တပ်ကိုဝေဖန်ထောက်ပြသူတွေနဲ့ အကြည်ညိုပျက်စေမှုပုဒ်မ


2020.01.24

ပြီးခဲ့တဲ့ ကိုးလလောက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှာ တပ်ကို ဝေဖန်ခဲ့တာကြောင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ ကဗျာဆရာ စောဝေတို့ကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့  တရားစွဲဆိုခဲ့တာပါ။

ကော့သောင်းမြို့နယ် ခမောက်ကြီး တပ်နယ်က ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က တရားလိုလုပ် တရားစွဲဆိုခဲ့တာကို မြို့နယ်တရားရုံးက ၂၀၁၉  အောက်တိုဘာလမှာ လက်ခံလိုက်တာပါ။

သူတို့ သုံးဦးကို ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုတာဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့ရဲ့အသံတွေ တိတ်အောင် လုပ်တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က ယူဆပါတယ်။

“၅၀၅ (က)နဲ့ စွဲဆိုတာကတော့ ကျနော်တို့အပေါ်မှာ နစ်နာအောင် တပ်မတော်က တမင်လုပ်တာလို့ ကျနော် စွပ်စွဲပါတယ်။ ဘာလို့ စွပ်စွဲတာလဲဆိုတော့ ကျနော်က အခြေခံဥပဒေကိစ္စတွေမှာ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သေချာ ထဲထဲဝင်ဝင် ပြောတယ်။ အဲဒီအပေါ်မှာလည်း အမျက်ထွက်နိုင်ပါတယ်။ သူတို့က မပြင်ချင်တဲ့သူကိုး။ နောက်တစ်ချက်က ကာလုံကိစ္စ၊ သူတို့က တအားခေါ်ခိုင်းနေတယ် ကျနော်က ကာလုံဟာ ဘယ်လိုကာလုံမျိုးဆိုရင်တော့ အရေးတကြီး ခေါ်ဖို့လိုတယ်၊ လက်ရှိ ကာလုံကတော့ ဘယ်လိုကာလုံမျိုးဖြစ်နေတယ်ဆိုတာ RFA ကနေ တစ်ဆင့်လည်း ကျွန်တော်ပြောခဲ့တယ်။ အဲဒီအပေါ်မှာလည်း သူတို့ ကျနော်ကို အမျက်ထွက်တယ်လို့ တဆင့် သိရပါတယ်။ နောက်တစ်ခါ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကျနော် အသံမထွက်အောင် တိတ်အောင်လုပ်လိုက်တယ်လို့ ယူဆပါတယ်။”

အဲဒီဟောပြောပွဲဟာ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ဖွဲ့စည်းထားတဲ့ ၄၅ ဦးကော်မတီကို ထောက်ခံတဲ့ ဟောပြောပွဲဖြစ်သလို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ဆီ ခွင့်ပြုချက်တောင်းခံပြီးမှ ခွင့်ပြုချက်နဲ့အညီ လုပ်ဆောင်ခဲ့တာလို့ ဦးကြီးမြင့်က ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သူတို့ကို အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှာ ပြောဆိုလို့  တရားစွဲတာမဟုတ်ဘဲ၊ တပ်မတော်ကို မဟုတ်မမှန်တာတွေ ပြောနေတာကြောင့် စွဲရတာလို့ RFA ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောဆိုထားပါတယ်။

ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုတာဟာ အာမခံမပေးဘဲ ထောင်ထဲကနေ တရားရင်ဆိုင်စေချင်တာကြောင့် ဖြစ်နိုင်ကြောင်း ကဗျာဆရာ စောဝေ က ပြောပါတယ်။

“၂၀၀၈ အခြေခံဥပဒေ ပြုပြင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံတဲ့ပွဲ တကယ်တမ်းကျတော့။ တရားဝင်ခွင့်ပြုမိန့်တွေ ဘာတွေနဲ့ မြို့မိမြို့ဖနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ကျနော်တို့ကို ဖိတ်တဲ့ပွဲ။ အဲဒီကနေ ၁၁ လပိုင်းအထိ ၇ လလောက်တောင် အချိန်ယူပြီးတော့ ဒါဟာ ၅၀၅(က) မရ ရအောင်စောင့်ပြီးတော့ လုပ်တဲ့သဘောရှိတယ်။ အဲဒီအတွက် ၅၀၅(က) အာမခံမပေးဘဲနဲ့ ကျနော်တို့ကို တစ်ဖက်သတ် အပေါ်စီးကနေ ကျနော်တို့ကို ထောင်ထဲမှာ ထည့်ထားပြီးတော့ တရားရင်ဆိုင်စေချင်တဲ့ တပ်မတော်ရဲ့ ကျနော်တို့အပေါ်ထားတဲ့ စိတ်စေတနာပဲလို့ ပြောချင်တယ်။”

ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးကြီးမြင့် အပါအဝင် သုံးဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ပြည်တွင်းမီဒီယာအချို့က ဖော်ပြထားပေမယ့် ကာယကံရှင်တွေဆီကို အကြောင်းကြားတာ ဘာမှမရှိသေးဘူးလို့ ဦးကြီးမြင့်က ဆိုပါတယ်။ ဝရမ်းထုတ်တဲ့အခြေအနေနဲ့ပတ်သက်လို့ ဦးကြီးမြင့် ပြောတာက ---

“အဲဒါက သတင်းမီဒီယာတွေကနေတဆင့် ကြားတာပါ။ ကျနော်တို့ဆီတော့ ဘာမှမလာသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ ပြောချင်တာက ကျွန်တော်တို့ကို သက်ဆိုင်ရာ တရားသူကြီးက ရာဇဝတ်မှုကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ နဲ့ ပဏာမ စုံးစမ်းစစ်ဆေးဖို့ ရဲကို ပြန်ချတယ်။ ရဲက ကျနော်တို့ကို မစစ်ဘဲနဲ့ စစ်ပြီးသယောင် မပြည့်စုံတဲ့ အစီရင်ခံစာတစ်စောင် မြို့နယ်တရားသူကြီးကို တင်လိုက်တယ်။ မြို့နယ်တရားသူကြီးက လက်ခံပြီး ကျနော်တို့ကို ၅၀၅ (က)နဲ့ အမှုဖွင့်လိုက်တာပဲ။ အမှုဖွင့်လိုက်တဲ့အပေါ်မှာ ပုဒ်မ ၂၀၂ နဲ့ ကနဦး စစ်ဆေးပါဦး။ ကျနော်တို့က ဥပဒေပါ အခွင့်အရေးတွေ နစ်နာနေပါတယ်ဆိုပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကိုလည်း စာတင်တယ်။ မြို့နယ်တရားသူကြီးကိုလည်း တိုက်ရိုက် တံဆိပ်ခေါင်းကပ်ပြီး စာတင်ပါတယ်။ အဲဒီကြားထဲကနေပြီးတော့ ကျနော်တို့ကို  ပုဒ်မ ၂၀၂ နဲ့ မစစ်ဆေးဘဲနဲ့ အခုလို ဝရမ်းထုတ်ခြင်းဖြစ်ပါတယ်။”

ဖမ်းဝရမ်းထုတ်ခံထားရတာနဲ့ ပတ်သက်လို့ ကော့သောင်းမြို့နယ် တရားရုံးကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ သွားရောက်တရားရင်ဆိုင်သွားမှာ ဖြစ်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ မြို့နယ်တရားသူကြီးဆီ ဇန်နဝါရီလ ၂၂ ရက်နေ့က စာပို့အကြောင်းကြားထားတယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့မှာလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ရှေ့နေဦးကြီးမြင့်နဲ့ ကဗျာဆရာ စောဝေတို့က ရန်ကုန်မြို့မှာ ရှင်းလင်းပွဲ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

တရားစွဲခံရသူတွေရဲ့ တုံ့ပြန်ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့---

“တပ်မတော်ဆိုတာသည်လည်း အင်စတီကျူးရှင်းတစ်ခုဖြစ်တယ် အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ သို့သော် လွန်လွန်ကဲကဲ ပြောဆိုလာပြီ ဆောင်ရွက်လာပြီဆိုရင်တော့ ကျနော်တို့အနေနဲ့က ဒီအဖွဲ့အစည်းရဲ့ အကျိုးကျေးဇူးအရ ငြိမ်ခံနေလို့မရပါဘူး။ တတ်နိုင်တဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်မှုများတော့ ရှိလာရမှာဖြစ်တယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း ကျနော်တို့ ဥပဒေဘောင်အတွင်းက တည်ဆဲဥပဒေတွေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ အခုပြောတဲ့ဟာကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အသံတိတ်သွားအောင် ဘာတို့က သူတို့ အပြင်မှာပဲ ရှိသည်ဖြစ်စေ၊ အတွင်းမှာပဲ ရှိသည်ဖြစ်စေ မဆိုင်လောက်ဘူးလို့ ထင်ပါတယ်။”

ဒီအမှုမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကိုတော့ ဇန်နဝါရီ  ၂၀ ရက်နေ့က ကော့သောင်းမြို့နယ် တရားရုံးမှာ ပထမဆုံး ရုံးထုတ်ခဲ့ပြီး တရားလို ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က အဲဒီရုံးချိန်းကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာဆိုရင် ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်နဲ့ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်တို့မှာ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြောဆိုချက်တချို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် တရားရုံးတွေက ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် တပ်မတော်က တရားစွဲဆိုထားတဲ့ အမှုတွေအားလုံး အမြန်ဆုံးပြန်လည် ရုပ်သိမ်းပေးဖို့နဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အရပ်ဘက်အဖွဲ့အစည်း ၁၃၀ ကျော်က တောင်းဆိုထားပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာ လေးနှစ် နီးပါးအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့အမှု ၄၇ မှုအထိရှိပြီး အဲဒီထဲက တရားစွဲဆိုခံထားရတဲ့ လူဦးရေ ၉၆ ဦးအထိ ရှိလာတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ အသံအဖွဲ့က ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တပ်မတော်က တရားစွဲဆိုထားတဲ့ အမှုတွေထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ တရားစွဲဆိုလို့ရတဲ့အမှု တစ်မှုမှ မရှိသလို ဝေဖန်မှု၊ ပြောဆိုမှုတွေထဲမှာ တပ်မတော်ကို အသရေပျက်စေတာတွေ ပါခဲ့ရင်တောင် တရားမစွဲသင့်ဘဲ ဝေဖန်မှုတွေကို နားလည်လက်ခံပေးဖို့ လိုအပ်တယ်လို့ အသံဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။

“စစ်တပ်နဲ့ ဆက်စပ်ပြီး တရားစွဲဆိုခံထားရတဲ့အမှုအားလုံးကို ကြည့်တဲ့အခါမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရ သူတို့ တရားစွဲဆိုလို့ရတဲ့အမှု တစ်မှုမှ ရှိတာမတွေ့ရပါဘူး။ အကုန်လုံးဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ ပြောကြတဲ့ဟာတွေချည်းသာဖြစ်ပြီးတော့ သူတို့အပေါ်မှာ အသရေဖျက်တယ်ဆိုတာမျိုး မမြောက်တာမျိုး တွေ့ရတယ်။ စစ်တပ်အနေနဲ့ ဒီလိုဝေဖန်မှုမျိုးကို တရားစွဲဆိုလို့ မသင့်တော်ဘူး။ နောက်တစ်ခုကကျတော့ ဝေဖန်မှုထဲမှာ စစ်တပ်ကို အသရေပျက်စေတဲ့ဟာတွေ ပါနေခဲ့သည့်တိုင်အောင် သူတို့အနေနဲ့ တရားစွဲဆိုတာမျိုး မလုပ်ဘဲနဲ့ ဝေဖန်မှုတွေအပေါ်မှာ နားလည်လက်ခံပေးဖို့ လိုအပ်တယ်။ ဒါမှသာ ဒီမိုကရေစီကို သွားတဲ့လမ်းကြောင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အမှန်တကယ် အာမခံတယ်ဆိုတာကို သေချာစေမှာ ဖြစ်ပါတယ်။”

အာမခံ မရနိုင်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် နှစ်နှစ် ချမှတ်နိုင်ပါတယ်။

တပ်မတော်ကို အွန်လိုင်းလူမှုကွန်ရက်မှာ ဝေဖန်ရေးသားတဲ့ လူ့အခွင့်ရေးမှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာလည်း ဒီပုဒ်မနဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရသလို သင်္ကြန်ကာလက သံချပ်နဲ့ ဝေဖန်ထောက်ပြခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်တွေလည်း အဲဒီပုဒ်မနဲ့ပဲ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။