ရှစ်လေးလုံး အရေးတော်ပုံရဲ့ ညီညွတ်ရေး ပျောက်ဆုံးနေ

2019-08-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝ၁၈ ခုနှစ်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့် အခမ်းအနား။
၂ဝ၁၈ ခုနှစ်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့် အခမ်းအနား။
Photo: RFA

ဒီနေ့သြဂုတ်လ ၈ ရက်နေ့ဟာ တဦးတဖွဲ့က တသွေးတသံတမိန့်နဲ့အုပ်ချုပ်တဲ့ အာဏာရှင် စနစ်ကိုမလိုချင်တော့ဘူး။ ပြည်သူ့ဆန္ဒတွေကိုဖော်ဆောင်မယ့် ဒီမိုကရေစီစနစ်ကို လိုချင်တယ်လို့ မြန်မာနိုင်ငံသားအားလုံး ထုတ်ဖော်ဆန္ဒပြခဲ့ကြတဲ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၁ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ ၃၁ နှစ်ကပေါ်ထွက်လာတဲ့ နိုင်ငံသားအများစုရဲ့ညီညွတ်ရေး အခုအချိန်မှာ ဘယ်လိုရှိနေလဲ။ အသက်ပေါင်းထောင်နဲ့ချီ ပေးဆပ်ခဲ့ရတဲ့ အရေးတော်ပုံရဲ့ တောင်းဆိုချက်တွေ ပြည့်ပြီလားဆိုတာ ပြန်သုံးသပ်ရမှာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့  “ ရှစ်လေးလုံး ၃၁ နှစ်ပြည့်၊ ခုချိန်မှာ ပြန်သုံးသပ်ကြည့်တော့ တကယ့်ပြည်သူတွေ ရည်မှန်းချက်ရောက်ပြီလားဆိုတော့ မရောက်သေးဘူး။ သို့သော် ကျနော်အထူးပြုပြီးပြောချင်တာက ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံက အကျိုးမဲ့တော့ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့မျှော်လင့်သလောက်ကို ဒီအချိန်မှာ မရောက်သေးပေမယ့် တစုံတရာသောအတိုင်း အတာအထိ ရောက်နေပြီ။သို့သော် ကျနော်တို့ ဆက်ပြီးလျှောက်ဖို့လိုသေးတယ်။ အဲဒီတော့ ဒီနောက်ပိုင်း တည်ဆောက်ရေးကာလ ရောက်သွားတဲ့အခါမှာ ရှစ်လေးလုံးကာလတုန်းက ညီညွတ်တဲ့ပုံစံမျိုး အပြည့်အဝမရနိုင်တာကိုတော့ ကျနော်က တစုံတရာထိလက်ခံ တယ်။ သို့သော် တခုတော့ရှိတယ်။ ရှစ်လေးလုံးရဲ့ရည်မှန်းချက်တွေ၊ ယုံကြည်ချက်တွေကတော့ အခုထိအားလုံးမှာ တူနေတယ်လို့ ကျနော်ခံယူတယ်။ အဲ့တော့ ဒီနေရာမှာ ကျနော်တို့ရဲ့ရည်မှန်းချက် ဖြစ်တဲ့ အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး၊ တနည်းအားဖြင့်ဖယ်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စုကို တည်ထောင်ရေးကိစ္စမှာ ကျနော်တို့ဒီမိုကရက်တစ်အင်အားစုတွေက၊ စိတ်ဓာတ်ပိုင်းအရ ဘယ်တော့မှလည်း မကွဲဘူး။သို့သော် လုပ်နည်းလုပ်ဟန်ပိုင်းမှာ မတူတာတွေကို ခွဲလုပ်တဲ့သဘောလို့ မြင်စေချင်တယ်လို့ ကျနော်ပြောချင်တယ်” လို့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် တယောက်လည်း ဖြစ်ခဲ့တဲ့ ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ကိုမင်းဇေယျာက ပြောပါတယ်။

အရေးတော်ပုံတုန်းက ညီညွတ်မှုမျိုး အခုအချိန်မှာရှိနေသေးရဲ့လား ဆိုတာကိုတော့ ရှစ်လေးလုံး ကာလက တက္ကသိုလ်ကျောင်းသူတယောက်အဖြစ် ရန်ကုန်မြို့မှာပါဝင်ခဲ့ပြီး၊ ထောင်အကြိမ်ကြိမ် ကျခဲ့သလို လက်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီတဦးဖြစ်တဲ့ မနှင်းနှင်းမွှေး က အခုလိုသုံးသပ်ပါတယ်။

“ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးမှာဆိုရင် မဆလစစ်အာဏာရှင်ကို ပြည်သူတရပ်လုံးလှည်းနေ လှေအောင်းမြင်းဇောင်းမကျန် ညီညီညွတ်ညွတ်နဲ့ ဖြုတ်ချနိုင်ခဲ့တယ်။ ဒါပေမယ့် အရေးတော်ပုံရဲ့ ရလဒ်ဖြစ်တဲ့ ဒီနေ့အချိန်မှာ ကျမတို့အဲဒီတုန်းက အတူတကွဆောင်ရွက်ခဲ့တဲ့ အင်အားစုတွေကြား ထဲမှာ အဲဒီအချိန်က စုစည်းညီညွတ်မှုမျိုးရှိနေသေးရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့အခုလက်ရှိမှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက အာဏာရယူထားတာတော့ မှန်တယ်။ သို့သော်လည်း စစ်အာဏာရှင်တွေကနေပြီးတော့ နောက်ကွယ်ကနေ သူတို့လိုချင်တဲ့ အခြေအနေမျိုးကို ကြိုးကိုင် ခြယ်လှယ်နေတယ်ဆိုတဲ့ ခံစားချက်မျိုး ကျမတို့ဆီမှာလည်း ရှိနေကြတယ်။ နောက်တခုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့လည်း မဟာမိတ်ပေါ်လစီ တစုံတရာအားနည်းနေတယ်ဆိုတာ ကျမတို့ တွေ့ရတယ်။ ကျမတို့က ရှစ်လေးလုံး နှစ်ဆယ့်ငါးနှစ်ပြည့်ငွေရတုကြေညာချက်မှာလည်း ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး၊ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး သို့မဟုတ် အသစ်ရေးဆွဲရေးနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်တဲ့ အင်အားစုအားလုံးပါဝင်တဲ့ ညီလာခံကျင်းပနိုင်ရေးဆိုပြီးတော့ အချက် (၃) ချက်ကိုရရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအချက်တွေလည်း အောင်မြင်တာမရှိတာကို ကျမတို့တွေ့ရပါတယ်။ ဒီအခြေအနေမှာ ကျမတို့ ဘာကိုသုံးသပ်နိုင်မလဲဆိုရင် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်ချင်တဲ့သူတွေနဲ့ မထူထောင်ချင်တဲ့သူတွေ အားပြိုင်မှုပြင်းထန်လာတယ်ဆိုတာ ကျမတို့ သုံးသပ်မိတယ်။ တဖက်မှာကြည့်ရင်လည်း လူထုရဲ့အခြေခံအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်တွေပေါ့နော်။ နောက်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ခွင့်တွေ၊ သတင်းမီဒီယာတွေရဲ့ လွတ်လွတ်လပ်လပ်သတင်းရယူခွင့်၊ ဖော်ပြခွင့်စတဲ့ ကဏ္ဍအသီးသီးမှာ ကျမတို့ရဲ့ဒီမိုကရေစီဘောင်ဟာ တဖြေးဖြေးနဲ့ ကျဉ်းကျုံ့လာပြီးတော့ စစ်ဘောင်တွေ ကျယ်ပြန့်လာတာကို သိသိသာသာ တွေ့မြင်လာရတဲ့ အခြေအနေမျိုးဖြစ်ပါတယ် ”

ရှမ်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ SNLD ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကလည်း ရှစ်လေးလုံးကာလ အတွေးအခေါ်နဲ့ဆိုရင် ညီညွတ်ရေးပြန်တည်ဆောက်နိုင်မယ်လို့ သုံးသပ် ပါတယ်။

“ ရှစ်လေးလုံး ၃၁ နှစ်ပြည့်ဖြစ်သွားပြီ။ ကျနော်တို့မျှော်လင့်ချက်က ၂ဝ၁၅ မှာ အောင်ပွဲကို ၇၅ ရာခိုင် နှုန်းလောက်ရပြီလို့ မျှော်မှန်းခဲ့တယ်။ ဒါပေမဲ့အခုလက်တွေ့မှာတော့ အဲဒါမျှော်မှန်းလို့မရဘူး။ ဆိုတော့ ကျနော်ပြောချင်တာက ရှစ်လေးလုံးတော်လှန်ရေးဟာ ဒီနေ့ထိမပြီးပြတ်သေးဘူး။ ဆက်လက်ဆောင် ရွက်ရမယ်လို့ ကျနော်ထင်မိပါတယ်။ အတွေးအခေါ်ပြောင်းလဲရေးတွေလည်း ပြန်လုပ်ရမယ်လို့ ထင်မိပါ တယ်။ ညီညွတ်ရေးက မရှိတော့ဘူးဗျ။ အာဏာမရခင်ကတော့ အားလုံးညီညွတ်ကြတယ်။ လက်တွဲခဲ့ကြတယ်။ အာဏာရလာတဲ့အခါကျတော့ ညီညွတ်ရေးက ပျက်ပြယ်သွားတယ်လို့ ကျနော်ထင်ပါတယ်။ဒါကအဓိကပြဿနာလို့ ကျနော်ထင်ပါတယ်။ နဂို mind-set အတိုင်း ပြန်ပြီးတော့ ရှိမယ်ဆိုရင်တော့ ညီညွတ်ရေးပြန်ရနိုင်တယ်။ အာဏာမရခင် အတူတူဝိုင်းလုပ်ခဲ့ကြတဲ့ အခြေအနေတုန်းက မိုင်းဆက် mind-set ပေါ့နော်။ ဆိုရင်တော့ပြန်ရနိုင်ပါတယ် ညီညွတ်ရေးက ”

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံဖြစ်လာဖို့ ကျောင်းသားနဲ့သံဃာတွေက ရှေ့တန်းကပါဝင်ခဲ့ကြသလို နိုင်ငံရေးအင်အားစုတွေ၊ ရှမ်း၊ ကရင်၊ ကချင်၊ မွန်၊ ရခိုင်၊ မြန်မာ၊ ကယား၊ ချင်း စတဲ့တိုင်းရင်း သားပေါင်းစုံအပြင်၊ တိုင်းရင်းသားမဟုတ်တဲ့ မြန်မာပြည်ဖွားနိုင်ငံသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့် အဲဒီအရေးတော်ပုံဟာ မြန်မာ့သမိုင်းမှာ အညီညွတ်ဆုံးကာလအဖြစ် သတ်မှတ်ခံခဲ့ရပါ တယ်။ ဒါ့အပြင် နိုင်ငံရေး၊ စီးပွားရေးစနစ်တွေအပြောင်းအလဲလုပ်မှ ရတော့မယ်ဆိုတာ စစ်အာဏာရှင်တွေဘက်ကလည်း သိမြင်လာတဲ့အတွက် ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေးကို တည်ဆောက်ပါ့မယ်လို့ ကတိတွေပေးခဲ့ဖူးတဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ခုချိန်ထိ ရည်မှန်းချက် မရောက်နိုင်သေးတဲ့အတွက် နိုင်ငံရေးအင်အားစုတွေရော ပြည်သူတွေမှာပါ အားမလိုအားမရ ဖြစ်နေတာလည်းတွေ့ရပါတယ်။

( RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့