မြို့တော်ဝန်ကို ပြည်သူက ရွေးချယ်ခွင့်ပေးဖို့ အရပ်ဖက်အဖွဲ့တွေ တောင်းဆို

2018-02-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ အလွှာစုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Orchid Hotel မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ အလွှာစုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Orchid Hotel မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ရန်ကုန်မြို့တော်ဝန်ကို ပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့် ပေးရမယ်ဆိုတဲ့ ပြင်ဆင်ချက် အပါအ၀င် တခြားပြင်ဆင် ချက် ၁၆ ချက် ပါဝင်တဲ့ စည်ပင်သာယာရေးဥပဒေကြမ်းကို အရပ်ဖက်အဖွဲ့အစည်းတွေက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထံ ပေးပို့သွားမယ်လို့ ဒီကနေ့ ကျင်းပတဲ့ အလွှာစုံဆွေးနွေးပွဲမှာ ပြောပါတယ်။

ရန်ကုန်မြို့တော်ဝန်ကို ပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့်ပေးဖို့ လက်ခံကြတဲ့အတွက် ပြင်ဆင်ချက်ထဲမှာ အဲဒီအချက်ကိုလည်း ထည့်သွင်းထားတာဖြစ်တယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီက မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေ ကြမ်းမှာ မြို့တော်ဝန်ကို ခန့်အပ်မှုနဲ့သာ သွားမှာဖြစ်ပြီး အရပ်ဖက်အဖွဲ့တွေက ပြည်သူက တိုက်ရိုက်ရွေးချယ် တင်မြှောက်တာကို လိုချင်နေတာဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်ဟောင်းတွေ၊ နိုင်ငံတကာပညာရှင်တွေ ပါဝင်တဲ့ အလွှာစုံဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရန်ကုန်မြို့ Summit Parkview Hotel မှာပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်ပါတယ်။

ဒီအဖွဲ့စုံဆွေးနွေးပွဲရဲ့ ထုတ်ပြန်ချက်မှာ  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းမှာ ပါဝင်ထိုက်တဲ့ ကော်မတီဖွဲ့စည်းပုံမှာ ဒုမြို့တော်ဝန် ထည့်သွင်းဖွဲ့စည်းပေးဖို့နဲ့ လုပ်ပိုင်ခွင့်နဲ့တာဝန်ကို တိတိကျကျ သတ်မှတ်ပြ ဌာန်းပေးဖို့၊ အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးခွင့်ရှိဖို့နဲ့ ၁၈ နှစ်ပြည့်သူတိုင်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိဖို့ စတဲ့ အချက် ၁၆ ချက်ပါရှိပါတယ်။

ရန်ကုန် စည်ပင်သာယာရေး ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကမှ ထွက်ရှိတာဖြစ်ပြီး အစိုးရသစ်သက်တမ်း ၂ နှစ်အတွင်း စည်ပင်သာယာ ရွေးကောက်ပွဲကို အခြားတိုင်းနဲ့ ပြည်နယ်တချို့မှာ ပြုလုပ်နိုင်ပေမယ့် ရန်ကုန်တိုင်း မှာတော့ မပြုလုပ်နိုင်သေးပါဘူး။

ဒီပြင်ဆင်ချက်တွေကို ဒီလ ၂၆ ရက်နေ့မှာ တိုင်းဒေသကြီး လွှတ်တော်ကို ပေးပို့သွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့