မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ တစ်ပတ်အတွင်း နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

ခက်မာ (ဝါရှင်တန် ဒီစီ)
2021.09.15
မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ တစ်ပတ်အတွင်း နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ မကွေးတိုင်း နှမ်းခါးရွာက မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ကို ၂၀၂၁ စက်တင်ဘာ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကိုတော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် မကွေးတိုင်းထဲက ရွာလေးရွာနဲ့ စစ်ကိုင်းတိုင်းထဲကတစ်ရွာ စုစုပေါင်း ရွာငါးရွာက နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံကျေးရွာသားတွေက RFA ကို ဒီနေ့ပြောပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါး၊ ထယ်လှော်၊ သာလင်း၊ မြင်သား ရွာတွေနဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ကျောက်ရစ်ကျေးရွာတွေက နေအိမ် ၁၀၁ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတာလို့လည်း ပြောကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်က မကွေးတိုင်း ဂန့်ဂေါ-ကလေး ကားလမ်းမကြီးနားက နှမ်းခါးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး မနက် ၈ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်သား ၇၀ လောက် နှမ်းခါး ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဆန်စက်တစ်လုံးအပါအဝင် နေအိမ် ၃၆ လုံး မီးလောင်ကျွမ်း ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါဟာ NUG အစိုးရက တိုက်ပွဲခေါ်ပြီးနောက် စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ အင်အားစုတွေကို အင်အားသုံး ဖိနှိပ်လာတာဖြစ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နှမ်းခါးကျေးရွာသားတစ်ဦးက ပြောပါတယ်။

“အင်အားအစု အဖွဲ့ကောင်းတဲ့ရွာတွေကို ဖိနေတာပေါ့။ သူတို့ကရွာတွေဖိစီးမှ အဲဒီလိုမျိုးတွေ ဘာကြောင့်မို့ လုပ်တာလဲဆို ဒီဒေးကြေညာပြီးနောက် ရွာတွေအကုန် လိုက်ဖိတော့တာပဲ စစ်အာဏာရှင် ဆန်စွာနဲ့။ သူတို့လာတိုင်း ကျွန်တော်တို့ရွာက အနည်းဆုံးပစ္စည်းယူတယ်။ ပြည်သူတွေက ခုခံတော့ မီးတိုက်တယ်။ အခုကတော့ ပိုဆိုးလာတာပါပဲ သူတို့ကတော့။ နောက်ပိုင်းရွာလုံးကျွတ်ပါ မီးတိုက်လာတဲ့အထိ ကင်းမရွာ လိုပေါ့ ဒုတိယကင်းမရွာ အဖြစ်တောင် ရှိရင်ရှိလာနိုင်တယ်ဗျ”

စက်တင်ဘာလ ၁၃ ရက်နေ့ မနက် ၁၀ နာရီလောက်မှာလည်း စစ်ကောင်စီတပ်သားတွေက နှမ်းခါးရွာကို ဒုတိယအကြိမ် ထပ်မံဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၄ လုံးထပ်ပြီး မီးလောင်ကျွမ်းခဲ့ရပါတယ်။

hnin-khar-village
(မကွေးတိုင်း နှမ်းခါးရွာက မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ကို တွေ့ရစဉ်) Photo: CJ

နှမ်းခါးကျေးရွာဟာ အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး နှစ်ကြိမ်ပေါင်း မီးရှို့ခံခဲ့ရတဲ့ အိမ်အရေအတွက် ၅၀ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အလားတူ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက မြင်သားရွာကိုလည်း စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဝင်ရောက်ပြီး PDF တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့သံသယနဲ့ ရွာသားအချို့ ဖမ်းဆီး ခံခဲ့ရသလို နေအိမ် ၁၅ လုံးပါ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ ဂန့်ဂေါမြို့နယ်ထဲက သာလင်းကျေးရွာမှာ နေအိမ်လေးလုံး မီးရှို့ခံခဲ့ ရတယ် လို့လည်းဆိုပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာလည်း ဂန့်ဂေါမြို့နယ်က ထယ်လှော်ရွာမှာ ဒေသခံကာကွယ်ရေး တပ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် နေအိမ် ၂၇ လုံးမီးရှို့ခံခဲ့ရပါတယ်။

အလားတူ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျောက်ရစ် ကျေးရွာ မှာလည်း စက်တင်ဘာလ ၁၂ ရက်နေ့ည ၉ နာရီ အချိန်လောက်မှာ နေအိမ်ငါးလုံး မီးရှို့ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ သတင်းတွေကြားနေတာက စစ်ခွေးတွေက မူးရူးပြီးတော့ ကျောက်ရစ်ရွာ တစ်ရွာလုံးကို မီးရှို့မယ်ဆိုပြီး ပြောထားတာ။ အဲဒီလို ကြိမ်းမောင်းနေတာ ကြားတယ်။ ညကျတော့ တကယ်ရှို့တာပဲ။ ငါးအိမ်လောင်သွားတယ်။ ရွာသားတွေက မပြေးဘဲနဲ့ တချို့ဝိုင်းငြှိမ်းကြလို့ ငါးအိမ်ထဲ ပါသွားတာ။ တစ်အိမ်က အသက်ကြီးတဲ့သူတွေချည်းပဲ အဖိုးကြီးက လေဖြတ်ထားတယ်။ အဖွားကြီးက ကျန်းမာရေး မကောင်း။ နောက်ထပ် အစ်မကြီးတစ်ယောက်ဆို ညာဘက်ခြေထောက်က ကျောက်ပတ်တီးစီးထားတာ သူတို့ဆို ဖင်တရွတ်တွန်းပြီး ထွက်ရတယ်”

ကျောက်ရစ်ရွာအနီးမှာ စက်တင်ဘာလ ၈ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တို့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် အဲဒီရွာကို ဝင်ရောက်မီးရှို့တာ ဖြစ်နိုင်ကြောင်း ဒေသခံတွေကပြောပါတယ်။

ကျောက်ရစ်ကျေးရွာဟာ အိမ်ခြေ ၇၀၀ ခန့်ရှိတဲ့ကျေးရွာဖြစ်ပြီး ရွာရဲ့အရှေ့ဘက်မှာရှိတဲ့ ရဲစခန်းမှာ နေရာ ယူထားတဲ့ စစ်ကောင်စီတပ်သားတွေက လာရောက်မီးရှို့ခဲ့တာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီက သူတို့ကို ခုခံနေတဲ့ ရွာတွေကို မီးရှို့တာဟာ အရင်တစ်ချိန်က တိုင်းရင်းသားဒေသတွေမှာ ကျင့်သုံးခဲ့တဲ့ ဖြတ်လေးဖြတ်စနစ်ကို ဖော်ဆောင်နေတာဖြစ်တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက ဝေဖန်ပါတယ်။

“လူတွေကို လက်ရှိမှာတင်မကဘဲနဲ့ နောက်ဆိုလို့ရှိရင် ဘယ်လိုမှ ဒီနေရာမှာ နေလို့မရအောင်၊ နေသည့် တိုင်အောင် စားနပ်ရိက္ခာတွေမရှိအောင်၊ အဲဒီဒေသမှာ လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့သူတွေကို ရပ်တန့် သွားအောင် လုပ်ဆောင်တဲ့အတွက် တကယ့်ကို ဆိုးရွားတဲ့ အရာဖြစ်တယ်။ သူတို့ရဲ့ အရင်ကျင့်သုံးခဲ့တဲ့ ဖြတ်လေးဖြတ်က ကမ္ဘာမှာတကယ်ကို ရက်စက်ကြမ်းကြုတ်ပါတယ်ဆိုတဲ့ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ အသိအမှတ်ပြုထားတယ်။ တစ်ရွာပြီးတစ်ရွာ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် တကယ်ကို စစ်ပွဲဆိုင်ရာ ဥပဒေတွေရော၊ ဘယ်လိုမျိုးအခြေအနေမှာမှ မကျုးလွန်သင့်ဘူး၊ မလုပ်ဆောင်သင့်ဘူးဆိုတဲ့ လူသားမျိုးနွယ်အပေါ်ထိခိုက်စေတဲ့ ရာဇဝတ်မှုမျိုးမြောက်နေတာ ဒါကတော့ ထင်ရှားလွန်းလှပါတယ်ဗျ”

မီးရှို့ခံခဲ့ရတဲ့ ကျေးရွာငါးရွာက ဒေသခံတွေဟာ နီးစပ်ရာဆွေမျိုး အသိုင်းအဝိုင်း နေအိမ်တွေမှာ ခိုလှုံနေကြ ရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ကျေးရွာငါးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တာလို့ ဒေသခံတွေပြောဆိုချက်နဲ့ ပတ်သက်လို့ အတည်ပြုနိုင်ဖို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) ကတော့ စစ်ကောင်စီတပ်သားတွေက အခုလိုကျေးရွာတွေကို ဝင်ရောက် ပြီး မီးရှို့တာတွေ ဆက်လုပ်နေရင် စစ်သား၊ ရဲ၊ စစ်ကောင်စီသတင်းပေးအပြင် သူတို့ရဲ့ မိသားစုဝင်တွေကို ရှင်းလင်းသွားမယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့က ကြေညာထားပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ အာဏာသိမ်းစစ်ကောင်စီအပေါ် ဒေသခံတွေက နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကြီးထွားလာနေဆဲဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၇ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီကို စစ်ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင် နိုင်ရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကိုသာ ထောက်ခံကြောင်းနဲ့ နောက်ထပ်ဖြစ်ပွားမယ့် ပဋိပက္ခတွေဟာ ပြည်သူတွေကို ထိခိုက်စေမှာ ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းမှုနဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို အပြင်းအထန် ရှုတ်ချကြောင်း စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ပြောဆို ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။