စစ်ကောင်စီနဲ့ အတိုက်အခံတွေ ဆွေးနွေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

2022.07.04
စစ်ကောင်စီနဲ့ အတိုက်အခံတွေ ဆွေးနွေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ပုဂံမြို့မှာ တွေ့ဆုံစဥ်
Photo: China MOFA

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အတိုက်အခံတွေနဲ့ပါ အားလုံးတွေ့ဆုံဆွေး နွေးစေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ပြည်သူလူထုရဲ့ အကျိုးစီးပွားရေး ရှေးရှုတဲ့အနေနဲ့ နိုင်ငံရေးအရ ပါဝင်သင့် ပါဝင်ထိုက် သူတွေအားလုံး ညှိနှိုင်းဆွေးနွေးပြီး၊ ပြန်လည်သင့်မြတ်တာကို တရုတ်နိုင်ငံအနေနဲ့ လိုလားကြောင်း မစ္စတာ ဝမ်ယိက ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ ပုဂံဒေသမှာ ကျင်းပနေတဲ့ (၇) ကြိမ်မြောက် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို တက်ရောက်ဖို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နဲ့ မနေ့က တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံရေးအရရော၊ လူမှုရေးအရပါ တည်ငြိမ်အေးချမ်းဖို့ တရုတ်နိုင်ငံက လိုလားကြောင်း၊ ဒီလိုတည်ငြိမ်အေးချမ်းမှ မြန်မာပြည်သူတွေလည်း ပျော်ရွှင်မှာဖြစ်ပြီး၊ နိုင်ငံဟာလည်း တိုးတက်မှာဖြစ်တယ်လို့ ဝမ်ယိက ဆိုပါတယ်။

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ ဒီတွေ့ဆုံမှုအတွင်း ကုလသမဂ္ဂနဲ့ အာဆီယံ ကိစ္စတွေမှာ ပိုမိုပူးပေါင်းပြီး နီးနီးကပ်ကပ်ဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြ ပါတယ်။

လန်ချန်း - မဲခေါင် အစည်းအဝေးကို မြန်မာနဲ့အတူ တရုတ်နိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတာပါ။

စစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပြန်ပြီးနေရာရဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“နိုင်ငံတကာမှာ သူ့ကိုပြန်လက်ခံဖို့ ကြိုးစားနေတာက အရင်ကတည်းကပဲလေ။ အာဏာမသိမ်းခင်၊ အာဏာသိမ်းပြီးတောက်လျှောက်က တရားဝင်မှုရဖို့ကိုပဲလုပ်နေတာ။ ပြည်တွင်းမှာ သူဖော်ဆောင်တဲ့ဟာနဲ့ သူရည်ရွယ်ထားတာကို တစိုက်မတ်မတ်ပဲ နိုင်ငံတကာက လက်ခံလာဖို့ ကြိုးစားနေတာ။ ဒါက အဲဒီလို ပြောလို့ရတာပေါ့နော်။ တရုတ်နဲ့ပူးပေါင်းပြီး နေရာတစ်ခုပြန်ရဖို့ ကြိုးစားနေတာလို့”

ဒါပေမဲ့ တရုတ်ရဲ့ အကူအညီကြောင့် စစ်ကောင်စီရဲ့ အခြေအနေဟာ အာဆီယံနိုင်ငံတွေ အတွင်းမှာ ချက်ချင်း မပြောင်းသွားနိုင်ဘဲ အားပြိုင်နေတဲ့ အနေအထားပဲဖြစ်မယ်လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ နိုင်ငံတကာစာမျက်နှာက မြန်မာ့အကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ လုပ်နေတာနဲ့ ပတ်သက်ပြီး ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဋ္ဌာနက မနေ့မှာ ဖော်ပြထားပါတယ်။

လန်ချန်း - မဲခေါင်အစည်းအဝေးကို နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိ လာတက်တာဟာ စစ်ကောင်စီကို တရားဝင်မှုပေးတာဖြစ်ပြီး၊ ဒီလို စစ်ကောင်စီကို တရားဝင်သတ်မှတ် ဆက်ဆံတာဟာ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အနှောင့်အယှက်ဖြစ် နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က RFA ကို ပြောပါတယ်။

“စကစ Legitimate (တရားဝင်) ဖြစ်ရင်၊ သက်ဆိုးရှည်ရင် ဒေသလုံခြုံရေးအတွက် အကျိုးယုတ်မယ်။ ဒေသမှာ မတည်မငြိမ် ပိုဖြစ်မယ်။ မြန်မာပြည်မှာ ပိုပြီးတော့ အကြမ်းဖက်မှုတွေ ပိုများမယ်။ ဒေသမှာ မတည်မငြိမ်ပိုဖြစ်မယ်။ အဲဒီတော့ ဘာ ဖြစ်လဲဆိုတော့ စီးပွားရေးတွေ၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေအတွက် အနှောင့် အယှက်ဖြစ်သွားမယ်ဆိုတာ အသိပေးပြောကြားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ အကြမ်းဖက်တာပဲဖြစ်တယ်။ အကြမ်းဖက်တာနဲ့ ဆိုရင် တည်ငြိမ်မှု မရနိုင်ဘူးပေါ့နော်”

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ပုဂံမြို့မှာ တွေ့ရစဥ်
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ပုဂံမြို့မှာ တွေ့ရစဥ်

NUG အနေနဲ့ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ဖို့ဆိုတဲ့ ဦးတည်ချက်ရှိပြီး စစ်မှန်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ဆုံးဖြတ်ထားသလို စစ်ကောင်စီကတော့ စီးပွားရေးစီမံကိန်းတွေကို စစ်မြေပြင်ဖြစ်အောင် ဖန်တီးနေတာဖြစ်တယ်လို့ ဦးကျော်ဇော် က ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာထောက်ခံမှု ကျဆင်းနေတာကြောင့် တရုတ်နိုင်ငံရဲ့ အကူအညီ ယူလာတာဖြစ်တယ်လို့ ပြည်တွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ် နေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) ရဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။

“စစ်ကောင်စီဟာ နိုင်ငံတကာထောက်ခံမှုကို လုံးဝမရဘူးဗျာ။ အဲဒီလိုအခြေအနေ ဖြစ်နေတယ်။ အဲဒီလို အခြေအနေဖြစ်နေတော့ သူအားကိုးရာဆိုလို့ တရုတ်ပဲ။ တရုတ် ကလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံဆိုတော့ တရုတ်ကို အားကိုးပြီး နိုင်ငံတကာမှာ အစိုးရတစ်ရပ်အနေနဲ့ ဝင်ဆံ့အောင်လို့ အခုလိုမျိုး ကြိုးပမ်းတာလို့ မြင်တယ်”

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်မှုတွေအတွင်း စစ်ကိုင်းတိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပါအဝင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံကိန်းတွေ တိုက်ခိုက်ခံခဲ့ရပါတယ်။

"တရုတ်ကို အားကိုးပြီး နိုင်ငံတကာမှာ အစိုးရတစ်ရပ်အနေနဲ့ ဝင်ဆံ့အောင်လို့ အခုလိုမျိုး ကြိုးပမ်းတာ"

တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်း အကောင်အထည်ဖော်မယ့် မြို့နယ်ပေါင်း ၄၂ ခုမှာလည်း ၂၀၂၁ ဇူလိုင် ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အတွင်း တိုက်ပွဲပေါင်း ၇၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ လက်ရှိ မြန်မာပြည်တွင်းက ပဋိပက္ခတွေဟာ အချိန်တိုအတွင်း ပြီးဆုံးဖို့ မရှိနိုင်လို့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

“အထူးသဖြင့်တော့ နောက်ထပ်ပေါ်တဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့ NUG PDF တွေနဲ့ စစ်တပ်ကြားက လက်နက်ကိုင်ပဋိပက္ခပေါ့နော်။ အဲဒီဟာက အချိန်တိုတွင်း ပြီးဆုံး သွားမယ်လို့ သူတို့ (တရုတ်နိုင်ငံ) က မယုံကြည်ဘူး။ မယုံကြည်တဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ နောင်ရေရှည် မြန်မာနိုင်ငံနဲ့လုပ်ရမယ့် ရင်းနှီးမြှုပ်နှံမှုနဲ့ လုံခြုံရေးကိစ္စတွေ အတွက်လည်း သူတို့စိုးရိမ်ပူပန်မှုရှိတယ်။ ဒါကြောင့်မို့လို့ အာဆီယံက ချမှတ်ထားတဲ့ သဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ကိုပဲ သူတို့က တိုက်တွန်းနေကြ တာပေါ့”

အာဆီယံအထူးသံ Prak Sokhonn နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ တို့ ၂၀၂၂ ခုနှစ် ဇူလိုင် ၃ ရက်နေ့မှာ ပုဂံမြို့တွင် တွေ့ဆုံဆွေးနွေးစဥ် (Photo : MOFA - Cambodia)
အာဆီယံအထူးသံ Prak Sokhonn နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ တို့ ၂၀၂၂ ခုနှစ် ဇူလိုင် ၃ ရက်နေ့မှာ ပုဂံမြို့တွင် တွေ့ဆုံဆွေးနွေးစဥ် (Photo : MOFA - Cambodia)

တရုတ်ဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး ပြေလည်တဲ့ လမ်းကြောင်းပေါ် ရောက်စေ ချင်တာကြောင့် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို ထောက်ခံပြီး ဖော်ဆောင်ဖို့ တိုက်တွန်းနေတယ်လို့လည်း ဦးရဲထွန်းက ပြောပါတယ်။

အတိုက်အခံတွေနဲ့ပါ ဆွေးနွေးဖို့ တိုက်တွန်းချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်မရသေးပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဇူလိုင်လ ၄ ရက် ဒီနေ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းနဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး ပြန်သင့်မြတ်ဖို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်စဖို့နဲ့ ပြည်သူတွေကို အာဏာပြန်အပ်နိုင်ရေး နည်းလမ်းရှာဖွေဖို့၊ အာဆီယံ သဘောတူညီချက် ငါးချက်နဲ့ ညှိနှိုင်းအကောင်အထည်ဖော်ဖို့ အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံက စီးပွားရေးလုပ် ငန်းတွေ ပြန်လည်ထွက်ခွာသွားပြီးနောက် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်လာပါတယ်။

ဒါပေမဲ့ တရုတ် - မြန်မာ ကုန်သွယ်မှုဟာ ၂၀၂၁ - ၂၀၂၂ မီနီဘတ်ဂျက်မှာ အမေရိကန် ဒေါ်လာ သန်း ၄၃၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၀ - ၂၁ ဘဏ္ဍာနှစ်နဲ့ ယှဉ်ရင် ကန်ဒေါ်လာ သန်း ၅၀၀၀ ကျော် လျော့နည်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။