တပ်မတော်နဲ့ TNLA တိုက်ပွဲတွေကြောင့် အရပ်သားတွေထိခိုက်

ကံသာ
2019.11.14
villager-injure-622.jpg TNLA နဲ့ တပ်မတော် တိုက်ပွဲတွေ‌ကြောင့် ဒဏ်ရာရသူတစ်ဦးကို နမ့်ဖတ်ကာဆေးရုံးမှာ တွေ့ရစဉ်
Photo: Cherr Tung

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ ကွတ်ခိုင်နဲ့နမ့်ဖတ်ကြားတို့မှာ တပ်မတော်နဲ့ TNLA အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားတွေထိခိုက်တာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေရှိလာနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့နမ့်ဖတ်ကာကြား ပြည်ထောင်စုလမ်းမကြီးတလျှောက် နိုဝင်ဘာလ ၁၃ ရက်နေ့မနေ့က မနက်ပိုင်းကစလို့ တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မူဆယ်-မန္တလေး သွားလာရတဲ့ ခရီးသည်တွေ အခက်ခဲတွေ့နေရပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ မနေ့ကမနက်ပိုင်းမှာ ကွတ်ခိုင်အထွက် လွိုင်ဆမ်ဆစ်တောင်ခြေတဝိုက် တပ်မတော် နဲ့TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာမှာTNLA တပ်ဖွဲ့တွေက ကွတ်ခိုင်နမ့်ဖတ်ကာကြားက ရှုခင်းသာ ရင်ကွဲ တောင် စတဲ့နေရာတွေကိုပါ ပြန်လည်ထိန်းချုပ်လာတဲ့အခြေအနေကိုတွေ့ရပြီး ခရီးသွားကားတွေ ပိတ်ဆို့ခံရတာ တားမြစ်ပစ်ခတ်ခံရတာ‌တွေပါရှိလာနေပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ မနေ့ကညနေပိုင်း သုံးနာရီလောက်မှာ မိုင်းယုလေးရွာကနေ နမ့်ဖတ်ကာကို  ဆိုင်ကယ်နဲ့ သွားတဲ့သူတွေ အပစ်ခံရတာကြောင့် သံဃာတစ်ပါးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့လို့ နမ့်ဖတ်ကာ တိုက်နယ် ဆေးရုံကနေ မူဆယ်ဆေးရုံမှာ ဆေးကုသခံနေရတယ် ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ နမ့်ဖတ်ကာဒေသခံ ကိုချယ်ရီတောင် ကပြောပါတယ်။

မနေ့ကမနက်ပိုင်း ကွတ်ခိုင် လွိုင်ဆမ်ဆစ်တောင်ခြေတဝိုက်နဲ့ ကာလိုင်လမ်းခွဲမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး TEC ဘော်ဒါဆောင်ထဲ လက်နက်ကြီးတွေကျခဲ့လို့ ကျောင်းသား ၇၀ ကျော်ကို ပရဟိတအဖွဲ့တွေက ကွတ်ခိုင်မြို့ပေါ်ကို ခေါ်ဆောင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား ရင်ကွဲတောင်နား တိုက်ပွဲပြင်းထန်လို့ ခရီးသွားကားတွေ အခက်အခဲတွေ့ခဲ့ရပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့ဒီကနေ့မှာ လွိုင်ဆမ်ဆစ်တောင်ခြေတဝိုက် တိုက်ပွဲပြန်ပြင်းထန်ခဲ့ပြီး အရပ်သားကားတွေ ပစ်ခတ်ခံခဲ့ရတာရှိပါတယ်။ ပစ်ခတ်ခံရတဲ့အထဲမှာ ကျောင်းကြိုသွားတဲ့ ကားတစ်စီးပါဝင်ပြီး ကျောင်းဆရာတစ်ဦး နဲ့ ကားဆရာတစ်ဦး ဒဏ်ရာရခဲ့လို့ ကွတ်ခိုင်ဆေးရုံမှာ ဆေးကုသမှုခံနေရပါတယ်။

ဒီကနေ့နေ့လယ်ပိုင်းမှာလည်း ကွတ်ခိုင် လွိုင်ဆမ်ဆစ်တောင်ခြေ ကာလိုင်လမ်းခွဲမှာ တိုက်ပွဲတွေဖြစ်နေပြီး ကောင်းခါးလမ်းခွဲမှာ ခရီးသွားကားတွေ ကန့်လန့်ခံရပ်တန့်ခိုင်းတာတွေရှိလာနေပါ တယ်။ ဒါ့အပြင် ကွတ်ခိုင် နမ့်ဖတ်ကာလမ်းပိုင်း ရင်ကွဲတောင် ရှုခင်းသားတလျှောက်မှာတော့ တိုက်ပွဲဖြစ်လို့ ခရီးသွားကားတွေ ပြန်လှည့်ရတာ တိုးဂိတ်တွေမှာ စောင့်ဆိုင်းရတာတွေရှိနေပါတယ်။

ကျောက်မဲမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်ကြားမှာလည်း တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်နေပါတယ်။ တပ်မတော်ဘက်က နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး  မိုင်းငေါ့မြို့နယ်ခွဲကနေ လွယ်ပိန်းကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံက RFA ကိုပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် လွယ်ပိန်းရွာက နေအိမ်နှစ်လုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ မှာတော့ ကျောက်မဲကွန်ကော်တော့ဖယ်ရွာဘက်မှာ တပ်မတော် TNLA တပ်တွေ တိုက်ပွဲဖြစ်နေပြီး ကျောက်မဲ စကခ ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေရှိနေတယ်လို့ လွယ်ပိန်းရွာ ဆရာတော်က မိန့်ပါတယ်။

တိုက်ပွဲနဲ့ပတ်သက်လို့ TNLA ပြောခွင့်ရဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဆက်သွယ်မေးမြန်ရာ TNLA တစ်ဖွဲ့ထဲနဲ့ ဖြစ်နေတာဖြစ်ပြီး တပ်မတော်ဘက် ကျောက်မဲ နမ့်ဆန် ကွတ်ခိုင် မြို့နယ်တွေအတွင်းက TNLA ရှိတဲ့နေရာတွေကို ပိုမိုထိုးစစ်ဆင်လာလို့ သူတို့အနေနဲ့ ကြိုတင်ကာကွယ် ခုခံတဲ့အနေနဲ့ ပြုလုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဘက်က တိုက်ပွဲအခြေအနေတွေကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို ပြန်လည်ပြောဆိုပါတယ်။

"TNLA ဘက်က နမ့်ဆန်မြို့နဲ့ မီတာသုံးထောင်လောက်နေရာမှာ လာတပ်စွဲတာရှိတယ်၊ သူတို့အနေနဲ့ နယ်မြေ တိုးချဲ့တာတွေ ပြည်သူလူထုအနှောင့်အယှက်ဖြစ်အောင်လုပ်ရင်တော့ ကျနော်တို့လိုအပ်တဲ့ တုံ့ပြန်မှုလုပ်မှာဖြစ် ပါတယ်၊ သူတို့ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ နှောင့်ယှက်ပစ်ခတ်တာတွေရှိတယ်၊ အဲဘက်ကို ထိုးစစ်ဆင် ဖို့အကြောင်းပြတာ‌ပေါ့၊ ကျနော်တို့ရဲ့ နယ်မြေလုံခြုံရေး ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးအရ ကျနော်တို့က လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်သွားရမှာဖြစ်ပါတယ်"

နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ဒီကနေ့အထိ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ ကျောက်မဲ၊ နမ့်ဆန်မြို့နယ်တွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်ပြီး ဒေသခံတွေကြားမှာတော့ တိုက်ပွဲနယ်မြေတွေပို ကျယ်ပြန့်လာမှာကို စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။