AA ဖမ်းသွားတဲ့ထဲက ၁၅ ဦး ပြန်ကယ်နိုင်ခဲ့ကြောင်း တပ်ထုတ်ပြန်

ဝေယံမိုးမြင့်
2019.10.28
army-helicopter-622.jpg AA ဖမ်းသွားတဲ့သူတွေကို ရှာဖွေကယ်တင်ခဲ့တဲ့ တပ်မတော် ရဟတ်ယာဉ်ကို တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း အမြန်ယာဉ်ပေါ်က AA ဖမ်းဆီးသွားတဲ့သူတွေကို တပ်မတော်က ပို့ဆောင်ရေးရဟတ်ယာဉ် သုံးစီးနဲ့ လိုက်လံပစ်ခတ်သတိခဲ့ပေးပြီး မြေပြင်မှာလည်း ပိတ်ဆို့ရှာဖွေရေးတွေ လုပ်ဆောင်ကယ်တင်ခဲ့တဲ့အတွက် ပြန်လည်ကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ တပ်မတော်က မနေ့ညက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒီနေ့မနက် တစ်ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တပ်မတော် သတင်း မှန်ပြန်ကြားရေး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ဒီနေ့မှာပဲ ကျွန်တော်တို့ အခု သတင်းထုတ်ပြန်နေတယ်။ ဒီနေ့ မနက် ၁၀ နာရီခွဲ ၁၁ လောက်မှာပဲ ရေပုတ် ချောင်းထဲမှာ ရဲတပ်သား စိုင်းနိုင်အောင်ဆိုတဲ့ တစ်ယောက်ကို လက်ပြန်ကြိုး တုပ်ထားပြီး တွေ့ရှိ တယ်။ ဒါနဲ့ဆို ၁၅ ယောက်ရှိပြီ အသက်ရှင်လျက်တွေ့ရှိတာ။ သူ့ကိုမေးကြည့်တဲ့အခါမှာ သူတို့ချောင်း ဖြတ်ကူးတုန်း ရဟတ်ယာဉ်နဲ့ မပစ်ခတ်ခင်မှာပဲ သူတို့ကို ရေပုတ်ချောင်းဘေးမှာ ရဲတပ်သား စိုင်းနိုင် အပါအဝင် ငါးယောက်ကို လက်ပြန်ကြိုးတုပ်ပြီး ဒူးတုပ်ထိုင်ခိုင်းတယ် ပြီးတော့ အတွဲလိုက် သေနတ်နဲ့ ပစ်တယ်။ ချောင်းထဲကို ကန်ချတယ်"

AA ဖမ်းဆီးသွားသူတွေထဲမှာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးနဲ့ အရပ်သား ၁၃ ဦး၊ စုစုပေါင်း ၅၈ ဦး ပါဝင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်း အရသိရပါတယ်။

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားသူတွေကို စက်လှေနဲ့ ပြောင်းရွေ့ခေါ်ဆောင်လာစဉ်မှာ တပ်မတော်က ရဟတ်ယာဉ်သုံး ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့သူတွေရှိတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တပ်မတော်နဲ့ AA တို့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် စက်လှေ သုံးစီးလုံး နစ်မြုပ်သွားခဲ့ပြီး စက်လှေပေါ်ပါလာတဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့သားတွေ သေဆုံးမှုတွေရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သူတွေလည်းရှိတယ်လို့ ကြေငြာချက်မှာ ရေးသားထားပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA ဟာ ဖမ်းဆီးထားသူတွေကို သတ်ပြီးမှ တပ်မတော် ရဟတ်ယာဉ် ပစ်ခတ်လို့ သေဆုံးရတာပါလို့ စွပ်စွဲတာဖြစ်ကြောင်း RFA ကို ပြောကြားထားပါတယ်။

AA အနေနဲ့ ဖမ်းဆီးတဲ့သူတွေကို သတ်ပစ်ဖို့ဆိုတာမရှိဘူးလို့ AA ပြန်ကြားရေး ခိုင်သုခက RFA ကို ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ"ကျွန်တော်တို့က ထိန်းသိမ်းထားသူတွေကို အဲလိုမျိုး တရားလတ်လွတ် ဘယ်တော့မှမလုပ်ဘူး။ စကခ ၁၅ က အရာရှိကြီးတချို့ ဖမ်းဆီးထားတဲ့အထဲမှာ ပါနေတယ်။ သူတို့စစ်ရာဇဝတ်တွေ ပေါ်ကုန်မှာစိုးလို့ ဒီလူတွေကိုပါ အသေလိုက်သတ်တဲ့ သဘောရှိတယ်။ အဲဒါကြောင့် သူတို့က အကုန်သေချင်သေပစေ အရှင်တော့မပေးဘူး ဆိုပြီး ဗုံးကြဲတိုက်ခိုက်တာလို့ ကျွန်တော်တို့ သိရတာရှိတယ်ဗျ"

တပ်မတော်အနေနဲ့ ဖမ်းဆီးခံထားရသူတွေကို နည်းမျိုးစုံသုံးပြီး ကယ်တင်သွားဖို့ရှိကြောင်းနဲ့ လတ်တလောမှာ ရေပုတ်ချောင်းတွင်း ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေအပြီး သေဆုံးစာရင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူစာရင်းတွေကိုတော့ တပ်မတော်ဘက်ကရော AA ဘက်ကပါ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ရေပုတ်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်ကြောင့် မနေ့က တပ်မတော်က ရေပုတ်ကျေးရွာကို ဝိုင်းထားပြီး ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် ကျေးရွာသား နှစ်ဦး ကျည်ဆံထိမှန်ခဲ့ပါတယ်။

ရေပုတ်ကျေးရွာကနေ အောင်မြေကုန်းကျေးရွာကို ထွက်ပြေးကြရာမှာ တပ်မတော်ရဟတ်ယာဉ်က ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ဖို့ အခက်အခဲတွေရှိနေခဲ့ပြီး ဒီနေ့မနက်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ICRC အကူအညီနဲ့ စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ကျည်ဆံထိမှန်ခဲ့သူ မောင်မောင်ချေရဲ့ ဖခင်ဖြစ်သူ ဦးမောင်စိုးချေက ပြောပါတယ်။

"အခုကယ်ဆယ်တာ မီးသတ်ပါတယ် ကြက်ခြေနီပါတယ် မနေ့က နှစ်နာရီလောက်မှာဖြစ်တာ ကျနော်သားက ညနေကျတော့ ဟိုကိုလိုက်ဆက်တယ် ဒီကိုလိုက်ဆက်တယ် အကြောင်းမထူးဘူး ရွာမှာလည်း လူ၂၀၀ လောက် ပိတ်မိနေတယ်။ ရသေ့တောင်မေဆရာဝန်ကိုလည်း ဆက်တယ် မြို့နယ်မှူးကိုလည်း ပြောတယ်။ ရသေ့တောင်ဆရာဝန်က ဒီနေ့မနက်မှာ လာခေါ်ထုတ်ပေးတာ ရသေ့တောင်ကနေ စစ်တွေကိုလာတာပဲ"

ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာကြောင်း ကျေးရွာအတွင်း AA ရှိရမယ်ဆိုပြီး အသက်ကြီးရွယ်အို ရွာသား ၁၃ ဦးကို လမ်းပြအနေနဲ့ တပ်မတော်က မနေ့ကတည်းက ဖမ်းဆီးထားကြောင်း ဒေသခံရွာသားတွေ က ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ဒေသခံတွေဟာ တပ်မတော်နဲ့ ကျေးရွာအနီးမှာပဲ တူတူရှိနေပြီး ဒီနေ့အထိ ပြန်မလွှတ် သေးဘူးလို့ ပြောပါတယ်။

တပ်မတော်က ရေပုတ်ကျေးရွာသားတွေကို ဖမ်းဆီးထားတာမရှိကြောင်းနဲ့ ရွာသား နှစ်ဦးကို ပစ်ခတ်ခဲ့ တာမရှိကြောင်း ငြင်းဆိုပါတယ်။

ဒီနေ့အချိန်ထိ ကျေးရွာတွင်းမှာ တပ်မတော်က တပ်စွဲထားပြီး ကျေးရွာတွင်းကနေအိမ်တွေကို စစ်ဆေးတာမျိုးတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်နဲ့ AA တို့ရဲ့လုပ်ရပ်ဟာ စစ်ပွဲဥပဒေအရ မှားယွင်းနေတဲ့ ကိစ္စတွေဖြစ်တယ်လို့ နိုင်ငံရေး စစ်ရေး လေ့သာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"နှစ်ဘက်လုံးက အဲဒါတွေမလုပ်သင့်ဘူး တစ်ခုက ပြည်သူလူထုကို ပစ်မှတ်ထားတာ တစ်ခုက အပြန် အလှန် လက်စားချေနေတာ။ သူကပါးရိုက်ရင် နားကိုက်မယ်ဆိုတဲ့ ဖြေရှင်းနည်းတွေပဲ။ အဲ့ဒါတွေက နိုင်ငံတကာစံချိန် စစ်ပွဲဥပဒေတွေနဲ့ ကြည့်မယ်ဆိုရင် ဒါတွေက အတော်မကောင်းတဲ့ကိစ္စတွေ မှားယွင်းနေတဲ့ကိစ္စတွေပဲ"

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ နှစ်ဘက်တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ် ပတ်သက်ပြီးတော့ အရပ်သားသေဆုံးမှု ၉၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူဟာ ၁၃၀ ဝန်းကျင် အထိရှိနေပြီလို့ အရပ်ဖက်အဖွဲ့ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ရခိုင်ဒေသ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ထွက်ပြေးရသူ ဒေသခံ ၇သောင်းကျော် ရှိနေပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။