ရခိုင်မှာ အုပ်ချုပ်ရေးအစားထိုးဖို့ AA ကြိုးပမ်းလာ


2020.06.18

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ ရက္ခိုင့်တပ်တော် AA က ရခိုင့်အချုပ်အခြာအတွက်  ပြည်သူ့ အာဏာပိုင်ဖွဲ့မယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း AA ခေါင်းဆောင်ပိုင်းက ထုတ်ဖော်ပြောကြားလာခဲ့ပြီး  စစ်ရေး တင်းမာမှုတွေရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦးအပါအဝင် အခြားမြို့နယ်အချို့မှာ အုပ်ချုပ်ရေး လုပ်ငန်းတွေမှာ AA အဖွဲ့က ဆောင်ရွက်လာတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြောက်ဦးမြို့မှာဆိုရင် ဒေသခံတွေဟာ အမှုအခင်းတွေကို ရဲတပ်ဖွဲ့က ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်တာ မရှိတဲ့အတွက် AA အဖွဲ့ကို တိုင်ကြားလာကြရတယ်လို့ဆိုပါတယ်။ မြောက်ဦးမြို့က မြတန်ဆောင်း ဆရာတော် အရှင်နန္ဒသာရက အမှုအခင်းတွေကို AA အဖွဲ့ကပဲ ကိုင်တွယ် ဖြေရှင်းနေတာတွေကို ကြားသိနေ ရတယ်လို့ မိန့်ပါတယ်။

“ဦးဇင်းတို့ မြင်ရတွေ့ရတာကတော့ ရဲတွေက အလုပ်မလုပ်တော့ဘူး။ ဘယ်သူမှလည်း သွားပြီးတော့ တိုင်ချက်ဖွင့်တာတွေ ဘာတွေမလုပ်တော့ဘူး။ အဲတော့ ဒါတွေကို ဘယ်က ကိုင်တွယ်ဖြေရှင်းနေလဲဆိုတော့  AA ကနေပြီး ဖြေရှင်းပေးတယ်လို့ပြောတယ်။ မြေပြင်မှာ ဖြစ်နေတွေ့နေမြင်နေရတာက AA အုပ်ချုပ်ရေးရယ်၊ တပ်ဘက်က စစ်အုပ်ချုပ်ရေးရယ် ဒီနှစ်ခုပဲတွေ့တယ်။ အစိုးရအုပ်ချုပ်ရေးက မရှိတော့ဘူးလို့ ပြောရ မလိုဖြစ်နေတယ်။ AA ဘက်က အရပ်ဘက်အုပ်ချုပ်ရေးဖွဲ့မယ်ဆိုပြီးတော့ ပြောပြီးတော့ သိပ်မကြာမီမှာပဲ အဲဒါတွေက စတာပါပဲ”

ရက္ခိုင့်တပ်တော် AA က တရားဝင်ထုတ်ပြောတာမရှိပေမယ့် မြေပြင်သတင်းတွေအရ မူးယစ်ရမ်းကားသူတွေ၊ ပြစ်မှုတစ်ခုခု ကျူးလွန်သူတွေကို AA အဖွဲ့ရဲ့ စာရိတ္တပြုပြင်ရေးစခန်းတွေဆီကိုခေါ်ယူပြီး ဆုံးမပြုပြင်တာတွေ ရှိနေတဲ့အတွက် ဒေသခံတွေအကြားမှာ AA အဖွဲ့ရဲ့လုပ်ရပ်ကို အကောင်းဘက်က ရှုမြင်ကြတာတွေ့ရတယ်လို့လည်း ဒေသခံအချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ညက မြောက်ဦးမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသူ လူ ၂၀ ကျော်ကို AA အဖွဲ့က ဖမ်းဆီးပြီး စာရိတ္တပြုပြင်ရေးစခန်းကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောဆိုခဲ့ကြပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက AA အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကြိုးပမ်းချက်တွေဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“တခြားတိုင်းရင်းသားဒေသတွေမှာလည်း အတူတူပဲဗျ။ ဥပမာဆိုပါစို့ ကေအိုင်ကေ ဒေသဆိုလည်း သူတို့ ထိန်းချုပ်ထားတဲ့ ဧရိယာမှာ သူတို့အုပ်ချုပ်ရေးတွေ ထူထောင်တာပါပဲ။ AA က အခုမှစဝင်လာတဲ့အခါ သူရဲ့အုပ်ချုပ်ရေးထူထောင်ဖို့ ကြိုးစားတာပါပဲ။ ဒါကတော့ မြေအောက်ပုံစံမျိုးလိုဖြစ်မှာပေါ့။ အပြည့်အဝ ထိန်းချုပ်ထားတဲ့ဒေသဖြစ်လို့ရှိရင် အခု AA က ဒီလိုလုပ်မယ် ဘာညာဆိုတာက အထူးအဆန်းဖြစ်နေ ကြတာက အခုမှ ရခိုင်မှာထိုးဖောက်လာလို့ကိုး။ တကယ်တမ်းတော့ ကချင်ပြည်နယ်တို့၊ ရှမ်းပြည်နယ်တို့၊ ကရင်ပြည်နယ်တို့မှာက ဒီကိစ္စတွေက သိပ်အထူးအဆန်းမဟုတ်ပါဘူးဗျ”

AA ဘက်က အုပ်ချုပ်ရေးထူထောင်ဖို့ ကြိုးပမ်းချက်တွေနဲ့အတူ တပြိုင်နက်ထဲမှာလည်း အစိုးရအာဏာပိုင်တွေ ဘက်ကလည်း အုပ်ချုပ်ရေးပိုင်းကို မပျက်ယွင်းအောင် ထိန်းသိမ်းဖို့ ကြိုးစားနေရပါတယ်။ ဒီအထဲမှာ AA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ သံသယရှိသူတွေ၊ ဒီလုပ်ရပ်တွေနဲ့ ပတ်သက်တယ်လို့ သံသယရှိသူ ရပ်ကျေး အုပ်ချုပ်ရေးမှူးအချို့ကို ဖမ်းဆီးတရားစွဲဆိုတာတွေရှိလာပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ နဲ့ ဇွန်လ ၃ ရက်နေ့တွေမှာ AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ မြေပုံမြို့က ရပ်ကျေးအုပ်ချုပ်ရေးမှူး သုံးဦးကို အာဏာပိုင်တွေက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စစ်ဆေးခံနေရပါတယ်။

AA အဖွဲ့နဲ့ပတ်သက်လို့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ်ကလည်း ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးမြို့နယ် တွေမှာ အုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က ဖမ်းဆီးတာတွေရှိခဲ့လို့ အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက် ခဲ့ကြသလို အခုလည်း မြေပုံမြို့နယ်မှာ အုပ်ချုပ်ရေးမှူး ၅၀ ကျော် နုတ်ထွက်စာတင်ထားကြပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဒါရိုက်တာ ဦးမြတ်ထွန်းက  ဒီလိုဖြစ်ရပ်တွေကြောင့် ဒေသခံတွေ နစ်နာနေရတယ်လို့ ပြောပါတယ်။

“ပြည်သူကိုအုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို AA ကိုထောက်ပံ့နေတယ်၊ အဆက်အသွယ်ရှိတယ် ဆိုပြီးတော့ ဖမ်းဆီးတာမျိုးတွေရှိတယ်။ ဒါပေမဲ့ တကယ်တမ်းစစ်ဆေးတဲ့အခါမှာကျလို့ရှိရင်လည်း သက်သေအခိုင်အလုံမပေါ်လွင်ဘူး။ အဲဒါနဲ့ဆိုလို့ရှိရင် ပြည်သူတွေအနေနဲ့ ထိခိုက်နစ်နာမှုရှိတာပေါ့။ လူ့အခွင့်အရေးဆုံးရှုံးမှုတွေလည်းရှိတယ်လို့ ကျွန်တော်ကတော့ သုံးသပ်ချင်တယ်”

မင်းပြားမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက အုပ်ချုပ်ရေးမှူးတွေကို အခုလိုစွပ်စွဲအရေးယူတာတွေဟာ ပြည်သူတွေအတွက် ထိခိုက်မှုရှိတယ်လို့ပြောပါတယ်။

“ကျွန်တော်တို့အုပ်ချုပ်ရေးမှူးတွေကို ဒီလိုလုပ်နေတာတွေကတော့ ပြည်သူတွေအတွက်ကတော့ အမှန် တကယ်ထိခိုက်ပါတယ်။ ပြည်သူတွေမှာက အုပ်စုတစ်ခုမှာ ခေါင်းဆောင်အဖြစ်တင်ထားတဲ့ အုပ်ချုပ် ရေးမှူးကို အားကိုးနေရတဲ့အပိုင်းတွေလည်းများတယ်။ ဒါပေမဲ့ ဒီအုပ်ချုပ်ရေးမှူးတွေကတော့ အခုလက်ရှိ ကျွန်တော်တို့လုပ်တဲ့နေရာမှာ အဆင်မပြေတာတွေရှိရင် ပြည်သူတွေမှာတော့ အမှန်ဒုက္ခရောက်မယ့် အနေအထားရှိပါတယ်”

AA အဖွဲ့ကလည်း သူတို့ကိုအားပေးထောက်ခံမှုမရှိတဲ့  ဒေသခံတွေ၊ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်တာ၊ ခြိမ်းခြောက်တာ၊ သတ်ဖြတ်တာတွေလုပ်နေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲ ထားပါတယ်။

AA အဖွဲ့က အုပ်ချုပ်ရေးကိုအစားထိုးဖို့ကြိုးစားလာတဲ့ကိစ္စ၊ ဒီလိုနှစ်ဖက် အားပြိုင်မှုတွေကြောင့် နီးရာဓား ကြောက်ပြီး ကြားညှပ်နေရတဲ့ ပြည်သူတွေနဲ့ပတ်သက်လို့ တပ်မတော်ဘက်နဲ့ AA ဘက်က ဘယ်လိုသဘောထား ရှိပါသလဲ။ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က AA က ဒီလိုပြောခဲ့တာ အရင်ထဲကဖြစ်ပြီး ဒါဟာ အစိုးရရဲ့အချုပ်အခြာအာဏာကို ထိပါးနေတာဖြစ်ကြောင်း။ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ အခြေခံအကျဆုံးမဏ္ဍိုင်ဖြစ်တဲ့အတွက် အခုထက် ပိုပြီးထိရောက်တဲ့ အုပ်ချုပ်မှုမျိုးလိုအပ်တယ်လို့ထင်ကြောင်း၊ ထိရောက်တဲ့အုပ်ချုပ်မှုဆိုရာမှာ မူလအစီအစဉ်နဲ့ မလုံလောက်ရင် နောက်အစီအစဉ်ကို ဆက်သုံးရမှာမျိုး ရှိကြောင်း၊ AA ရဲ့ လုပ်ဆောင်မှုတွေကို တုံ့ပြန်နိုင်မယ့်အုပ်ချုပ်မှုစနစ်မျိုး စပြီးလုပ်ဆောင်နိုင်ရင် အဆင်ပြေမယ် လို့မြင်ကြောင်း RFA ကို ပြောကြားပါတယ်။

တပ်မတော်ဘက်က စွပ်စွဲမှုတွေအပြင် အုပ်ချုပ်ရေးကိုအစားထိုးဖို့ကြိုးပမ်းလာတဲ့ကိစ္စ၊ ဒီလိုကြိုးပမ်းမှုကြောင့် ထိခိုက်နစ်နာရသူတွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို RFA ကဆက်သွယ်မေးမြန်းခဲ့ပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခက ကိုလိုနီစနစ်ဆိုးအောက်က ရုန်းထွက်ဖို့ ကြိုးစားတဲ့ နိုင်ငံတိုင်း လူမျိုးတိုင်းဟာ အခုလိုမျိုး ထိခိုက်နစ်နာရတာမျိုးတွေ ကြုံရတာဟာ ဖြစ်ရိုးဖြစ်စဉ်လို့ ပြောလို့ရတယ်လို့ RFA ကို မှတ်ချက်ပေးပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ AA အဖွဲ့က အုပ်ချုပ်ရေးယန္တရားပျက်စီးအောင် ဆောင်ရွက်နေပေမယ့် စိုးရိမ်ရလောက်တဲ့ အခြေအနေ မရှိသေးဘူးလို့ RFA ရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“အုပ်ချုပ်ရေးယန္တရားကြီး ပျက်ပြားလောက်အောင်တော့ ဒီလောက်ထိ စိုးရိမ်ပူပန်စရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သက်ဆိုင်ရာနယ်မြေဒေသမှာရှိတဲ့ လူထုဆိုတာကလည်းပဲ သူ့နယ်မြေဒေသကို သူ့နည်းသူ့ဟန်နဲ့တော့ အေးချမ်းအောင် စီမံဆောင်ရွက်နေကြမယ်လို့ ယုံကြည်ပါတယ်”

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေသခံတွေကလည်း တဖြည်းဖြည်းများလာနေပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ထုတ်ပြန်ချက်တွေအရ ရခိုင် ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် ဦးရေဟာ တစ်သိန်းငါးသောင်းကျော်ရှိပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ  ၂၀၁၈ ဒီဇင်ဘာလကနေ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၂၆၀ နဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ကတော့ ၅၆၅ ဦးအထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။