ရခိုင်ပြည်သူတွေနဲ့အတူ ရပ်ကြောင်းပြတဲ့ ဗကသကျောင်းသား ၃၀ ကျော် အရေးယူခံနေရ

နေရိန်ကျော်၊ ခေမဏီဝင်း
2020-10-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်သူတွေနဲ့အတူ သွေးစည်းညီညွတ်ကြောင်းပြသခဲ့ကြတဲ့ အထက်မြန်မာပြည်၊ အောက်မြန်မာပြည်နဲ့ မြေလတ်ဒေသက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တွေကို အစိုးရက ဖမ်းဆီးအရေးယူနေတာ အခုဆိုရင် ၁၅ ယောက်က အဖမ်းခံထားရပြီး၊ နောက်ထပ် ၁၅ ယောက်ကျော်က တိမ်းရှောင်နေရတယ်လို့ သတင်းရရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ တိမ်းရှောင်နေရတဲ့ ရန်ကုန်အခြေစိုက် ဗကသများအဖွဲ့ချုပ်ရဲ့ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးဗျူရို တာဝန်ခံ ကိုပိုင်မင်းခန့်က အခုလိုပြောပါတယ်။

“ကျနော်တို့ကကျတော့ ပထမဦးဆုံး ဒီစတစ်ကာလှုပ်ရှားမှုပြီးတော့ ဖမ်းသွားတယ်။ ဖမ်းသွားပြီးတော့ ပုဒ်မ ၁၉ နဲ့အမှုဖွင့်ထားတယ်လို့ကြားတယ်ပေါ့။ ပြီးတော့ အာမခံယူတာတွေ ကိုယ်ပိုင်ခံဝန်ယူတာ တွေလုပ်ခိုင်းတယ်။ ကျနော်တို့က ဒါတွေမထိုးနိုင်ဘူး။ ကိုယ်ပိုင်ခံဝန်လဲမယူဘူး။ ဒါပေမဲ့ သူတို့ဖမ်းထားလို့ မရတဲ့အတွက် ကျနော်တို့နှစ်ယောက်ကို ပြန်လွှတ်ခဲ့တယ်ပေါ့။ကျနော်တို့ကို လွှတ်ပေးပြီးနောက်ပိုင်းမှာကျတော့ ပုဒ်မ ၁၉ နဲ့ မဟုတ်တော့ဘဲ ၅၀၅ (က) (ခ) တွေနဲ့ဖမ်းပြီး ထောင်ထဲတန်းထည့်တယ်။ ကျနော်တို့ ရန်ကုန်မှာလုပ်ခဲ့တာ လေးယောက်ပေါ့နော်။ လေးယောက်မှာ နှစ်ယောက်ရှောင်နေရတယ်။ ကျန်တဲ့နှစ်ယောက်ကိုလဲ ပုဒ်မ ၁၉ ကို လာရင်ဆိုင်၊ ရင်မဆိုင်ရင် ပုဒ်မ ၅၀၅ နဲ့စွဲမယ်ဆိုပြီး အိမ်တွေကို အကြောင်းကြားတယ်”

ကိုပိုင်မင်းခန့်ဟာ ရန်ကုန်အနောက်ပိုင်းခရိုင်တက္ကသိုလ်က ဒသနိကဗေဒကျောင်းသားဖြစ်ပြီး၊ ဒီလှုပ်ရှားမှုကြောင့် ပုဒ်မ ၁၉ နဲ့အမှုဖွင့်ခံထားရတဲ့အတွက် တိမ်းရှောင်နေရတဲ့သူဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က စစ်ပွဲတွေရပ်ဖို့နဲ့ ပြည်သူတွေကို မြန်နှုန်းမြင့်အင်တာနက်လိုင်းပြန်ပေးဖို့ကို စတစ်ကာ ကပ်လှုံ့ဆော်ကြသလို၊ ဆန္ဒပြတာတွေလဲ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီအတွက် အဖမ်းခံထားရတဲ့ မန္တလေးမြို့က ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်နဲ့ ကိုရဲရင့်အောင်တို့ သုံးယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ချမ်းအေးသာစံမြို့နယ် တရားရုံးက မနေ့က စွဲချက်တင်လိုက်ပါတယ်။

ဘာကြောင့် စွဲချက်တင်ရတာလဲဆိုတာနဲ့ ပတ်သက်လို့ ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက …...

“ မြို့နယ်ရဲတပ်ဖွဲ့ကို အသိပေးရမဲ့ အကြောင်းအရာရှိတယ်။ အသိပေးမှု မရှိရင် ၁၉ နဲ့ စွဲရမဲ့ ပြဋ္ဌာန်းချက် ရှိတယ်။ ဆန္ဒပြတဲ့အကြောင်းအရာပေါ် မူတည်ပြီး စွဲတာက တစ်ပိုင်း၊ အဲ့ဒီနောက်မှာ စတစ်ကာ ကပ်တယ်။ နောက် စျေးချိုနာရီစင်နားမှာ အဝတ်စပေါ်စာရေးပြီး ဆန္ဒပြတယ်။ အဲ့ဒါတွေပါ ”


သူတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ)၊ တို့နဲ့တရားစွဲထားပြီး မနေ့က အမှုနှစ်ခုစစ်ဆေးခဲ့ပါတယ်။ ဒီအမှုအတွက် တရားလိုကတော့ ရဲမှူးဇော်မိုးအောင် ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့က မြို့ထဲမှာ လမ်းလျှောက်ပြီး ဆန္ဒပြခဲ့တဲ့အတွက်လည်း ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၉ နဲ့အမှုဖွင့်ခံထားရပါတယ်။ တရားစွဲခံရတဲ့ ကျောင်းသားတွေက သူတို့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုကြတယ်လို့ တရားသူကြီးက ပြောပါတယ်။

တရားရုံးမှာလဲ ရဲတပ်ဖွဲ့တွေ တင်းတင်းကျပ်ကျပ် ချထားပြီး သတင်းသမားတွေကို မေးမြန်းခွင့်၊ တရားခွင်အတွင်း ၀င်ရောက် နားထောင်ခွင့်တွေ ကန့်သတ်ခဲ့ပါတယ်။တရားစွဲဆိုခံထားရသူတွေထဲက တဦးဖြစ်တဲ့ ကိုစိုးလှနိုင်ကတော့ သူတို့က ငြိမ်းချမ်းရေးကို တောင်းဆို တာဖြစ်ပြီး တခြားမြို့နယ်တွေကလဲ အလားတူ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါ တယ်။

သူတို့က နိုင်ငံတော်ကိုပုန်ကန်နေတာ မဟုတ်လို့ ချက်ခြင်းလွှတ်ပေးသင့်တယ်လို့ ဗကသများ အဖွဲ့ချုပ်ခေါင်းဆောင်ဟောင်းတယောက်ဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

“ကျောင်းသားတွေ ဆန္ဒပြတာကို ထောက်ခံတယ်။ တကယ်လည်းရခိုင်မှာ ထိခိုက်ခံစားနေရတာ ဖြစ်တယ်။ နိုင်ငံတော်က သိပြီး ဆင်ခြင်လို့ရအောင် အသိပေးတဲ့သဘောပါ။ ဒါကို ဖမ်းတယ်ဆိုတာ မတရားတဲ့ ကိစ္စပါ။ ကျောင်းသားတွေကိုလည်း လွှတ်ပေးသင့်ပြီး သူတို့တောင်းဆိုတာကိုလည်း ဆင်ခြင်သုံးသပ်ပေးပါ “


ရန်ကုန်အခြေစိုက် အသံအဖွဲ့ရဲ့  မနေ့က ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်နဲ့ ပလက်ဝတို့မှာ အင် တာနက်ဖြတ်တောက်မှုကို ဆန့်ကျင်ကန့်ကွက်လို့ အရေးယူခံနေရတဲ့သူ စုစုပေါင်း ၅၂  ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီထဲ ၅၂ ယောက်ထဲမှာ ၃၀ ကျော်က ဗကသများအဖွဲ့ချုပ်က ကျောင်းသားတွေဖြစ်ပြီး၊ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မိတ္ထီလာ၊ ပခုက္ကူ၊ ပြည်မြို့တွေက ကျောင်းသားတွေဖြစ်တယ်လို့ ကိုပိုင်မင်းခန့်က ပြောပါတယ်။ အခုလို ဖမ်းနေပေမယ့် သူတို့ရပ်တည်ချက်ကို ပြောင်းမှာမဟုတ်သလို လှုပ်ရှားမှုကို ရတဲ့နည်းနဲ့ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့