မြောက်ပိုင်းသုံးဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ် ငြိမ်းချမ်းရေးထိခိုက်ကြောင်း ဦးဇော်ဌေးပြော
2019.08.16
နိုင်ငံတော် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ၂ဝ၁၉ သြဂုတ် ၁၆ ရက်နေ့က တွေ့ရစဉ်။
သြဂုတ်လ ၁၅ ရက် မနက်ပိုင်းက ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅ ခု တိုက်ခိုက်ခံ ရမှုအတွင်း အရပ်သား၊ ရဲနဲ့ တပ်မတော်ဘက်က ၁၅ ဦး ကျဆုံးပြီး နောက်ထပ် ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဒီကနေ့ တရားဝင် ပြောကြားလိုက်ပါတယ်။
နေပြည်တော် သမ္မတအိမ်တော်မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောကြားလိုက်တာပါ။
ဒီတိုက်ခိုက်မှုကြောင့် သိန်းပေါင်း ၂၈၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့လည်း ဦးဇော်ဌေး က ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး၊ မြောက်ပိုင်း ၄ ဖွဲ့နဲ့ နှစ်ဘက်သဘောတူ အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးဖို့ နေရာညှိုနှိုင်းနေချိန်မှာ အခုလို အကြမ်းဖက် တိုက်ခိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာထိခိုက်စေတယ်လို့လည်း ဦးဇော်ဌေးက မှတ်ချက်ပေးပါတယ်။
အခုလို အကြမ်းဖက်တိုက်ခိုက်တယ်လို့ ဦးဇော်ဌေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်အပေါ် မြောက်ပိုင်းအဖွဲ့ဝင်ထဲက TNLA ပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော်နဲ့ AA ပြောခွင့်ရသူ ခိုင်သုခ တို့ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒါပေမဲ့ နိုင်ငံတော်အစိုးရအနေနဲ့ မြောက်ပိုင်း ၄ ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးနိုင်ဖို့ ငြိမ်းချမ်းရေးတံခါး ဆက်ဖွင့်ထားတယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေကနေ နိုင်ငံရေးအဖြေကို မရနိုင်တာကြောင့် ငြိမ်းချမ်းရေးအကျိုးဆောင်တွေကတဆင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်အောင် ကြိုးစားနေတယ်လို့လည်း ဦးဇော်ဌေးက ဖြည့်စွက်ရှင်းပြသွားပါတယ်။
အဲဒီနောက်ဆက်ပြီး ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေကို ပြန်လက်ခံရေးနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာဘက်ကို ပေးထားတဲ့စာရင်းကိုကြည့်ပြီး မြန်မာဘက်မှာ နေထိုင်ခဲ့ဖူးသူတွေ ဟုတ်မဟုတ် အသေချာစိစစ်ပြီး ပြန်လက်ခံသွားမယ်လို့လည်း ဦးဇော်ဌေးက ဆက်လက်ရှင်းပြသွားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ နေရပ်စွန့်ခွာသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို တိုင်းရင်းသားတွေအဖြစ် MRTV အပါအဝင် အစိုးရသတင်းစာတွေမှာ သုံးနှုန်းခဲ့တဲ့ကိစ္စဟာ အစိုးရရဲ့ အာဘော်နဲ့ မူဝါဒပြောင်းလဲသွားတာ လုံးဝမဟုတ်ဘူးလို့လည်း ဦးဇော်ဌေးက နှစ်ကြိမ်တိတိ ငြင်းဆိုသွားပါတယ်။
ဒီသတင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကနဦး မှားယွင်းရေးသားခဲ့တာဖြစ်ပြီး ဒီအမှားကို ပြန်လည်ဖော်ပြ ခဲ့တဲ့အတွက် ဆောက်လုပ်ရေးနဲ့ ပြန်ကြားရေးက တာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးပြီး အရေးယူသွားမယ်လို့လည်း နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းပွဲမှာ ရှင်းလင်းပြောကြားသွားပါတယ်။









