စစ်အသုံးစရိတ်၊ ကလေးစစ်သားအသုံးပြုမှု၊ အဂတိလိုက်စားမှုများအကြောင်း တပ်သတင်းစာရှင်းလင်း


2019.05.27
zawmintun-622.jpg နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ၂၀၁၉၊ မေ ၂၇ ရက်နေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

မြန်မာ့တပ်မတော်ရဲ့ စစ်ပွဲအသုံးစရိတ်တွေကို သတင်းထုတ်ပြန်ပေးဖို့မရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

သတင်းမီဒီယာသမားတွေရဲ့ မေးမြန်းချက်တွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ ရှင်းလင်းချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။

■ NLD အစိုးရရဲ့ ပြီးခဲ့တဲ့ အစိုးရသက်တမ်း သုံးနှစ်တာကာလအတွင်း တပ်မတော်အနေနဲ့ စစ်ပွဲအသုံးစရိတ် ဘယ်လောက်ရှိသလဲနဲ့ ဘယ်နှစ်မှာ အများဆုံးသုံးခဲ့သလဲလို့ သတင်းသမား တစ်ဦးရဲ့ မေးမြန်းမှုကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြောခဲ့တာပါ။

"အမေရိကန်ကော၊ EU ကော စစ်ပွဲအသုံးစရိတ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်လေ့မရှိဘူး။ မြန်မာ့တပ်မတော် အနေနဲ့ မထုတ်ပြန်နိုင်ပါဘူး"

တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်းရာမှာ တပ်မတော်က ကလေးစစ်သား အသုံးပြုသူစာရင်းကနေ မြန်မာနိုင်ငံကို ပယ်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်နေပြီး ၂၀၁၈ ခုနှစ်အတွင်း အသက် ၁၈ နှစ် မပြည့်ဘဲ တပ်မတော်ထဲဝင်ရောက်ခဲ့သူ ၇၅ ဦးနဲ့ ၂၀၁၉ ခုနှစ်မှာ မတ်လအထိ ၃၂ ဦးကို မိဘတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာလူသတ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတဲ့ တပ်မတော်သား ခုနှစ်ဦးလွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းမှုအပေါ် စစ်ဥပဒေချုပ်ရုံးက ဗိုလ်မှူးကြီး အောင်ခင်သိန်းက အခုလိုပြောပါတယ်။

"ကျနော်တို့ စစ်တရားရုံးက အရာရှိ လေးဦးနဲ့ စစ်သည် သုံးဦးကို လူသတ်မှုမှာ ပါဝင်ပတ်သက်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ အရာရှိနဲ့ စစ်သည်တွေကို သက်ဆိုင်ရာ နယ်ဘက်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ သတင်းထောက်ကြီးပြောတဲ့ ပြင်ပမှာ လွတ်ပြီဆိုတဲ့ သတင်းကတော့ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး"

မန္တလေးနန်းတွင်းနဲ့ မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေမှာ တပ်မတော် တပ်စခန်းတွေ နေရာ ချထားမှုတွေနဲ့ ပတ်သက်လို့ ဖယ်ရှားပေးနိုင်မှုရှိမရှိ RFA သတင်းဌာနရဲ့ မေးမြန်းချက်ကို တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောတာက

"မန္တလေးနဲ့ ပတ်သက်တဲ့နေရာတွေက အရင်ထဲက တပ်ကနေ ရှိခဲ့တဲ့နေရာတွေ ဖြစ်တယ်။ ဒါပေမဲ့ ခြွင်းချက်အနေနဲ့ တကယ့် ရှေးဟောင်းအမွေအနှစ်နေရာတွေ၊ ယဉ်ကျေးမှုနေရာတွေကို တပ်မတော်အစိုးရ လက်ထက်ကတည်းက နန်းတော် တည်ဆောက်ပေးခဲ့တယ်။ အဲ့ပတ်ဝန်းကျင်က ထိခိုက်တဲ့ တပ်တွေကို ကျနော်တို့ ပြောင်းရွှေ့ပေးခဲ့တယ်။ မြောက်ဦးမြို့မှာ တပ်ရင်း သုံးရင်းရှိတယ်။ မြို့ပြင်မှာရှိတဲ့ တပ်ရင်းကော မြို့တွင်းမှာရှိတဲ့ တပ်တွေကော မည်သည့်ရှေးဟောင်းအဆောက်အဦးကိုမှ မထိခိုက်ဘူး"

ဒါ့အပြင် တပ်မတော်ရဲ့ သိမ်းဆည်းလယ်ယာမြေတွေကို ဘယ်လိုမူဝါဒတွေနဲ့ ပြန်လည်စွန့်လွှတ်နေလဲလို့ သတင်းသမားတစ်ဦးက မေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကနေ အခုနှစ် မေလအထိ တပ်မတော်က သိမ်းဆည်းခဲ့တဲ့ မြေဧက ၂ သိန်း ၇ သောင်းကျော်ကို နိုင်ငံတော်ကို စွန့်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောပါတယ်။

"ဒါတွေကို ပြန်လည်စွန့်လွှတ်ပြီးတော့ ရောက်တယ် မရောက်ဘူး။ ရတယ် မရဘူးဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်ပေးပေမယ့် တောင်သူတွေဆီ မရောက်ဘဲ ကြန့်ကြာနေတယ်ဆိုတဲ့ အပိုင်းတွေကတော့ နိုင်ငံတော်ကိုယ်စား မြေယာစိစစ်ရေးကော်မတီ အဆင့်ဆင့်က ပြန်လည်စိစစ်ရပါတယ်။ စိစစ်မှုကြောင့် ကြန့်ကြာနေတယ်လို့ သုံးသပ်ရပါတယ်"

တပ်မတော်သားတွေ အဂတိလိုက်စားမှုတွေရှိရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲဆိုတဲ့ မေးခွန်းကိုတော့ -- တပ်တွင်းမှာ ပြင်းထန်တဲ့ အရေးယူမှုတွေရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။

"ပြောရရင် အရာရှိကြီး အဆင့်ပေါ့ ကျနော်ထက် အဆင့်မြင့်တဲ့သူတွေ အရာရှိကြီး အဆင့်ထိ အရေးယူခဲ့တာရှိတယ်။ တရားဝင် ထုတ်ပြန်ခြင်းမရှိဘူး။ မေးလည်းမမေးနဲ့ မပြောဘူး။ အဂတိလိုက်စားမှုကော်မရှင်က တိုက်ရိုက်အရေးမယူဘူးဆိုပေမယ့် ကော်မရှင်က အရေးယူတာထက် ပိုပြင်းတယ်။ ကျနော်တို့ အရေးယူတာက စုံစမ်းကြည့်ပါ"

ကာကွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတော်အစိုးရရဲ့ ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်းသာ ချမှတ် ဆောင်ရွက်နေတာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံးအခြေအနေတွေကိုလည်း အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။