ရွာငံမြို့နယ်မှာ မီးရှို့ထားတဲ့ ရုပ်အလောင်း သုံးလောင်းတွေ့

2022.08.18
Share on WhatsApp
Share on WhatsApp
ရွာငံမြို့နယ်မှာ မီးရှို့ထားတဲ့ ရုပ်အလောင်း သုံးလောင်းတွေ့ ရွာငံမြို့အဝင်ကို မြင်ရစဥ်
Photo: Citizen Journalist
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် တဲလုရွာနဲ့ တောင်ဦး ရွာကြားက ကျွန်းတောထဲမှာ ဩဂုတ်လ ၁၇ ရက် မနေ့က မီးရှို့ခံထားရတဲ့ အမျိုးသား ရုပ် အလောင်း သုံးလောင်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲဒီကျွန်းတောတစ်ဝိုက်မှာ ဩဂုတ်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်သားတွေ လှုပ်ရှားနေခဲ့ပြီး ရွာသားအချို့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ တဲလုရွာသားတစ်ဦးက ပြောပါတယ်။
 
“ကျွန်းတောဘက်မှာ အဲနေ့ ညပိုင်းက သေနတ်သံတွေ ကြားရတယ်။ မနက်ပိုင်းကျတော့ စစ်ကောင်စီတပ်ဖွဲ့ တွေ ပြန်ထွက်သွားတော့ မီးရှို့ထားတဲ့ ရုပ်အလောင်းတွေ ကျန်ခဲ့တာကို ရွာသားတွေက တွေ့တာ။ ဘယ်သူတွေလဲဆိုတာတော့ မသိရဘူး။ ခါးအောက်ပိုင်းပဲ ကျန်နေတာ”
 
အဲဒီရုပ်အလောင်းတွေကို အနီးအနားမှာရှိတဲ့ ကျေးရွာသားတွေကပဲ သင်္ဂြိုဟ်ပေးလိုက်တယ်လို့ သူက ဆိုပါတယ်။
 
ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းအထိ စစ်ကောင်စီတပ်သားတွေဟာ တဲလုရွာအပြင်ဘက် လယ်ကွင်းတွေနဲ့ လမ်းဘေးတွေမှာ ကင်းပုန်းဝပ်နေကြတာကို တွေ့ရပြီး သူတို့တွေဟာ ဘယ်တပ်ရင်း တပ်ဖွဲ့က ဖြစ်တယ်ဆို တာကိုတော့ တိတိကျကျ သိရှိတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
အခုလ ၁၅ ရက်နေ့က တဲလုရွာအကျော်မှာရှိတဲ့ တဲကုန်းရွာသားသုံးဦး အရက်ဆိုင်သွားရင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ သတင်းတွေထွက်နေပေမယ့် သေဆုံးသူတွေဟာ တဲကုန်းရွာသားတွေ ဟုတ်၊ မဟုတ်ကိုတော့ သီးခြားအတည်ပြုလို့ မရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
 
သေဆုံးနေသူတွေဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို သိရှိနိုင်ဖို့ ရွာသားတွေက စုံစမ်းနေတုန်းပဲလို့ ဆိုပါတယ်။
ရွာငံမြို့နယ် တောင်ဦးရွာမှာလည်း ပြီးခဲ့တဲ့ ဧပြီလအတွင်းက အသက်သုံးဆယ်အရွယ် ကိုကင်းမွှေးနဲ့ အသက် ၁၉ နှစ်အရွယ် ကိုစောထူးတို့ ညီအစ်ကိုနှစ်ယောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့အထိ အဆက်အသွယ်မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ရွာငံမြို့နယ် မြားကလေးရွာက ကျောင်းဆရာမနဲ့ သူ့ခင်ပွန်းဖြစ်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
 
ဩဂုတ်လဆန်းပိုင်းကစလို့ ရွာငံမြို့နယ်နဲ့ သာစည်မြို့နယ်အစပ်မှာရှိတဲ့ ရွာတွေနဲ့ တောတောင်တွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“ကျောက်ပခြုပ်ရွာဘက်မှာ စစ်ကြောင်းထိုးတာဆို ရက်ပေါင်းနှစ်ဆယ်လောက်ရှိနေပြီ၊ မင်္သကာတဲ့လူတွေ ဖမ်းသွားတာ ဆယ်ယောက်လောက်ရှိတယ်။ အိမ်တွေလည်း မီးရှို့သွားတယ်။ သူတို့ သာစည်နယ်စပ်ဘက်ကနေ ရွာငံမြို့ နယ်ဘက်ကို တဖြည်းဖြည်း လာနေတာ”
 
တိုက်ပွဲတွေ မကြာခဏဖြစ်တဲ့ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ် ကင်းပုန်းတွေ ချထားပြီး လုံခြုံရေးတင်းတင်းကျပ်ကျပ် စစ်ဆေးနေ တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။