Zero Line Area မှာ ရောက်နေသူတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ခွာ


2018.02.26
rohingya-no-man-land-622.jpg မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် Zero Line Area ကနေ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာအမျိုးသမီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ကတွေ့ရစဉ်
Photo: AP

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံနယ်စပ် လူမနေရ နယ်နိမိတ် Zero Line Area အတွင်းမှာ ရောက်ရှိနေကြတဲ့ ထောင်နဲ့ချီတဲ့ မွတ်စလင် လူဦးရေ ဝန်းကျင်ထဲက အတော်များများဟာ ဒီနေ့မနက်က စတင်ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ခွာသွားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ဒီနေ့ ပြောပါတယ်။

အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ထွက်သွားတဲ့ သတင်းတွေမှန်ပေမယ့် အရေအတွက် အတိအကျကို မသိဘူးလို့ ပြောပါတယ်။

"ကျနော်လည်း ကြားတယ်ဗျ။ အခုဟာကတော့ ကျနော်တို့က စစ်ဆေးပြီးမှ ထွက်သွားတာမဟုတ်ဘူး လေ။ သူ့ဘာသူ တရားမဝင်သွားလိုက်တာရယ်၊ နောက်တစ်ခုက သူတို့နေတာလည်း ခြံစည်းရိုးရဲ့ ဟိုဘက်မှာနေတာ ဆိုတော့ ကျနော်တို့က သေသေချာချာ ရေတွက်လို့မရတာဖြစ်တဲ့အတွက် တချို့ တဝက်ကတော့ ထွက်သွားတယ် ကြားတယ်။ တိတိကျကျကတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မေးမှ သေချာလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျနော် တို့ လဝက ဂိတ်ဖြတ်သွားတာမဟုတ်တော့"

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနဲ့ မောင်တောခရိုင် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

Zero Line area မှာ လူဦးရေ ၆ထောင်လောက် ရောက်ရှိနေတာဖြစ်ပြီး ဒီနေ့မနက်က ၄ ထောင်လောက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ခွာသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေကြောင့် မောင်တောမြို့နယ်က ကျေးရွာအသီးသီးမှာ နေထိုင်ခဲ့ကြတဲ့ မွတ်စလင်တွေဟာ အဲဒီ လူမနေရနယ်နိမိတ် Zero Line Area အတွင်းမှာ ယာယီတဲတွေ ဆောက်ပြီး စုရုံးနေထိုင်နေကြတာ ဖြစ်ပါတယ်။

သူတို့တွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး  မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံ ခရိုင်အဆင့် နယ်စပ်အာဏာပိုင်တွေ ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တောင်ပြိုလက်ဝဲမြို့မှာ ဆွေးနွေးခဲ့ကြရာမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က အကူအညီတွေပေးဖို့ မြန်မာတာဝန်ရှိသူတွေဘက်က တင်ပြခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။