မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ဖို့ အထူးလိုအပ်နေ

ခင်မောင်စိုး
2020-08-31
Share

မြန်မာနိုင်ငံမှာ မနေ့တရက်ထဲ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၉၅ ဦးကိုစစ်ဆေးတွေ့ရှိတဲ့အဖြစ်က ကမ္ဘာပေါ်က တခြားနိုင်ငံတွေမှာ ဖြစ်သလိုပဲ တရှိန်ထိုး တက်လာတဲ့ အခြေအနေဖြစ်ပါတယ်။ အခုလိုဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းနိုင်ပါ့မလား ဆိုတာ အထူး စိုးရိမ်စရာဖြစ်ပြီး လာမယ့် ၂ ပတ်လောက်အတွင်း ဖြစ်ပေါ်လာမယ့် အခြေအနေက တော်တော်အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တဦးက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရက်တည်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ အရေအတွက် ထပ်မံတိုးတက်လာတဲ့အတွက် ကျန်းမာရေး ပညာရှင်တွေက ထိန်းမရတဲ့ အနေအထား ရောက်လာမှာကို အထူးစိုးရိမ်နေကြပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ လူထုအခြေပြုကျန်းမာရေးပညာရှင် ဒေါက်တာ စစ်နိုင်က  ....

"အခု ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်ကများတယ်။ တခုပဲ ကိုယ့်ဘက်က ဒါကို မြန်မြန်အုပ်ပြီး  လိုက်ထိန်းနိုင်မလားဆိုတာပေါ့။ အခုကတော့ control လုပ်နေတဲ့ strategy၊  control လုပ်နိုင်တယ်ဆိုတာက နည်းလို့ နိုင်လို့ လုပ်နိုင်တာပေါ့။ (ကူးစက်သူ) သိပ်အရမ်းကြီးများသွားတယ်ဆိုရင် ကဲ သက်သာရင်တော်ပါပြီ။ ထိန်းဖို့မလွယ်တော့ပါဘူးဆိုတဲ့ အခြေအနေဘက်ကို  တချိန်မှာရောက်ချင်လည်း ရောက်သွားနိုင်တယ်။ အခုလက်ရှိက  ထိန်းနိုင်တဲ့အနေအထားနဲ့ များသွားနိုင်တဲ့အနေအထား အဲဒီ ၂ခုကြားထဲကို ရောက်နေတယ်။ တဖက်မှာ ပစ္စည်းကိရိယာတော့ မလုံလောက်ဘူး ဒါပေမယ့် တဖက်မှာ ပစ္စည်းလုံလောက်ဦးတော့လည်း ဆိုးဆိုးဝါးဝါးထိခိုက်တဲ့ case တွေကတော့ ပစ္စည်းပြည့်စုံတဲ့နေရာ(တိုင်းပြည်တွေ) မှာတောင် ကိုင်ရတွယ်ရခက်တယ်။ လက်ရှိ ဒီမှာ ကူးစက်မှုများသလောက်တော့လည်း ရောဂါပြင်းထန်တာ ခုထိတော့ မတွေ့သေးဘူး။   ဒါပေမယ့် ဒါလည်း ပြောလို့မရဘူး။ လူတွေအများကြီးဖြစ်လာမယ်ဆိုရင် ဒီထဲမှာ အသက်ကြီးတဲ့သူ နဂိုရောဂါခံရှိတဲ့သူတွေလည်း  ထိမှာဖြစ်တဲ့အတွက် အသက်အန္တရာယ် ထိခိုက်တဲ့အပိုင်းတွေလည်း  ဖြစ်လာနိုင်တယ်။ တကယ်ပြန့်လာရင်တော့ အဲဒါတွေကို ရှောင်လို့မရဘူး ကိုယ်တွေဘက်ကလည်း သိပ်ပြီး အရင်းအမြစ်မစုံတဲ့အတွက်ပေါ့နော်၊ ဒီ လာမယ့် တပတ် နှစ်ပတ်မှာတော့ ဘယ်လမ်းကိုသွားမလဲဆိုတာ အဲဒါ အဖြေထွက်လာနိုင်ပါတယ်”

NLD ပြန်ကြာရေးအဖွဲ့က ဆရာ မုံရွာအောင်ရှင်က ရန်ကုန်မှာတော့ အိမ်ပြင်ထွက်သူတွေ များနေဆဲပဲလို့ ပြောပါတယ်။

"ရန်ကုန်မြို့သူ မြို့သားတွေကတော့ အခုတော်တော်လေး ကြောက်နေကြပြန်ပြီ။ လမ်းသွားတာ ထွက်တာတွေတော့ အကုန်လုံးနီးပါး နှာခေါင်းစည်းတပ်ပြီးထွက်ကြတယ်။ ဒါပေမယ့်  ဘတ်စကားတွေ စီးတာတော့ ထုံးစံအတိုင်း လူတွေက များနေတုန်းပဲ။ စျေးထဲမှာလည်း များတုန်းပဲ ။ ဒါပေမယ့် နှာခေါင်းစည်းမပါဘဲ ဘတ်စကားပေါ်တက်လို့မရဘူး စျေးထဲလာလို့မရဘူး”

မန္တလေးမှာတော့ လူတွေ အိမ်ပြင်ထွက်တာနည်းနေပြီလို့ လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါ်လှလှသန်း က ပြောပါတယ်။

“Mask ကိုတော့ မတပ်ရင် ဖမ်းမယ်ကြားတော့ တပ်ကြတယ်။ တကယ်လည်း ဖမ်းတယ်။ ကျန်တာတော့ ကျမတို့က အစ အသေးစိတ်ကို မလိုက်နာနိုင်ကြဘူး social distancing ဆိုလည်း စျေးထဲမှာ တယောက်နဲ့တယောက် တိုးဝှေ့နေကြတာပဲ။ ဘဏ်တွေကတော့ လိုက်နာတယ်။ ၁ဝ ယောက်ဝင် အပြင်မှာစောင့်၊ ပြီးမှာ နောက် ၁ဝ ယောက်ဝင်ပေါ့။ ဒါပေမယ့် အပြင်မှာ စောင့်တဲ့လူတွေက နေပူထဲမှာ စောင့်ရတာ။ ဖြစ်သင့်တာကတော့ ကျမတို့က appointment တင်လိုက်မယ်။ သူတို့က ဘယ်နှစ်နာရီမှာလာပါ။ အဲဒါမျိုးလေးတွေနဲ့ သူတို့ စနစ်တကျ မလုပ်နိုင်ကြဘူး”

လက်ရှိမြန်မာပြည်အတွက် လိုအပ်ချက်တခုကတော့ စစ်ဆေးနိုင်တဲ့ အရေအတွက်ပဲလို့  ဒေါက်တာ စစ်နိုင်က ပြောပါတယ်။

“ကြီးကြီးမားမားလိုနေတာတခုကတော့ စမ်းသပ်စစ်ဆေးတာပေါ့နော်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း လက်ခံပြီး စိတ်ချရတဲ့နည်းပေါ့နော်။  အဲဒါကတော့ RT-PCR test  ဆိုတဲ့ အခု ဖတ်ဖတ်မောအောင်လုပ်နေကြရတဲ့ စစ်ဆေးနည်းပါ။ ကျနော်တို့ဆီမှာ အခုကို ထောင်ဂဏန်းပေါ့နော်။ ဒီ့ထက်လည်း ပိုမလုပ်နိုင်တော့တဲ့ နည်းပညာကပဲ အကောင်းဆုံးဖြစ်နေတယ်။ အခု လွယ်လွယ်ကူကူ ပေါ်လာတဲ့၊ သိပ်လည်း စျေးမကြီးဘူးဆိုတဲ့ test တွေ ဒီမှာရနိုင်တဲ့ ကုမ္ပဏီတချို့က ယူလာတဲ့ဟာတွေက လုံးဝစိတ်မချရဘူး။ ပိုး ရှိနေတဲ့ဟာကို မတွေ့ဘူးဆိုပြီး negative ပြတယ်။ ပိုး မရှိတဲ့ဟာတွေကို ရှိတယ်ဆိုပြီး positive မှား ပြတယ်။ တချို့ နိုင်ငံတွေမှာ အဲဒါတွေကို သုံးနေပုံရတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံခြားက  ကျနော်တို့ဆီ ဝင်လာတဲ့သူတွေက သူတို့ ဟိုမှာ negative ၊ ဘာကြောင့် ဒီရောက်မှ positive ဖြစ်ရသလဲဆိုပြီး အကြောက်အကန်ငြင်းတာရှိတယ်။ ကြည့်လိုက်တော့ အဲဒီလို စံမှီတဲ့ အားလုံးလက်ခံတဲ့ test  တွေ မဟုတ်ဘူးထင်တယ်။ အဲဒီပြဿနာရှိတယ်။ အဲဒီတော့ ကျနော်တို့ဆီမှာ အဲဒါတွေလိုက်ပြီး သုံးလို့မရဘူး။ နောက်ဆုံး RT-PCR ဘက်ကိုပဲ ပြန်လှည့်ရတယ်။ အဲဒါက စျေးလည်းကြီးတယ် လူတွေလည်း အရမ်းပင်ပန်းတယ် အချိန်လည်းကုန်တယ်။ စစ်ဆေးနိုင်တဲ့ ကန့်သတ်ချက်အရေအတွက်လည်း ရှိတာပေါ့နော် အဲဒါကို ဒီထက်တိုးချဲ့ဖို့တော့လိုတယ်။  ဘယ်လိုတိုးချဲ့မလဲ ဆိုတော့လည်း ပိုက်ဆံပိုသုံးလို့လည်းမရ၊ စက်တွေချည်းပဲ ရှိလို့လည်းမရ၊ ကျွမ်းကျင်သူကလည်း လိုပြန်ဆိုတော့ အဲဒါတိုးချဲ့ရခက်တာပေါ။ ဒါပေမဲ့ အဲဒီ test တွေကိုတော့ ပိုပြီးလုပ်နိုင်ရင် ပိုကောင်းမယ်”

လူထုအနေနဲ့ အစိုးရထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေကို အတိအကျ လိုက်နာဖို့လိုတယ်လို့လည်း ဒေါက်တာစစ်နိုင် က ပြောကြားပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ကိုဗစ် ၁၉ ရန်က လွတ်မြောက်ဖို့အတွက် အရေးကြီးဆုံး ကာလကို ရောက်ရှိနေပြီလို့ ကျန်းမာရေးပညာရှင်တွေက ထပ်တလဲလဲ သတိပေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့