ယုဇနဆီအုန်း စက်ရုံကို ရွှေ့ပြောင်း မှာ မဟုတ်


2017.05.15
ygn-parliament-620.jpg ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးကို မေလ ၁၅ ရက်နေ့က ကျင်းပနေစဉ်
Photo: Kaung Htet Kyaw/ RFA

ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ လူနေအိမ်တွေနဲ့ ကိုက် ၂၀၀ သာ ကွာဝေးပြီး မြစ်ထွက်ပေါက် ၆ ခုကို ပိတ်ဆို့တည်ဆောက်ထားတဲ့ ယုဇနဆီအုန်းစက်ရုံကို စက်မှုဇုန်အတွင်း ပြောင်းရွှေ့ပေးဖို့ အစီအစဉ်ရှိ မရှိနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်း က ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်အစည်း အဝေးမှာ မေးမြန်းခဲ့ပါတယ်။

ဒီစက်ရုံလည်ပတ်ဖို့အတွက် လောင်စာအဖြစ် ကျောက်မီးသွေးနဲ့ စပါးခွံသုံးစွဲထားတာကြောင့် မီးခိုးနဲ့ ပြာမှုန်တွေ ထွက်ရှိပြီး မီးပွားတွေလည်း ပတ်ဝန်းကျင်ကို ကျရောက်တယ်လို့  လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ် ဝင်းက ပြောပါတယ်။

"ဒီစက်ရုံလည်ပတ်ရန် ကျောက်မီးသွေးနဲ့ စပါးခွံများကို သုံးစွဲထားတာကြောင့် ဆိုးရွားတဲ့အနံ့ဆိုးများနဲ့ ပြာမှုန်များထွက်ရှိခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်တဲ့ မီးခိုးများထွက်ရှိခြင်း မီးပွားများ  ပတ်ဝန်းကျင်ကို ကျရောက်ခြင်းတို့ဖြစ်ပါတယ်"

မေးခွန်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဟံထွန်းက ပြန်လည် ဖြေကြားရာမှာ စက်ရုံကို စက်မှုဇုန်အတွင်း ရွှေ့ပြောင်းဖို့ မရှိကြောင်း ပြန်လည်ဖြေ ကြားခဲ့ပါတယ်။

ဒါ့အပြင် စက်ရုံကထွက်တဲ့ မီးခိုးငွေ့တွေအတွက် အမြင့်ပေ ၁၂၀ရှိတဲ့ မီးခိုးခေါင်းတိုင်ထားပြီး လေထုအတွင်း အမှုန့်များမပါရှိစေရေးအတွက် ခေါင်းတိုင် အတွင်း ရေဖြန်းစနစ်ဆောင်ရွက်ကြောင်း ရေဖြန်းစနစ်မှထွက်ရှိတဲ့ ပြာ မှုန့်တွေကိုလည်း အနည်စစ်ခံမထားရှိဘဲ ပဲခူးမြစ်အတွင်းကို တိုက်ရိုက်စွန့်ပစ်ထားတာ ကိုတွေ့ရတယ်လို့လည်း ဝန်ကြီး ဦးဟံထွန်း ကပြောပါတယ်။

ဒီယုဇနဆီအုန်းစက်ရုံကြီး လည်ပတ်ဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ငန်းလိုင်စင်ကို ၂၀၀၅ -၂၀၀၆မှာစပြီးတော့ ယူခဲ့တာဖြစ်ပြီး ဝန်ထမ်းအင်အား ၈၇ ဦး နဲ့ ၂၄ နာရီလုံး လည်ပတ်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။