အာရှသိပ္ပံ အကျော်အမော်စာရင်းမှာ မြန်မာဘယ်နှစ်ဦးပါသလဲ

2019-06-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
Japan International ဆုကိုရခဲ့တဲ့ ဒေါက်တာမင်းအောင်နဲ့ အာဆီယံ-အမေရိကန် အမျိုးသမီးသုတေသီဆု နောက်ဆုံးဇကာတင် ဝင်ခဲ့တဲ့ ဒေါက်တာသီသီစိုး တို့ကို တွေ့ရစဉ်
Japan International ဆုကိုရခဲ့တဲ့ ဒေါက်တာမင်းအောင်နဲ့ အာဆီယံ-အမေရိကန် အမျိုးသမီးသုတေသီဆု နောက်ဆုံးဇကာတင် ဝင်ခဲ့တဲ့ ဒေါက်တာသီသီစိုး တို့ကို တွေ့ရစဉ်
Photo credit for Asian Scientist 100

ပြီးခဲ့တဲ့လကုန်ပိုင်းက စင်္ကာပူနိုင်ငံထုတ် အာရှသိပ္ပံပညာရှင် မဂ္ဂဇင်းက အာရှနိုင်ငံတွေက သိပ္ပံပညာရှင် အကျော်အမော် ၁၀၀ စာရင်းကို ထုတ်ပြန်ပါတယ်။ ဒီစာရင်းမျိုးကို ၂၀၁၆ခုနှစ်ကစပြီး နှစ်စဉ်ထုတ်ပြန်တာဖြစ်ပြီး အခုနှစ် ၂၀၁၉အတွက်၊ ပညာရှင် ၁၀၀ စာရင်းကို မေလကုန်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

ဒီစာရင်းမှာပါသူတွေဟာ သိပ္ပံပညာရပ်နဲ့ သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ဆုတခုခုကို ၂၀၁၈ ခုနှစ်ကရရှိခဲ့သူ ဖြစ်ရမယ့်အပြင် ထူးခြားတဲ့တီထွင်မှုလည်းရှိသူဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒီဆုအကြောင်းနဲ့ မြန်မာသိပ္ပံပညာရှင်တွေအကြောင်း ဦးတင်အောင်ခိုင် က တင်ပြပါမယ်။

ထုတ်ပြန်လိုက်တဲ့ ၂၀၁၉ ခုနှစ်အတွက် ဆုရရှိတဲ့ အာရှသိပ္ပံ အကျော်အမော်ပညာရှင်စာရင်းကို ပြန်ကြည့်လိုက်ရင် ဂျပန်ပညာရှင်တွေ အများဆုံးတွေ့ရမှာဖြစ်ပြီး ၁၅
ဦးဖြစ်ပါတယ်။ ဒုတိယကတော့ တရုတ်နဲ့ ဟောင်ကောင်က သိပ္ပံပညာရှင်က ၁၄ ဦးပါ အဲဒီနောက်မှာတော့ အိန္ဒိယက ၁၂ဦး တို့ဖြစ်ကြပါတယ်။ ဒီစာရင်းမှာ အရှေ့တောင်အာရှက ပညာရှင်တွေကတော့ စင်္ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းတို့ကဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ အခုနှစ်မှာ စာရင်းမပါခဲ့ပေမဲ့ အရင်နှစ်တွေက ဆုရသူစာရင်းမှာ ပါဝင်ခဲ့ကြ တာပါ။၂၀၁၇ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေက ဖြစ်ပါတယ်။ သူတို့ကတော့ တိ/မွေးကု ဒေါက်တာမင်းအောင်နဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ဒေါက်တာ သီသီစိုး တို့ပါ။ သူတို့အကြောင်း ဂျပန်အနိုင်ငံ၊ ကမ္ဘာမြေနဲ့ အာဏ္ဍ၀ါသုတေ သနအေဂျင်စီက ပညာရှင် ဒေါက်တာမိုးကျော်သူ ပြောတာက

“ဒေါက်တာမင်းအောင်ကတော့ ဂျပန်က International prize ကို ရခဲ့ပါတယ်။ သူက နိုစားနွား နို့ပိုထွက်ဘို့နဲ့ မီသိန်းဓါတ်ငွေ့နည်းအောင်လုပ်တဲ့ သုတေသနနဲ့ ဆုရထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုပြီး ၂၀၁၇ မှာ ရခဲ့တာပါ။ ဒေါက်တာသီသီစိုး ဆိုရင် အာဆီယံ-အမေရိကန် အမျိုးသမီးသုတေသီ နောက်ဆုံးဇကာတင်ရရှိပါတယ်”

ဒီဆုပေးဘို့ ပညာရပ်နယ်ပယ် ၁၀ ခု သတ်မှတ်ထားပါတယ်။ ဆေးပညာ၊ စိုက်ပျိုးရေး၊ အင်ဂျင်နီယာ သဘာဝပတ်ဝန်းကျင်နဲ့ ဘုမိဗေဒ၊ဇီဝဗေဒ၊ ဓါတုဗေဒ၊ ရုပဗေဒ၊ သင်္ချာ၊ Material Science ခေါ်ရုပ်ဝတ္တုဆိုင်ရာသိပ္ပံနဲ့ ခေါင်းဆောင်မှုပညာတွေဖြစ်ပါတယ်။

နိုင်ငံအလိုက် ဆုရသူတွေစာရင်းကိုကြည့်ရင် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုများတဲ့နိုင်ငံတွေမှာ ထူးချွန်တဲ့ ပညာရှင်တွေ စုနေတာတွေ့နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့ သိပ္ပံပညာတိုးတက်မှုဟာ ပညာရေး တိုးတက်မှုတွေနဲ့ တိုက်ရိုက်အချိုးများကျနေသလားလို့ မေးနိုင်ပါတယ်။

“အဲဒါက အဓိကပါပဲ၊ နိုင်ငံရဲ့စီးပွားရေးတိုးတက်ဘို့ဆိုတာမှာ ပညာရေးတိုးတက်ဘို့က အခြေခံပါပဲ၊ အဲဒီထဲမှာမှ သုတေသနနဲ့ တည်ထွင်ဖန်တီးမှုတွေ မလုပ်ဘူးဆိုရင် ဘယ်လိုမှတိုးတက်မှာမဟုတ်ပါဘူး အားလုံးက ဆက်နွယ်နေပါတယ်။ နိုင်ငံစီးပွားတိုးတက်ဘို့ တိုးတက်ဘို့ဆိုတာပြောနေပေမဲ့ ပညာရေး၊ သုတေသနနဲ့ တည်ထွင်မှုတွေကို အားမပေးဘူးဆိုရင်ကတော့ ဘယ်လိုမှတိုးတက်လာမှာမဟုတ်ဘူး”

ဒေါက်တာမိုးကျော်သူပြောပြတာပါ။ ၂၀၁၉ခုနှစ်အတွက် ဆုရရှိသူ အရှေ့တောင်အာရှနိုင်ငံတွေထဲက ဖိလစ်ပိုင်နိုင်ငံဆိုရင် ပညာရှင် ၈ ဦးတိတိ ဆုစာရင်းမှာပါဝင်ခဲ့ပါတယ်။ သူတို့ကို ဖိလစ်ပိုင်လွှတ်တော်က ခေါ်ယူတွေ့ဆုံခဲ့ပြီး ဆုရရှိခဲ့ကြသူတွေကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးဘို့ ဥပဒေပြုဘို့အထိ လွှတ်တော်မှာ တင်ပြလာတာတွေ့ရပါတယ်။

ခုလိုဆောင်ရွက်မှုတွေဟာ နိုင်ငံပညာရေးမြှင့်တင်ပေးမှုပဲဖြစ်ပါတယ်။ ပညာရေးမြင့်မားလာတာနဲ့အမျှ နိုင်ငံသူနိုင်ငံသားတွေရဲ့ အတွေးအခေါ်ဆင်ခြင်တုံတရားတွေလည်း မြင်ံလာမှာဖြစ်သလို စီးပွားရေးလည်း ဦးမော့လာမှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့