တပ်မတော်အပစ်ရပ်မယ့်ထုတ်ပြန်ချက်အပေါ်အမြင်များ


2018.12.21
army-announcement-622.jpg အစိုးရတပ်မတော်ရဲ့ထုတ်ပြန်ကြေညာချက်။
Photo: RFA

အစိုးရတပ်မတော်က မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနဲ့ တြိဂံဒေသတိုင်းတွေမှာ ဒီနေ့ကစပြီး ဧပြီလကုန်အထိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်မယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဆောင်ရွက်နေသူတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~

တိုက်ပွဲတွေ ရပ်မယ်လို့ တပ်မတော် ထုတ်ပြန်

(ဝေမာထွန်း)

■ အစိုးရတပ်မတော်ဟာ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA၊ KIA၊ SSPP အပါအဝင် အပစ်ရပ်လက်မှတ်ထိုးပြီးသား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ၄ လ ကြာ စစ်ဆင်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းမယ်လို့ ကြေညာချက် ထုတ်ပြန်လာတာပါ။

တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုတွေကိုရပ်ပြီး အဖွဲ့တစ်ဖွဲ့ချင်းစီနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောလာပါတယ်။

ဒါက သမ္မတ ဦးသိန်းစိန် လက်ထက်ကစပြီး ဒီနေ့အထိ ဆွေးနွေးညှိနှိုင်းလာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ တပ်မတော်ဘက်က ပထမဆုံးစစ်ဆင်ရေးရပ်နားမယ်လို့ ပြောကြားလာမှုဖြစ်လို့ ထူးခြားတဲ့ အပြောင်းအလဲလို့ ဆိုရမှာပါ။
ဒါပေမဲ့ အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားတွေဘက်ကတော့ ဒီထုတ်ပြန်ချက်ကို အပြည့်အဝ မယုံနိုင်သေးတာတွေ ရှိနေပါတယ်။

အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိတဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော်ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်မှုကို အခုလို ပြောပါတယ်။

"မြန်မာ့တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို ကျနော်တို့ သတိအနေအထားနဲ့ ကြိုဆိုပါတယ်။ ဒါဟာကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ်အနေနဲ့လည်း ကျနော်တို့ မြင်ပါတယ်။ ဒါပေမဲ့ အပြည့်အဝတော့ ငြိမ်းချမ်းရေးအတွက် ရလိမ့်မယ်တော့ ခက်ခဲဦးမယ်လို့ ကျနော်မြင်ပါတယ်။ တချို့နေရာမှာ ရပ်မယ်၊ တချို့နေရာမှာ တိုက်မယ်ဆိုတဲ့ သဘောတွေ တွေ့နေရပါသေးတယ်။ ကျနော်တို့ ညှိနှိုင်းစရာတွေ အများကြီးရှိပါသေးတယ်။ တပ်မတော်က ထုတ်ပြန်ချက်ထဲမှာလည်း တွေ့ဆုံဆွေးနွေးဖို့ဆိုတာတွေပါတယ်။ တွေ့ဆုံဆွေးနွေးဖို့ အဖွဲ့တွေလည်း တာဝန်ပေး ထားတယ်ဆိုတော့ အဲဒီအတိုင်းပဲ အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့လိုပါတယ်"

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က အစိုးရတပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးမှာ အပစ်ခတ် ရပ်စဲကြောင်း ဦးစွာကြေညာဖို့ ပြီးခဲ့တဲ့ အစိုးရသက်တမ်းကတည်းက တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်ဆင်ရေးရပ်မယ်လို့ ကြေညာတဲ့အထဲမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေ မပါဝင်ပါဘူး။

တစ်နိုင်ငံလုံး စစ်ဆင်ရေးရပ်တာ မဟုတ်တဲ့အတွက် အပြည့်အဝမယုံကြည်နိုင်ဘဲ ဒီလေးလတာကာလအတွင်း တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက မှတ်ချက်ပေးကြပါတယ်။

အခုထုတ်ပြန်ချက်ဟာ တပ်မတော်ဘက်က အလျော့ပေးတဲ့ ဆောင်ရွက်ချက်လို့ တွက်ဆလို့ မရဘူးလို့ ရခိုင်အမျိုးသားကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က ပြောပါတယ်။

"၃ မျက်နှာမှာ ကြေညာချက်ကို ဖတ်လိုက်တဲ့အခါ သတိထားဆင်ခြင်စရာတွေအများကြီး တွေ့ရပါတယ်။ တပ်မတော်ဘက်က အလျော့ပေးမယ့် ပုံစံလို့ ကျနော်တို့ ပြောရခက်ပါတယ်။ အခုထုတ်ပြန်ချက်ဟာ သူရဲ့ စစ်ဆင်ရေးရည်မှန်းချက်အရ ဖော်ဆောင်တဲ့ ပုံစံမျိုးရှိပါတယ်။ ဒီနေ့ သူတို့က နိုင်ငံတကာဖိအားတွေလည်း ပြင်းထန်နေတယ်။ စစ်မျက်နှာအသစ်တွေလည်း ပေါ်လာတယ်။ မြောက်ပိုင်းမှာသာမကဘဲ အနောက်ပိုင်းမှာပါဖြစ်လာတဲ့ အခါကျတော့ စစ်မျက်နှာအားလုံးကို တပြိုင်တည်း စစ်ဆင်ရေးလုပ်ဖို့ အနေအထားကျတော့ သူ့အတွက် အကန့်အသတ်ကြီးလာတယ်။ အကန့်အသတ်ဘောင်ကို ပြန်ပြီးတော့မှ ကျုံ့လိုက်တဲ့ သဘောလို့ ပြောလို့ရတယ်"

တဖက်ကလည်း အစိုးရတပ်မတော်အနေနဲ့ အခုလို စတင်ဆောင်ရွက်လာကို ဝမ်းမြောက်ကြိုဆိုကြသူတွေလည်း ရှိပါတယ်။

ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက တောင်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက အပစ်ရပ်ထားပြီးဖြစ်ပြီး လက်ရှိမြောက်ပိုင်းကို အစိုးရက အပစ်ရပ်ရေး စတင်ဖော်ဆောင်လာတဲ့အတွက် ကြိုဆိုတယ်လို့ ပြောပါတယ်။

"တောင်ဘက်ပိုင်းမှာလည်း အများစုကတော့ နှစ်ဖက်သဘောတူညီချက်တွေနဲ့ အပစ်ခတ်ရပ်စဲရေးက လုပ်ထားပြီးသားပဲ တချို့အဖွဲ့အစည်းတွေကျတော့လည်း ဒါ NCA လည်း လက်မှတ်ရေးထိုးထားကြတာတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုမြောက်ပိုင်းမှာလည်း အစိုးရတပ်မတော်ဘက်က အပစ်ခတ်ရပ်စဲကြောင်း ကြေညာတာကို ကျနေ်ာတို့ဘက်က ကြိုဆိုပါတယ်"

တပ်မတော်ရဲ့ ဒီနေ့ကြေညာချက်ထဲမှာဆိုရင် ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ နယ်မြေတွေက စစ်ရှောင်တွေကို မူလနေရပ်တွေကို အမြန်ဆုံးပြန်လည် ရွှေ့ပြောင်းနိုင်ရေးအတွက် တပ်မတော်က လိုအပ်သလို ကူညီဆောင်ရွက်မယ်ဆိုတဲ့ အချက်လည်း ပါပါတယ်။

ဒီလိုပြောဆိုချက်နဲ့ ပတ်သက်ပြီး ကချင်စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC က သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ပြောတာက

"KIA နဲ့ တွေ့ဆုံပြီးတော့မှပဲ ဒီအခြေအနေကို သူတို့ ဆွေးနွေးကြလိမ့်မယ်။ ဆွေးနွေးပြီးမှပဲ ဘယ်နေရာ ဘယ်ဒေသတွေ ပြန်ကြမယ်ဆိုတာ သိလာမယ်။ သူတို့ ဆွေးနွေးဖို့လိုပါသေးတယ်။ ခုတော့ တပ်မတော်ဘက်က သဘောထားကိုတော့ သိရပြီပေါ့။ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါအင်မတန်မှကောင်းတဲ့ ငြိမ်းချမ်းရေးလမ်းစဉ် တစ်ခုပါပဲ။ ဒီလိုကြေညာရုံတင်မကဘဲ စစ်တပ်တွေလည်း ဆုတ်သွားရင် ပိုပြီးမှကောင်းတဲ့ ငြိမ်းချမ်းရေးလမ်းကို မြင်တွေ့ရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ ကြိုဆိုပါတယ်"

တပ်မတော်ဘက်က စစ်ဆင်ရေးရပ်နားမယ့် ဒီလေးလတာကာလအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သဘောတူစာချုပ်တွေအတိုင်း ကတိတည်ဖို့၊ ငြိမ်းချမ်းရေး သဘောတူညီချက်တွေအပေါ် အမြတ်မထုတ်ဖို့၊ ဒေသခံပြည်သူတွေအပေါ် ဝန်ထုတ်ဝန်ပိုးမပေးဖို့နဲ့ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ တပ်မတော်က သတိပေးထားပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။