သုံးစွဲသူ လုံးဝမရှိစေရေး လှုပ်ရှားမှု စတင်ပြီလို့ Foodpanda ပို့ဆောင်ရေး ဝန်ထမ်းတွေပြော

2022.06.14
သုံးစွဲသူ လုံးဝမရှိစေရေး လှုပ်ရှားမှု စတင်ပြီလို့ Foodpanda ပို့ဆောင်ရေး ဝန်ထမ်းတွေပြော Foodpanda Rider များ ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့ အလုပ်မဆင်းသပိတ် ပြုလုပ်ခဲ့ကြစဉ်
Photo: CJ

Foodpanda အစားအသောက်ပို့ဆောင်ရေး ဝန်ထမ်းတွေရဲ့ တောင်းဆိုချက်ကို ကုမ္ပဏီ ဘက်က ညှိနှိုင်းတာ မရှိတာကြောင့် သုံးစွဲလူ လုံးဝမရှိစေရေး လှုပ်ရှားမှုကို မနေ့က စတင်လိုက်တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်နေသူတွေက ဇွန်လ ၁၄ ဒီနေ့ အွန်လိုင်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

အစားအသောက် ပို့ဆောင်ရေးဝန်ထမ်း (Rider) တွေဟာ ဇွန် ၆ ရက်နေ့က Foodpanda Myanmar ကုမ္ပဏီကို အခြေခံ အော်ဒါကြေး ၆၇၀ ကျပ် ရဖို့ အပါအဝင် အချက် ရှစ်ချက်ကို တောင်းဆိုပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြတာပါ။

အလုပ်မဆင်းသပိတ် တစ်ပတ်ကျော်လာတဲ့အထိ ကုမ္ပဏီဘက်က လာရောက်ညှိနှိုင်းတာ မရှိတဲ့အတွက် Foodpanda ကို လုံးဝမသုံးစွဲကြဖို့ 'Zero Customer Campaign' ကို စတင်လိုက်တာလို့ သပိတ်ခေါင်းဆောင် တစ်ယောက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျနော်တို့ တောင်းဆိုနေတာတွေကို ဂရုမစိုက်ဘူး၊ လုံးဝမမှုဘူး။ ကျနော်တို့နဲ့အတူ ရပ်တည်နေတဲ့ Customer တွေကိုလည်း Foodpanda ရုံးက ဂရုမစိုက်ဘူး။ ဘယ်လောက်ပဲ ဆောင်ရွက်ဆောင်ရွက် သူတို့အတွက် အရေးမပါဘူးဆိုတဲ့ ပုံစံမျိုး လုပ်ထားပါတယ်။ ကျနော်တို့နဲ့အတူ ရပ်တည်ပေးနေတဲ့ Customer တွေကို Foodpanda အက်ပလီကေးရှင်းကို ဖုန်းထဲမှာ ဖျက်ပေးပါ။ ကျနော်တို့နဲ့ အတူတကွ ရပ်တည်ပေးပါလို့ ဒီနေရာကနေ ပြောချင်ပါတယ်"

တောင်းဆိုတဲ့ အခြေခံအော်ဒါကြေး ၆၇၀ ကျပ်ဟာ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် အမေရိကန် တစ်ဒေါ်လာ မပြည့်တဲ့ ပမာဏတစ်ခုဖြစ်ပြီး ဒီတောင်းဆိုမှုဟာ မများပြားတဲ့ တောင်းဆိုမှု ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိ Foodpanda အက်ပလီကေးရှင်းက လမ်းညွှန်မြေပုံစနစ်ဟာ အကွာအဝေးနဲ့ ခရီးလမ်းကို တိတိကျကျ မဖော်ပြနိုင်တဲ့အတွက် Google Map ကို အသုံးပြုပေးဖို့၊ Rider တွေရဲ့ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုအတွက် ကုမ္ပဏီက ဖြေရှင်းပေးဖို့၊ တစ်ပတ်ကို တစ်ရက် ပိတ်ရက်ပေးဖို့ စတဲ့အချက်တွေကိုလည်း တောင်းဆိုထားကြတာပါ။

တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ အခြေခံ အော်ဒါကြေး ၅၈၀ ကျပ် သတ်မှတ်ပေးထားသလို အာမခံကုမ္ပဏီတစ်ခုနဲ့ မိတ်ဆက်ပေးထားတာ၊ Google Map မြေပုံလမ်းညွှန်စနစ်အသုံးပြုဖို့ အချိန်တစ်ခု စောင့်ဆိုင်းပေးဖို့ စတာတွေကို Foodpanda Myanmar က RFA ကို ပြောပါတယ်။

"အခုအချိန်အထိ ကျနော်တို့ရဲ့ Rider အများစုက သူတို့ရဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။ အော်ဒါပို့ဆောင်ရာမှာ ကြန့်ကြာမှုအနည်းငယ် ရှိပေမယ့်လည်း Foodpanda ရဲ့ ဝန်ဆောင်မှုက ပုံမှန်အတိုင်း လည်ပတ်နေပါတယ်"

Foodpanda Myanmar ကတော့ လက်ရှိတောင်းဆိုချက်တွေနဲ့ပတ်သက်လို့ အခြေခံ အော်ဒါကြေး ၅၈၀ ကျပ် သတ်မှတ်ပေးထားသလို အာမခံကုမ္ပဏီတစ်ခုနဲ့ မိတ်ဆက် ပေးထားတာ၊ Google Map မြေပုံလမ်းညွှန်စနစ် အသုံးပြုဖို့ အချိန်တစ်ခု စောင့်ဆိုင်းပေးဖို့ စတဲ့အချက်တွေပါဝင်တဲ့ ထုတ်ပြန်ချက်ကို ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Foodpanda အစားအသောက်ပို့ဆောင်ရေး ဝန်ထမ်းတွေဟာ မတ်လ ၁၆ ရက်နေ့က ကုမ္ပဏီကို စတင်တောင်းဆို ဆန္ဒပြခဲ့ပြီး လက်တွေ့အကောင်အထည်ဖော်တာ မတွေ့ရတာကြောင့် ဇွန် ၆ ရက်ကစလို့ အလုပ်မဆင်းသပိတ်၊ ဇွန် ၁၃ ရက်မှာ Zero Customer လှုပ်ရှားမှုတွေကို အဆင့်ဆင့် လုပ်ဆောင်လာကြပါတယ်။

ဒီလှုပ်ရှားမှုကို ထိုင်း၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဩစတြေးလျ၊ ဆွီဒင်၊ တူရကီ၊ ဂရိ စတဲ့ နိုင်ငံ အသီးသီးက အစားအသောက်ပို့ဆောင်မှုနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းပေါင်း ၁၅ ခုကလည်း ထောက်ခံထားတယ်လို့ သပိတ်အဖွဲ့က ဆိုပါတယ်။

Foodpanda ဟာ စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာအပါအဝင် အာရှနိုင်ငံ ၁၂ နိုင်ငံ၊ မြန်မာနိုင်ငံက မြို့ပေါင်း ၁၆ မြို့မှာ အစားအသောက်ပို့ဆောင်တဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။