် မုတ်စီရွာက နေအိမ် ၁၇၀ နီးပါး မီးလောင်

RFA Burmese
2022.12.14
ရေဦးမြို့နယ် မုတ်စီရွာက နေအိမ် ၁၇၀ နီးပါး မီးလောင် မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီရွာမှ နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
𝐓𝐢𝐠𝐞𝐫 𝐘𝐞𝐔 𝐋𝐨𝐜𝐚𝐥 - 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၁၇၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပြင် အရပ်သား တစ်ထောင်နီးပါး ထွက်ပြေးနေရတဲ့အပြင် အသက် ၂၅ အရွယ် အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မီးလောင် အိမ်ခြေက ၁၇၀ တဲ့။ ကျွဲ လေးကောင်လည်း ပါသွားတယ်။ အသက် ၂၅ ဝန်းကျင်ရှိတဲ့ မသန်စွမ်းကလေးကို ပစ်သတ်ပြီး မီးရှို့သွားတယ်"

အိမ်ခြေ ၃၇၀ နီးပါးရှိတဲ့ မုတ်စီရွာဟာ ရေဦးမြို့နဲ့ ဒီပဲယင်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ ရှိပါတယ်။

မုတ်စီရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ကို ရေဦးကျား (𝐓𝐢𝐠𝐞𝐫 𝐘𝐞𝐔) အဖွဲ့က အလစ်ငိုက် ဝင်တိုက်တဲ့အတွက် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးတယ်လို့ ဒီဇင်ဘာလ ၁၂ ရက်မှာ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသလို စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကလည်း RFA ကို ဒီကနေ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းပြီး ၂၂ လ အတွင်းမှာ စစ်ကောင်စီတပ်က မီးရှို့လို့ စစ်ကိုင်းတိုင်းက နေအိမ် ၂၇,၄၉၆ လုံး မီးလောင်းဆုံးရှုံးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။