သြင်္ကန်တွင်းကားခ ပိုကောက်တဲ့ YBS ယာဉ်တွေကို တိုင်ကြား


2017.04.20
ybs-620.jpg ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေဆွဲနေတဲ့ YBS ယာဉ်တစ်စီးကို တွေ့ရစဉ်
Photo: RFA

သြင်္ကန်တွင်းမှာ YBS ဘတ်စ်ကားတွေနဲ့ပတ်သက်ပြီး တိုင်ကြားတဲ့အမှု ၃၈ မှုရှိပြီး အများစုက ယာဉ်စီးခ ပိုတောင်းတဲ့ ကိစ္စတွေ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။

အဲဒီ ၃၈ မှုထဲမှာ သန်လျင်ဘက်ကို သွားတဲ့လိုင်းတွေက ၁၅၀၀ အထိ တောင်းတာတွေရှိတယ်လို့ တိုင်ကြားထားပြီး ယာဉ်လိုင်းတွေအလိုက် အရေးယူဖို့ ပြောထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောပါတယ်။

"၃၈ မှုပဲရှိပါတယ်၊ အများစုပေါ့နော် ငွေပိုကောက်တာကို တိုင်တာများပါတယ်၊ ဆရာတို့ပြောထားပြီးသားပဲ ယာဉ်စီးခပိုတောင်းရင် အရေးယူမယ်ဆိုတာလေ၊ ယာဉ်စီးခကတော့ သတ်မှတ်ထားတာထက်ကို ပိုတောင်း တာပေါ့၊ တချို့လည်း ၄၀၀ တို့ ၅၀၀ တို့ တောင်းတာပေါ့၊ အဲဒီမှာ တညင်ဘက်ကိုသွားတဲ့ မင်္ဂလာဈေးဘက် ကတော့ ၁၅၀၀ အထိတောင် တောင်းတယ်လို့ပြောတယ်၊ ၃၈ မှုမှာ လိုင်းတွေအလိုက်ပဲ ဆရာတို့က အရေးယူဖို့ ပြောထားပြီးပြီပေါ့နော်။"

သြင်္ကန်တွင်း ၄ ရက်မှာသာ ယာဉ်လိုင်းအားလုံးကို ပုံမှန်ထွက်နေကျရဲ့ ၂၀ % ထွက်ကြဖို့နဲ့ ယာဉ်စီးခတွေ ပိုမကောက်ကြဖို့ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ညွှန်ကြားထားတာ ဖြစ်ပါတယ်။

တိုင်ကြားမှုတွေကို သက်ဆိုင်ရာကုမ္ပဏီတွေအလိုက် အရေးယူဖို့ညွှန်ကြားထားပြီးဆိုတာကို အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ထံ ပြန်လည်တင်ပြဖို့ ညွှန်ကြားထားကြောင်း ပြောပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အနေနဲ့ ယာဉ်လိုင်း ဒရိုင်ဘာနဲ့ ယာဉ်နောက်လိုက်တွေက ခရီး သွားပြည်သူတွေနဲ့ ခိုက်ရန်ဖြစ်ပွားတာလိုမျိုး ပြစ်မှုကြီးတွေကိုသာ တိုက်ရိုက်အရေးယူမှုတွေ လုပ်ဆောင်တယ်လို့ ပြောပါတယ်။

တချို့ရုံးတွေက သြင်္ကန်ကာလပိတ်ရက်အဖြစ် ပိတ်ထားသေးတာကြောင့် ဒီနေ့နှစ်ဆန်း ၄ ရက်နေ့အထိ ယာဉ် လိုင်းတွေက ပုံမှန်အတိုင်းမထွက်ကြသေးဘဲ လာမယ့်ရက်သတ္တပတ်လောက်မှ ယာဉ်လိုင်းတွေ ပုံမှန်အစီးရေ အတိုင်းပြန်ထွက်မယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။