ဖဲကြိုးဝါလှုပ်ရှားမှု ရှေ့နေတွေ ဆက်လက်ဆင်နွှဲ
2015.09.10

နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်မှာ တပ်မတော်အငြိမ်းစားအရာရှိ ၂ဝ နီးပါးကို ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရာထူးတွေ ခန့်အပ်လိုက်တာကို မကျေနပ်တာကြောင့် ပျဉ်းမနားမြို့နယ်တရားရုံးမှာ ရှေ့နေ ၂၀လောက်က ဖဲကြိုးအဝါတွေ တပ်ဆင်ပြီး ဒီနေ့ ကန့်ကွက်ခဲ့ကြပါတယ်။
တရားရေးဝန်ထမ်းတယောက်ဟာ ဒုတိယညွန်ကြားရေးမှူးချုပ် ရာထူးရဖို့အတွက် နှစ်ပေါင်း ၃၀လောက်အထိ ကြိုးစားရပေမယ့် တပ်မတော်က အခုလိုတိုက်ရိုက်တာဝန်တွေ ရယူလိုက်တာ မဖြစ်သင့်တဲ့အတွက် ကန့်ကွက် ရတာဖြစ်ကြောင်း ဖဲကြိုးအဝါလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ ပျဉ်းမနားမြို့နယ်ရှေ့နေအသင်း ဥက္ကဌ ဦးခင်မောင်ဇော် က ပြောပါတယ်။
"တရားရေးဝန်ထမ်းတစ်ယောက်က စပြီးဝင်ရင် တရားရေးဝန်ထမ်း အဆင့် ၄ နဲ့ဝင်တယ်၊ သူက သက်တမ်း အကုန်လုံး ပင်စင်ယူတဲ့အထိ ညွှန်ချုပ်တို့ ဒုညွှန်ချုပ်တို့ဖြစ်ဖို့ တော်တော်ခဲယဉ်းပါတယ်၊ နှစ်ပေါင်း ၃ဝ လောက် ကြိုးစားရတယ်၊ ၅ နှစ်လောက်နဲ့ သူက အဲ့နေရာကို ရောက်သွားတယ်ဆိုတာကို ကျနော်တို့ကပြောတာ၊ အဲ့လိုတပ် ကလူတွေဝင်လာပြီးတော့ စီမံခန့်ခွဲမှုတွေလုပ်မယ်၊ တရားစီရင်ရေးတစ်ခုလုံးလည်းပဲ တပ်ပုံစံတွေဝင်သွားမယ်၊ အဲ့ဒါဆိုရင် ကျနော်တို့ရှေ့နေတွေရော တရားစီရင်ရေးကိုခံယူနေကြတဲ့ ပြည်သူလူထုရော တရားရုံးနဲ့ ပတ်သက်နေတဲ့အကုန်ပေ့ါဗျာ ရဲတွေရော ဥပဒေအရာရှိတွေရော လုပ်ရကိုင်ရတာခက်သွားပြီး၊ တရားစီရင်ရေးက မမျှတဘူး"
အဲဒီလှုပ်ရှားမှုကို မနေ့က ဒက္ခိဏသီရိခရိုင်တရားရုံးမှာ စတင်ခဲ့တာဖြစ်ပြီး ဇမ္ဗူသီရိ၊ ဥတ္တရသီရိနဲ့ ပုဗ္ဗသီရိမြို့နယ်တို့က တရားရုံးတွေမှာ မနက်ဖြန် ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။ ဖဲကြိုးအဝါလှုပ်ရှားမှုမှာ မန္တလေးနဲ့ ပြည်တို့ က ရှေ့နေတွေလည်း ပါဝင်ကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်သွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်တပ်က အရာရှိတွေကို အငြိမ်းစားပေးပြီး ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်မှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရာထူး တာဝန်ပေးခန့်အပ်ခဲ့တာဖြစ်ပါတယ်။
အခုလို တရားစီရင်ရေးနဲ့ ကျန်းမာရေးဌာနတွေအပါအဝင် အစိုးရဝန်ကြီးဌာနအသီးသီးမှာ တပ်မတော်ကအရာ ရှိကြီးတွေကို ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး တပ်မတော်က မြန်မာ့နိင်ငံရေးမှာသာမက အရပ်ဘက် အဖွဲ့အစည်းတွေကိုပါ လွှမ်းမိုးချုပ်ကိုင်လာနေပြီလားဆိုတဲ့ သုံးသပ်ဝေဖန်မှုတွေ ထွက်ပေါ်လာနေပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။