ANP က နုတ်ထွက်ခွင့်တင်ထားသူတွေ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ အခက်တွေ့နေ

ဝေမာထွန်း
2020.07.12

ရခိုင်အမျိုးသားပါတီ ANP က နုတ်ထွက်ခွင့်တင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ပါတီကနေ နုတ်ထွက်ခွင့် မရသေးတဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာ တခြားနိုင်ငံရေးပါတီကနေ ရွေးကောက်ပွဲ ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လို့ အောင်နိုင်ခဲ့ပြီး ကိုယ်စားလှယ် ဖြစ်လာခဲ့သူတချို့ဟာ ပါတီကနေ နုတ်ထွက်ခွင့်ပေးဖို့ တင်ပြထားတာတွေရှိပေမယ့် ပါတီက ထွက်ခွင့်မပေးသေးလို့ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တခြား ပါတီကနေ ရွေးကောက်ပွဲဝင်နိုင်ခွင့် ကန့်သတ်ခံရမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေတာပါ။

ပါတီကနေ နုတ်ထွက်ခွင့်မပေးတာဟာ နိုင်ငံရေးလုပ်ဆောင်သူ အချင်းချင်းကြား အနှောက်အယှက်တွေဖြစ်အောင် လုပ်ဆောင်တာသာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်မြေ အမှတ် (၁၁) ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ကပြောပါတယ်။

“နှစ်ပါတီ ပြန်ပြီး ကွဲသွားတဲ့အပေါ်မှာ ကျမက မိခင်ပါတီကို ပြန်ပြောင်းတယ်ဆိုရင် ဒါကျမ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ငါတို့ထုတ်လိုက်မှ ထွက်ရမယ်ဆိုတဲ့အရာသည် ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒီကိစ္စတွေဟာ အတိုင်းအတာ တစ်ခုအထိ ကျမတို့ နိုင်ငံရေးလုပ်တဲ့အခါမှာ ရှေ့မသွားနိုင်အောင် နိုင်ငံရေးသမား အချင်းချင်းတွေကြားထဲမှာ အနှောက်အယှက်တွေ များစွာဖြစ်အောင် ဆောင်ရွက်ထားတာတွေ ရှိပါတယ်။ ဒါကို ကြိုးစားပြီး ကြံကြံခံဖို့အတွက် ပြင်ဆင်ထားတယ်။”


ရခိုင်အမျိုးသားပါတီကနေ နုတ်ထွက်ခွင့်တင်ထားသူတွေထဲမှာ လက်ရှိ ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးအောင်သောင်းရွှေ၊ ဒေါ်ထုမေ၊ ဦးဝေဇင်အောင်၊ ဦးခင်မောင်လတ်နဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးကျော်လွင်၊ ဦးကျော်ဇောဦးတို့ ပါဝင်ပါတယ်။

ဒီထဲက တချို့ဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်လည်ထူထောင်လိုက်တဲ့အတွက် ရခိုင်အမျိုးသားပါတီကနေ နုတ်ထွက်ခွင့် တောင်းသူတွေရှိသလို တချို့ကလည်း ရခိုင်အမျိုးသားပါတီကနေ ဒေါက်တာအေးမောင် နုတ်ထွက်တာကြောင့် ဒေါက်တာအေးမောင်နဲ့အတူ ပါတီကနေ နုတ်ထွက်ဖို့ တင်ပြခဲ့သူတွေ ဖြစ်ပါတယ်။

ပါတီကနေ နုတ်ထွက်ဖို့ တင်ပြတာ တစ်နှစ်ခန့် ကြာနေပြီဖြစ်ပေမယ့် နုတ်ထွက်ခွင့်မရသေးဘူးလို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်( ၃) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် ကပြောပါတယ်။

“နုတ်ထွက်ခွင့်က ဘယ်တော့မှ ပေးမယ်လို့မထင်ဘူး။ ANP က နုတ်ထွက်ခွင့်ပေးတာတော့ သိပ်မတွေ့ သေးဘူး။ ဒေါက်တာအေးမောင်ကိုယ်တိုင်ကလည်း ထောင်ထဲသာ ဝင်သွားတယ် နုတ်ထွက်ခွင့် မရသေးဘူး။ နုတ်ထွက်ခွင့်လိုလို ရသွားတာ တစ်ယောက်တော့ရှိတယ်။ မြောက်ဦးက လွှတ်တော်အမတ် ကျော်ကျော်။ သူကတော့ ဆုံးသွားတော့လေ။ ပါတီတစ်ခုအောက်မှာ ပြိုင်တာနဲ့ တသီးပုဂ္ဂလပြိုင်တာက တသီးပုဂ္ဂလနိုင်တဲ့ အခွင့်အရေးက တော်တော်နည်းတယ်။”

မနက်ဖြန်ကျင်းပမယ့် ပြည်သူ့လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီရဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပါတီတစ်ခုကို ကိုယ်စားပြုသူ တစ်ယောက်က တခြားပါတီကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၁ ကို ဆန့်ကျင်သလိုဖြစ်နေတာကို သိပါသလားဆိုတဲ့ မေးခွန်းကို မေးမြန်းထားပါတယ်။

သူရဲ့ မေးခွန်းထဲမှာ နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြုတဲ့ ပါတီဝင်တစ်ဦးဟာ ပါတီရဲ့ စည်းကမ်းနဲ့အညီ ပါတီကိုဝင်တာ၊ နုတ်ထွက်တာနဲ့ ပါတီက ထုတ်ပယ်၊ တာဝန်ကရပ်စဲတာကို လိုက်နာရတာကို သိရှိပါသလား လို့လည်း ထည့်သွင်းမေးထားပါတယ်။

အငြင်းပွားဖွယ် ကိစ္စရပ်တွေရှိတာကြောင့် အခုလို လွှတ်တော်ကနေ မေးမြန်းဖို့ ဆောင်ရွက်ရတာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။

“ပါတီအနေနဲ့ကတော့ သူတို့ကိုနုတ်ထွက်ခွင့်မပေးသေးဘူး။ ပါတီနဲ့ ပတ်သက်ပြီး ရှင်းစရာ တစ်စုံတစ်ရာရှိရင် ရှင်းရမယ်လို့ ပြဌာန်းထားတယ်။ ရွေးကောက်ပွဲဝင်လာတဲ့အခါ ဘယ်လိုအခြေအနေ ရှိမလဲ။ ရွေးကောက်ပွဲ မှတ်ပုံတင်ခြင်းဥပဒေအရ လူတစ်ယောက်ဟာ ပါတီနှစ်ခုရဲ့ အဖွဲ့ဝင်မဖြစ်ရဘူးဆိုပြီး သူတို့ကို ပါတီပြောင်းခွင့် မပေးဘူး ကော်မရှင်က ဒါပေမဲ့ လက်တွေ့မှာ ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲမှာ ဦးသိန်းမောင် ဆိုတဲ့သူက ပါတီက ဒီနေ့ထွက်တယ်။ နောက်တစ်ပတ်မှာ ALD ဘက်ကနေ ပြန်ဝင်တယ်။ အဲဒါမျိုးကို ကျွန်တော်တို့ ပါတီက ကန့်ကွက်ခဲ့တယ်။ ခုနတုန်းက မှတ်ပုံတင်ဥပဒေအရ ဒါပေမဲ့ ကော်မရှင်က ဘာမှ အကြောင်းမပြန်ခဲ့ဘူး။ ဦးသိန်းမောင်ကလည်း ရွေးကောက်ပွဲကို ဆက်ယှဉ်ပြိုင်ခဲ့တယ်။ အဲလို အငြင်းပွားဖွယ် ကိစ္စရပ်တွေရှိတယ်။”

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၁ မှာ ပုဂ္ဂိုလ်တစ်ဦးဟာ တစ်ချိန်တည်းမှာ နိုင်ငံရေးပါတီ တစ်ခုထဲမှာသာ ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

ရခိုင်ပါတီနိုင်ငံရေးမှာ အခုလိုဖြစ်နေတဲ့ အငြင်းပွားစရာ အခြေအနေဟာ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ပေါ်  မူတည်နေပါတယ်။ RFA က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားမှုမရှိပါဘူး။ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက မီဒီယာတွေကို ဖုန်းနဲ့ ဖြေဆိုမှုမလုပ်ကြောင်းနဲ့ အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ပေးနေကြောင်း RFA ကို ပြောထားဖူးပါတယ်။

ကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ ညှိစွန်းတယ်လို့ သတ်မှတ်မယ်ဆိုရင် ANP က နုတ်ထွက်ခွင့် မရသူသေးသူတွေဟာ လာမယ့်ရွေးကောက်ပွဲကို ပြန်ဝင်လိုတယ်ဆိုရင် တသီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရှင်းလင်းစရာ ကိစ္စရပ်တွေပြီးပြီဆိုရင် နိုင်ငံရေးပါတီတစ်ခုက ထွက်လိုသူတွေကို ပါတီက တင်းကြပ်တာမျိုး မလုပ်ဘဲ ထွက်ခွင့်ပေးသင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက မှတ်ချက်ပြုပါတယ်။

“တပ်မတော်ထဲ ဝင်ပြီးတော့တောင်မှ ထွက်မယ်ဆိုရင် ထွက်လို့ရသေးတာပဲ။ နိုင်ငံရေးပါတီ တစ်ခုက ဒီလောက်ကြီး တင်းကြပ်တာလည်း မဖြစ်သင့်ဘူး။ ကျွန်တော်မြင်တာတော့ ထွက်ချင်လည်း လွယ်လွယ် ပေးထွက်သင့်ပါတယ်။သူရဲ့ကျန်ခဲ့တဲ့ တာဝန်၊ ဝတ္တရားရှင်းရမယ့် ကိစ္စတွေရှိရင်လည်း ရှင်းပေါ့နော်။ ရှင်းပြီးရင်တော့ မြန်မြန်ပေးထွက်သင့်ပါတယ်။”

ရခိုင်အမျိုးသားပါတီရဲ့ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၆၅ မှာလည်း ပါတီဝင်တွေအနေနဲ့ ပါတီကနေ လွတ်လပ်စွာ ထွက်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဒါပေမဲ့လို့ ပါတီဝင်ထောက်ပံ့ကြေးပေးသွင်းဖို့ ပျက်ကွက်တာ၊ ပါတီစည်းကမ်း ဖောက်ဖျက်တာ၊ ပါတီက သတ်မှတ်ထားတဲ့ တာဝန်မကျေပွန်တာစတဲ့ အချက်တွေကို ပါတီနဲ့ ရှင်းဖို့ ကျန်နေသေးတာကြောင့် ပါတီကနေ နုတ်ထွက်ခွင့်မပေးသေးတာလို့ ရခိုင်အမျိုးသားပါတီ ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက RFA ကိုပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့ အတွင်း တင်သွင်းဖို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။