ရှစ်လေးလုံး ၃၂နှစ်အကြာ မြန်မာ့ဒီမိုကရေစီ အခြေအနေ

ခင်မောင်စိုး
2020.08.07

၁၉၈၈ လူထုအရေးတော်ပုံ ဖြစ်ပွားခဲ့တာ ဒီကနေ့ ၃၂ နှစ် ပြည့်ခဲ့ပါပြီ။  လူတွေထောင်နဲ့ချီသေဆုံးခဲ့ရတဲ့ အဲဒီအရေးတော်ပုံမှာ ပြည်သူတွေ တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ဘယ်လောက် ရရှိခဲ့ကြပါပြီလဲ။

မြန်မာပြည်သူတရပ်လုံး ပါဝင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံဟာ စစ်တပ်က အာဏာသိမ်းပွဲနဲ့ ပြည်သူတွေ ထောင်နဲ့ချီ သေဆုံးပြီးနောက် ပြိုကွဲသွားခဲ့ပါတယ်။ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့ည သန်းခေါင်ယံကျော်က  မြို့တော်ခန်းမရှေ့မှာ ဘာတွေဖြစ်ခဲ့ပါသလဲ။ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်း ဟာ အဲဒီအချိန်က မြို့တော်ခန်းမအနီးမှာ နေထိုင်သူပါ။

“ လူထုလူတန်းစားပေါင်းစုံ  မနက်ကတည်းက ဆန္ဒပြကြတယ်။ ကျမတို့လည်းပါတယ်။ ညနေပိုင်းမှာ လူတွေ တဖြေးဖြေး မြို့တော်ခန်းမရှေ့မှာ စုကြတယ်။ ညပိုင်းမှာတော့ ဆန္ဒပြသူတွေကို ကျမတို့ အစားအသောက်တွေ ရေတွေ သွားပို့တယ်။ ကျမတို့က မြို့တော်ခန်းမနဲ့ကပ်ရက် ၃၃ လမ်းမှာနေတာ။ သွားပို့ပြီး သိပ်မကြာခင် အော်ဟစ်နေတဲ့အသံတွေရော ပစ်ခတ်နေတဲ့ အသံတွေရော ကျမတို့ အကုန်ကြားရတယ်။ ကျမတို့လမ်းထဲကိုလည်း တချို့ ကျောင်းသားတွေ ပြည်သူတွေ အော်ဟစ်ပြေးဝင်လာတဲ့အသံတွေ ကြားရတယ်။ ညတွင်းချင်းမှာပဲ မီးသတ်ပိုက်နဲ့သွေးတွေကို လှည်းကျင်းလိုက်ပြီးတော့ မိုးလင်းလို့ ကျမတို့သွားကြည့်တဲ့အချိန်မှာ ဘာမှ မတွေ့ရတော့ဘူး ”


အဲဒီညက မြို့တော်ခန်းမရှေ့က သေဆုံးသူ အရေအတွက်ကို အခုအထိ မသိရသေးပေမယ့် နောက်တနေ့ စစ်ကိုင်းမြို့က ရဲစခန်းရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ရာမှာတော့ လူတွေ ရာနဲ့ချီသေဆုံးခဲ့ပါတယ်လို့ အဲဒီအချိန်က ဆားလုပ်ငန်းကော်ပိုရေးရှင်းမှာ မန်နေဂျာဖြစ်တဲ့ ဦးခင်မောင်ရွှေက RFA ကို ပြောပါတယ်။

“ ရဲစခန်းရှေ့ကို မြို့ထဲကနေ နောက်တခေါက် ကျနော်တို့ပြန်ရောက်လာခဲ့ကြတယ်။ မတ်တတ်မရပ်ရဘူး။ အားလုံး လမ်းမပေါ်မှာပဲ ဆောင့်ကြောင့်ထိုင်ရတယ်။ ဘုန်းကြီးတွေ စည်းကမ်းထိန်းသိမ်းတာ အရမ်းတော်တယ်။ ဖမ်းဆီးကျောင်းသားများ ချက်ချင်းလွှတ် ချက်ချင်းလွှတ် အော်ကြတာပေါ့။ အဲဒီရဲစခန်းထဲမှာ ဖမ်းဆီးကျောင်းသားတွေ ရှိတာကိုး။ ခဏနေတော့ နောင်ရိုးတင်ဝင်းထွက်လာတ။ နောင်ရိုးတင်ဝင်းဆိုတာ မနေ့က အဖမ်းခံရတဲ့သူပေါ့၊ (နောင်ရိုးတင်ဝင်း ခေါ် စစ်ကိုင်း ဦးတင်ဝင်း ဟာ မဆလ အစိုးရလက်ထက်က သေဒဏ်ကျခံခဲ့ရတဲ့ နံမည်ကျော် နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါတယ်) ကိုတင်ဝင်းက အိမ်ပြန်ကြပါပြောတယ်။ ဒါပေမယ့် လူတွေက မပြန်ဘူးဟေ့ မပြန်ဘူးဟေ့လို့ အော်ကြတယ်။ အဲဒီအချိန်မှာ ဖုန်းသံတချက်ကြားလိုက်ရတယ်။ နောက်မှသိရတာက အဲဒါ သူရကျော်စွာရဲ့ ပစ်မိန့်ပေးတာတဲ့။ သူရကျော်စွာဆိုတာ တိုင်းမှူးပေါ့နော်။ အဲဒါ ကိုတင်ဝင်းကို ရဲတွေက စခန်းအတွင်းဖက် ပြန်ခေါ်သွားတယ်။ ချက်ချင်းပဲရဲစခန်းထဲကနေ စက်သေနတ်တွေနဲ့ ပစ်ကြတော့တာပဲ။ လမ်းပေါ်က လူတွေသွေးသံရဲရဲ သေလိုက်ကြတဲ့သူတွေ မနည်းဘူး။ ကျနော်တို့ အဲဒီနေ့က စာရင်းကောက်တာ ၃၂၇ ယောက် သေတယ်။ နောက်တနေ့မနက်  မြန်မာ့အသံကကြေညာတာ   လူ အယောက် ၃ဝ သေတယ်တဲ့။  နောက်ပိုင်းမှာ အဲဒီနေ့က လူ ၅ဝဝ ကျော် သေတယ်လို့ ကြားရတယ်”

၈၈ အရေးတော်ပုံ ဖြစ်ပွားတာ ၃၂ နှစ်ကြာခဲ့ပါပြီ။ စစ်တပ်ရဲ့ တကြော့ပြန်အာဏာသိမ်းမှုနဲ့ နိဂုံးချုပ်ခဲ့ရတဲ့ အဲဒီ အရေးတော်ပုံအပြီးမှာ အာဏာရှင်တွေ တဦးပြီးတဦး တိုင်းပြည်ကို ဦးဆောင်ခဲ့ပြီးနောက် ၂ဝဝ၈ ခုနှစ်မှာတော့ စစ်တပ်က ၂၅ ရာခိုင်နှုန်း နေရာယူထားပြီး တိုင်းပြည်အာဏာကို အချိန်မရွေးသိမ်းနိုင်တဲ့ ဖွဲ့စည်းပုံတခု ထွက်လာခဲ့ပါတယ်။ အဲဒီ ဖွဲ့စည်းပုံအရ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီးမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတက်လာခဲ့ပြီး ၂ဝ၁၅ ရွေးကောက်ပွဲမှာတော့ ၈၈ အရေးတော်ပုံက မွေးဖွားခဲ့ပြီး  လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရလာခဲ့ပါတယ်။

ဟုတ်ကဲ့။ ရှစ်လေးလုံးအရေးတော်ပုံမှာ အဓိကတောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို မြန်မာပြည်သူတွေ အခု ဘယ်လောက် ရရှိနေကြပြီလဲလို့ ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်တဲ့ ဦးမြအေး ကို RFA က မေးခဲ့ပါတယ်။

“ကျနော်တို့သေချာတာတခုကတော့ ၈၈၈၈ ရည်မှန်းချက်တွေက မပြည့်သေးဘူး။ လွတ်လပ်မှုတစုံတရာရတာတော့မှန်တယ်။ ဒါပေမယ့် ကျနော်တို့ ရှစ်လေးလုံးက တောင်းဆိုတဲ့ ဒီမိုကရေစီစစ်စစ် နိုင်ငံ မဖြစ်သေးဘူး။ အဲဒီတော့ ရှစ်လေးလုံးက ပေါက်ဖွားလာတဲ့ နိုင်ငံရေးပါတီတွေရှိတယ်။ လူမှုအသင်းအဖွဲ့တွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းတွေရှိတယ်။ ကျနော်တို့အားလုံးဟာ ဒီအချိန်မှာ မဟာမိတ်ပေါ်လစီထားပြီး ဆက်ဆံဖို့လိုအပ်တယ်။ အဲဒီ မဟာမိတ်ပေါ်လစီဆိုတာ တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးဆိုတဲ့ အခြေခံမူပေါ်မှာ စုစည်းခြင်းဖြစ်တယ်။ တူညီတဲ့ ဒီမိုကရေစီမူဝါဒတွေ တူညီတဲ့ဖက်ဒရယ်မူဝါဒတွေအောက်မှာ  ပေါင်းစည်းခြင်းအားဖြင့်  ရုန်းကန်ရမယ်လို့ မြင်တယ်”

ရှစ်လေးလုံးအရေးတော်ပုံကို တပ်မတော်က ဖြိုခွဲရာမှာ နိုင်ငံအနှံ့အပြား လူ ၃ဝဝဝ ကျော်သေဆုံးခဲ့တယ်လို့  ပြောဆိုကြပေမယ့် အတိအကျစာရင်းတွေတော့ အခုအချိန်ထိ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။