နယ်နိမိတ်မျဉ်း အသုံးအနှုန်းကိစ္စ မေးခွန်းထုတ်


2018.06.13
pyithu-hluttaw-622.jpg ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
.

နိုင်ငံပိုင် သတင်းစာမှာ Zero Line၊ Zero Line Area၊ No Man Land စတဲ့ အသုံးအနှုန်းတွေဟာ သတင်းထောက်နဲ့ အယ်ဒီတာအဖွဲ့ရဲ့ စိစစ် ပြင်ဆင်မှု အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဒီနေ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ဖေဖော်ဝါရီလ ၂၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှာပါတဲ့ အသုံးအနှုန်းတွေ ဘာကြောင့် သုံးစွဲရတာကို ရှင်းပြဖို့နဲ့ Zero Line မှာ နေထိုင်သူတွေ မရှိစေရေး ဘယ်လိုဆောင်ရွက်မလဲဆိုပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဦးမောင်မြင့်ရဲ့ မေးမြန်းမှုကို အခုလို ဖြေကြားပါတယ်။

"သတင်းရယူခဲ့တဲ့ သတင်းထောက်အပါအဝင် အယ်ဒီတာအဖွဲ့အဆင့်ဆင့်က စိစစ်ထောက်ပြပြင်ဆင်ရန် အားနည်းခြင်းကြောင့် တရားဝင်အသုံးအနှုန်းဖြစ်တဲ့ နယ်နိမိတ်စည်းမျဉ်း Boundary Line ကို မဖော်ပြနိုင်ခဲ့ တာဖြစ်ကြောင်းတွေ့ရှိရပါတယ်၊ နောင်မှာအလားတူမဖြစ်စေဖို့အတွက် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်၊ တရားဝင်အသုံးအနှုန်းဖြစ်တဲ့ နယ်နိမိတ်စည်းမျဉ်းကို နိုင်ငံပိုင်မီဒီယာများအပါအဝင် ပုဂ္ဂလိကမီဒီယာအဖွဲ့အစည်း အသီးသီး သိရှိစေနိုင်ဖို့အတွက်လည်း အသိပေးအကြောင်းကြားတာလည်းဖြစ်ပါတယ်"

အဲဒီလို အသုံးအနှုန်းတွေမသုံးဖို့ ပြင်ဆင်ဆောင်ရွက်ထားပြီး တရားဝင်အသုံးအနှုန်းဖြစ်တဲ့ Boundary Line ကို နိုင်ငံပိုင်မီဒီယာတွေအပါအဝင် ပုဂ္ဂလိက မီဒီယာအဖွဲ့အစည်းတွေက သိရှိဖို့ အသိပေးထားပြီးဖြစ်တယ်လို့လည်း ဖြေကြားပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နိမိတ်တစ်လျောက် နယ်နိမိတ်မျဉ်းကနေ ပေ ၁၅၀အကွာမှာ ခြံစည်းရိုး ကာရံ ထားပေမယ့် မြန်မာနိုင်ရဲ့ အချုပ်အခြာအာဏာက ခြံစည်းရိုးရှေ့ ပေ ၁၅၀ နယ်နိမိတ်မျဉ်း သွယ်တန်းထားတဲ့နေရာ အထိ သက်ရောက်မှုရှိတယ်လို့ ပြောပါတယ်။

အဆောက်အအုံ ဆောက်လုပ်ခွင့်မပြုတဲ့ အဲဒီနေရာမှာ အလိုအလျောက် လူနေထိုင်မှုကို တားမြစ်ထားသလို ဖြစ်တာကြောင့် ဒေသခံ ပြည်သူတွေက No Man Land လို့ မှားယွင်းပြီး အရပ်အခေါ် သုံးစွဲတာလို့လည်း ဒုတိယဝန်ကြီးရဲ့ ဖြေကြားချက်အရ သိရပါတယ်။

နယ်နိမိတ်မှတ်တိုင်တွေနဲ့ နယ်နိမိတ်မျဉ်း သွယ်တန်းမှုကို နှစ်ဖက် မြေတိုင်းကျွမ်းကျင်သူတွေက ပူးတွဲစစ်ဆေးတဲ့ အခါ နည်းပညာအခေါ်အဝေါ်နဲ့ နယ်နိမိတ်မျဉ်းကို Zero Line လို့ အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်သဘောတူစာချုပ်ပါ အသုံးအနှုန်းအတိုင်း နယ်နိမိတ်မျဉ်း Boundary Line ဆိုတဲ့ စကားလုံးကိုသာ သုံးစွဲရမှာဖြစ်ပြီး အဲဒီလိုသုံးစွဲမှသာ အမှန်ဖြစ်တယ်လို့ ဒုတိယဝန်ကြီး က လွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ် သြဂုတ်လက ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း သိန်းနဲ့ချီပြီး တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားကြကြောင်း အစိုးရတာဝန်ရှိသူတွေက တားပေမယ့် နောက်ကွယ်က လက်မည်းကြီးရဲ့ အမိန့်အတိုင်း တသွေမတိမ်း လိုက်နာခဲ့ကြတာကို တေ့ွရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ အဆောက်အဦးမဆောက်ရ လူမနေရ ဆိုတဲ့နေရာမှာ လူအင်အား ၆ထောင်ခန့် အခြေချ နေထိုင်နေတာဟာ အစိုးရက ပြန်လည်လက်ခံရေးအတွက် စိစစ်နေဆဲမှာ ပြဿနာပေါ် ပြဿနာတက်အောင် အကွက်ကျကျ စီမံထားတဲ့အခြေအနေ ဖြစ်နေတာကို တွေ့ရကြောင်း ဒုဝန်ကြီးက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။