စစ်အစိုးရရဲ့ အုပ်ချုပ်ရေးကောင်စီမှာပါဝင်ဖို့ ကမ်းလှမ်းချက် ပါတီအများစု ငြင်းပယ်

တင်အောင်ခိုင်(ဝါရှင်တန်ဒီစီ)
2021.02.08

အာဏာသိမ်းအစိုးရက ဦးဆောင်ဖွဲ့စည်းထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာပါဝင်ဖို့ နိုင်ငံရေးပါတီတွေကို ကမ်းလှမ်းတာတွေရှိပြီး ပါတီအများစုက လက်မခံဘဲ တချို့ ပါတီကတော့ လက်ခံထားပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ပြည်ထောင်စုအဆင့်နဲ့ တိုင်းနဲ့ပြည်နယ်အဆင့်တွေ စတင်ဖွဲ့စည်းနေပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်း အစိုးရဖြစ်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေပြီး နိုင်ငံရေးပါတီတွေကိုလည်း အဲဒီကောင်စီမှာပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒီအထဲမှာတော့ ပါတီအများစုကတော့ လက်မခံဘဲ ပါတီတစ်ချို့ကတော့ နစကခေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှာ ပါဝင်ဖို့ လက်ခံတာတွေ ရှိပါတယ်။

ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ Nကောလကတော့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့် နစခ အစိုးရအဖွဲ့မှာ ပါဝင်ဖို့ကမ်းလှမ်းတာတွေရှိပေမယ့် နိုင်ငံရေးအရ လက်မခံခဲ့ဘူးလို့ ပြောပါတယ်။

"ကျနော်တို့က နိုင်ငံရေးလုပ်နေတာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ရာထူးအာဏာတွေရဖို့လုပ်နေတာ မဟုတ်ဘူး၊ အဲလိုဘာကြောင့်ပြောရလဲဆိုတော့ ကျနော်တို့နိုင်ငံရေးလုပ်တယ်ဆိုတဲ့ အဓိကရည်မှန်းချက်က လူထုရဲ့ Mandate လိုတယ်လေ၊ လူထုရဲ့ Mandate နဲ့ သွားရမယ့်ကိစ္စသာလျှင် နိုင်ငံရေးလုပ်တယ်လို့ ပြောလို့ရမယ်၊ မဟုတ်ရင်တော့ အခါအခွင့်ကိုလုပ်တဲ့သဘော ရောက်တာပေါ့၊ အဲဒါကြောင့် ကျနော်တို့က နိုင်ငံရေးအရ ဆုံးဖြတ်တာ၊ တခြားဟာတွေ သိပ်မကြည့်ဘူးပေါ့နော်"

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်သူ့ပါတီကတော့ အာဏာသိမ်းစစ်အစိုးရက ကမ်းလှမ်းလာတဲ့ မည်သည့်ရာထူးကိုမဆို လက်ခံမှာမဟုတ်ဘူးလို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောပါတယ်။

"ကျနော်တို့အနေနဲ့ အာဏာသိမ်းမှုနဲ့ပက်သက်လို့ ကမ်းလှမ်းလာတဲ့ ဘယ်လိုတာဝန်ဘယ်လို ရာထူးမျိုးကိုမဆို လက်မခံဖို့ ကျနော်တို့ ပါတီအနေနဲ့ ဆုံးဖြတ်ချက်ချထားပါတယ်၊ ကျနော် ကျိမ်းသေပေါက်ပြောနိုင်သာသည့် လက်ရှိအာဏာသိမ်းမှုကနေပြီးတော့ ကမ်းလှမ်းလာတဲ့ ဘယ်လိုရာထူးတာဝန်မျိုးမှ ကျနော် ပါတီအနေနဲ့ လုံးဝလက်ခံမှာ မဟုတ်ဘူးဆိုတာ ပြတ်ပြန်သားသားပြောရဲပါတယ်"

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကလည်း အုပ်ချုပ်ရေးကောင်စီမှာပါဝင်ဖို့ ကမ်းလှမ်းခံရပေမယ့် ပါဝင်ဖို့ အဆင်သင့်မဖြစ်သေးလို့ လက်မခံဘူးလို့ ပါတီဥက္ကဋ္ဌ စိုင်းညွှန့်လွင်က ပြောပါတယ်။

"တစ်ယောက်ပါဖို့ ကမ်းလှမ်းပေမယ့် အဆင့်သင့်မဖြစ်သေးလို့ လက်မခံလိုက်ပါဘူး၊ အားလုံးသဘောတူတာမျိုး လုပ်သင့်တာပေါ့"

ကချင်ခြေစိုက် တိုင်းရင်းသားပါတီတွေ ပေါင်းစည်းထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ကိုလည်း အစိုးရအဖွဲ့မှာ ပါဝင်ဖို့ ကိုယ်စားလှယ် တောင်းခံတာရှိခဲ့တယ်လို့ ဒုတိယဥက္ကဋ္ဌ (၂) ဂွမ်ဂေါင်အောင်ခမ်း က ပြောကြားပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီအနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရက်ကို ယုံကြည်တာကြောင့် ကမ်းလှမ်းမှုတွေကို ငြင်းပယ်ထားပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့လိုကြောင်း ဒုတိယဥက္ကဋ္ဌ (၂) ဂွမ်ဂေါင်အောင်ခမ်း ပြောပါတယ်။

"ကျနော်တို့ အနာဂတ်မှာ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ဆိုတာက စစ်တပ်ကဲဖြစ်ဖြစ် ဒီမိုကရေစီအင်အားစုပဲဖြစ်ဖြစ် တိုင်းရင်းသားအားလုံးနဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပြီးမှ အနာဂတ်ကို သွားရတာက နိုင်ငံတစ်ခုတည်ထောင်တာဖြစ်ပါလိမ့်မယ်၊ ဒါမှမဟုတ်ဘူး ရေတိုရေရှည်မှာ ဒီလိုပဲသွားမယ်ဆိုရင် ဘာမှအကျိုးမှ ရှိမှာမဟုတ်ဘူး၊ ဒါကြောင့်လည်း အနာဂတ်ကို တွေ့ဆုံညှိနှိုင်းပြီးမှ သွားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆိုတာကို ပြောလိုပါတယ်"

ကရင်အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီနဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတဲ့နိုင်ငံရေးပါတီတွေကလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ ကမ်းလှမ်းမှုတွေကို လက်မခံဘဲ ငြင်းဆန်ခဲ့ကြတယ်လိ့ု ပါတီထုတ်ပြန်ချက်တွေ၊ သတင်းမီဒီယာတွေမှာ ပြောထားကြပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် အရာရှိ ရှစ်ဦး၊ အရပ်သား ကိုယ်စားလှယ် သုံးဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာ ပါတီတစ်ချို့က ကိုယ်စားလှယ်တွေနဲ့ ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်သူ့ပါတီက ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့တဲ့ ပဒိုမန်းငြိမ်းမောင်၊ ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် စတဲ့ လူသိများတဲ့ အရပ်သား ကိုယ်စားလှယ်တွေကို ထည့်သွင်းဖွဲ့စည်းထားပါတယ်။

မွန်ညီညွတ်ရေးပါတီကလည်း နစက မှာ ပါဝင်ဖို့ တပ်မတော်ရဲ့ ကမ်းလှမ်းချက်ကို ပါတီအစည်းအဝေး ဆုံးဖြတ်ချက်အရ လက်ခံလိုက်ပြီး ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဗညားအောင်မိုးကို တာဝန်ပေးလိုက်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ဖြတ်သန်းလာတဲ့သမိုင်းကြောင်းအရ သွေးထွက်သံယိုမှုတွေမဖြစ်အောင် ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တာလို့ ပါတီအတွင်းရေးမှူး နိုင်လယိတမက ပြောပါတယ်။

"ပြီးခဲ့တဲ့ သမိုင်းအတွေ့အကြုံအရ ကျနော်တို့တတွေဟာ ပြည်သူတရပ်လုံးဟာ ထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကြောင်းကို လျှောက်ခဲ့ကြတယ်၊ လျှောက်ခဲ့ကြတဲ့အပေါ်မှာ ကျနော်တို့ တိုင်းရင်းသား၊ ပြည်သူ၊ ကျောင်းသား၊ ရဟန်း၊ ရှင်လူ သွေးမြေကျခဲ့ရတယ်၊ အသက်ပေါင်းများစွာ စတေးခဲ့ရတယ်၊ ဒီအတွေအကြုံအရ လက်ရှိဖြစ်ပျက်ပေါ်နေတဲ့ အခြေအနေမှာ ပြည်သူတွေ သွေးချောင်းစီးစေနိုင်တဲ့ လမ်းကြောင်းကို ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းကို ရှောင်လွှဲပြီးတော့ ပူးပေါင်းဆောင်ရွက်မှုကတဆင့် စေ့စပ်ညှိနှိုင်းအဖြေရှာတဲ့ လမ်းကြောင်းကို သွားသင့်တယ်ဆိုပြီးတော့ အဲဒီအမြင်ပေါ်မှာ ကျနော်တို့က ကမ်းလှမ်းချက်ကို လက်ခံရခြင်းဖြစ်ပါတယ်"

မွန်ညီညွတ်ရေးပါတီက နစကမှ ာပါဝင်ဖို့ လက်ခံလိုက်တာကြောင့် ပါတီထောက်ခံသူတွေက ဆန့်ကျင်ကန့်ကွက်နေကြသလို ပါတီ ဗဟိုအလုပ်မှုဆောင်တွေ နုတ်ထွက်တာတွေရှိပေမယ့် မွန်ညီညွတ်ရေးပါတီအနေနဲ့ ဆုံးဖြတ်ထားတဲ့အတိုင်း စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်လယိတမက ပြောပါတယ်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတွေကို နစကအစိုးရက ကမ်းလှမ်းမှုနဲ့ပက်သက်ပြီး မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပက်သက်ပြီး ပါတီက ဆုံးဖြတ်ထားတာကြောင့် မပြောလိုဘူးလို့ ဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ၈ ရက်မြောက်နေ့မှာ တစ်နိုင်ငံလုံးက မြို့အတော်များများမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး ဆန္ဒပြပွဲတွေ လူထောင်သောင်းချီပြသနေပါတယ်။

အာဏာသိမ်းအစိုးရက နစခခေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို တိုင်းနဲ့ပြည်နယ်တွေ၊ ခရိုင်နဲ့မြို့နယ် အဆင့်တွေအထိ ဖွဲ့စည်းဖို့ ကြိုးစားနေပြီး NLD ပါတီက ၂၀၂၀ ကိုယ်စားလှယ်တွေကလည်း အွန်လိုင်းကနေ လွှတ်တော်တွေ ကျင်းပတာ၊ ကော်မတီတွေ ဖွဲ့စည်းတာတွေ ဆောင်ရွက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။