မွန်ပြည်နယ်ဝန်ကြီးချုပ် နဲ့ ရေးမြို့ခံတွေ တွေ့ဆုံ


2016.07.21
ye-city-620.jpg ရေးမြို့ကနေ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: KPhyo Ye‎ Facebook

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တွေက ခရီးသည်တွေနဲ့ ဒေသခံတွေဆီက ဓါးပြတိုက်နေတာတွေကို ပပျောက်အောင်ဆောင်ရွက်ပေးဖို့နဲ့ ရေးမြို့နယ်အတွင်း လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ပေးဖို့ ဒေသတွင်း အရပ်ဘက်အဖွဲ့တွေက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကို တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ရေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက အရပ်ဘက်အဖွဲ့တွေ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူတွေ့ဆုံရာမှာ အခုလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့ ရေးမြို့လူမှုအကျိုးဆောင်အဖွဲ့က ဦးအောင်နိုင်ဝင်း က ပြောပါတယ်။

"သူ့အနေနဲ့ ကျနော်တို့ တင်ပြတဲ့အပေါ်မှာ စိတ်ပါဝင်စား ပြန်လည်မေးမြန်းပြောဆိုပြီးတော့ ဖြေရှင်းညှိနှိုင်း တာလေးတွေရှိတယ်၊ နောက်ကျနော်တို့က တင်ပြချက်တွေအကုန်လုံးကို စာရိုက်ပြီးတော့မှ အချက်အလက် အတိအကျနဲ့ သူ့ကိုစာလှမ်းပေးထားပါတယ်၊ အဲ့စာကို သူ့အနေနဲ့ နောက်နောင်ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျနော်တို့က မျှော်လင့်တာပေါ့၊ စာနဲ့လည်းတင်ပြတယ် နှုတ်နဲ့လည်း အဲ့မှာထတင်ပြတာပေါ့၊ ဒေသအတွင်းမှာ ရှိတဲ့  ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီးတော့မှ ပြည်သူတွေရဲ့ အခက်အခဲ အတွေ့အကြုံတွေကို စုစည်းတင်ပြတဲ့ သဘောဖြစ်တဲ့အတွက် သူ့အနေနဲ့ အလေးနက်ထားပြီး ဖြေရှင်းဆောင်ရွက်ပေးမယ် လို့ မျှော်လင့်ပါတယ်"

ရေးမြို့နယ်အတွင်းမှာ အစိုးရကဖြန့်ဝေတဲ့ လျှပ်စစ်မီးမရရှိတာကြောင့် ကိုယ်ထူကိုယ်ထစနစ်နဲ့ လျှပ်စစ်မီး သုံးစွဲနေရပြီး တစ်ယူနစ်ကို ၇၀၀ ကျပ် ပေးဆောင်နေရတယ်လို့ ပြောပါတယ်။

အလားတူ စာသင်ကျောင်းတွေမှာလည်း ဆရာ၊ ဆရာမဦးရေ လုံလောက်အောင် ချထားပေးဖို့နဲ့ သွားလာရခက်ခဲ တဲ့ဒေသတွေက စာသင်ကျောင်းတွေကို အစိုးရအဖွဲ့တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးဖို့လည်း တောင်းဆိုခဲ့ကြ ပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို ရေးမြို့နယ် အရပ်ဘက်အဖွဲ့အသီးသီးက ကိုယ်စားလှယ် ၂၅ ဦး အပါအဝင် အစိုးရဌာနဆိုင်ရာက တာဝန်ရှိသူတွေ စုစုပေါင်း ၂၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။