ဦးကျော်နေဝင်းတို့ကို တရားစွဲဆိုထားတာကို တရားလိုဘက်က ရုပ်သိမ်းကြောင်း စာတင်


2018.06.16
ybs-driver-aungmyat-622.jpg အလုပ်ရှင်က ဖိနပ်အချွန်နဲ့ ကန်လိုက်တဲ့အတွက် YBS ၂၀ ယာဉ်မောင်း ဦးအောင်မြတ်ရဲ့ ရင်ဘတ်နေရာမှာ ဒဏ်ရာရနေတာကို တွေ့ရစဉ်
Photo: BO Hla Gyi - facebook

ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်းတို့ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ တရားစွဲဆိုထားတဲ့အမှုကို ပြန်လည်ရုပ် သိမ်းကြောင်း တရားလိုဘက်က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် တရားရုံးမှာ မနေ့က စာတင်လိုက်ပါတယ်။

ကိုယ်ထိလက်ရောက်ကျုးလွန်ခံရတဲ့ ယာဉ်မောင်းတွေအတွက် နစ်နာကြေးပေးမယ်လို့ ညှိနှိုင်းတာကို ယာဉ်မောင်းတွေဘက်က ကျေအေးပေးလိုက်တာလို့ ယာဉ်မောင်းတွေဘက်က ကူညီပေးနေတဲ့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမောင်မောင်ဟန်က ပြောပါတယ်။

"ယာဉ်မောင်းနဲ့ သူတို့ရဲ့ ညှိနှိုင်းချက်တွေကို ကျနော် ညှိနှိုင်းပေးတယ်လေ။ ညှိနှိုင်းပေးတော့ ယာဉ်မောင်းတွေ ကလည်းပဲ သဘောတူတယ်ဆိုတဲ့အတွက်၊ အဓိကကတော့ သူတို့မှာ စားဝတ်နေရေးပေါ့နော်။ နောက် သူတို့ ၂ ယောက်ရင်းလိုက်တာနဲ့ ယာဉ်မောင်း ၅ဝဝ ကျော်ရဲ့ အခွင့်အရေးတွေ ပြန်ရတယ်ဆိုတော့၊ သူတို့ ၂ ယောက်ရ င်းလိုက်တဲ့အတွက် အလုပ်သမားတွေရဲ့ အခွင့်အရေးရတယ်ဆိုတော့ သူတို့ဘက်ကလည်း ကျေအေးပေး တာခင်ဗျ"

ယာဉ်မောင်းတွေဘက်က ကူညီပေးနေတဲ့ အလုပ်သမားအဖွဲ့တွေနဲ့ အလုပ်ရှင် ဦးကျော်နေဝင်းတို့ ဇွန်လ ၅ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတေ့ွဆုံရာမှာ ယာဉ်မောင်းတွေကို အလုပ်ရှင်ဘက်က တရားစွဲထားတဲ့ ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၂၇၉ နဲ့ တရားစွဲထားတာကို ပြန်ရုပ်သိမ်းမယ့်အကြောင်း၊ အလုပ်ထုတ်လိုက်တဲ့ ယာဉ်မောင်း ၂ ယောက်အတွက် နစ်နာကြေး ပေးမယ့်အကြောင်း ညှိနှိုင်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ သဘောတူညီချက်အရ ယာဉ်မောင်း ဦးအောင်မြတ်အတွက် ငွေကျပ် ၅ သိန်း ၉ သောင်း၊ ယာဉ်မောင်း ဦးကျော်မင်းထွန်းအတွက် ငွေကျပ် ၇ သိန်း ၄ သောင်း ပေးမှာဖြစ်ပါတယ်။

ယာဉ်မောင်းတွေဘက်က စွဲဆိုထားတဲ့ ကိုယ်ထိလက်ရောက်ကျုးလွန်မှုကို မနေ့က လှိုင်သာယာတရားရုံးမှာ စစ်ဆေးဖို့ရှိပေမယ့် တရားစွဲခံရတဲ့ ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်းတို့က တရားရုံးကို မတက်ရောက်ခဲ့ကြဘူးလို့ သိရပါတယ်။ နောက်လာမယ့် ဇွန်လ ၂၅ ရက်နေ့ကိုရုံးချိန်း ထပ်မံချိန်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာ YBS 20 လိုင်း ယာဉ်နှစ်စီး ယာဉ်မတော်တဆ ထိခိုက်တာကြောင့် ကားပျက်စီးတယ်ဆိုပြီး YBS 20 လိုင်းရဲ့ ယာဉ်မောင်း ဦးအောင်မြတ်ကို ယာဉ်လိုင်းပိုင်ရှင် ဦးကျော်နေဝင်း နဲ့ ဦးဇွဲနေဝင်းတို့က ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုပြီး လှိုင်သာယာမြို့နယ်တရားရုံးကို ယာဉ်မောင်း ဦးအောင်မြတ်က ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ ယာဉ်ပိုင်ရှင်တွေဘက်ကလည်း ယာဉ်မတော်တဆဖြစ်ခဲ့တဲ့ ယာဉ်မောင်း ဦးကျော်မင်းထွန်းနဲ့ ဦးအောင်မြတ်ကို ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ ယာဉ်မှုစစ်ရုံးမှာ တရားစွဲပြီး အလုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။