ကိုကိုးကျွန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ဘာတွေပြင်ဆင်ထားလဲ

သန့်ဇင်ဦး
2020.04.21

လူဦးရေ တစ်ထောင်ကျော်သာရှိတဲ့ ကိုကိုးကျွန်းမြို့နယ်ဟာ ရန်ကုန်ကနေ မိုင်နှစ်ရာကျော်ဝေးကွာပြီး ဒေသခံ တွေဟာ ရန်ကုန်ကနေ  တခါတရံ ရောက်လာတဲ့ သင်္ဘော၊ တပ်မတော်လေယာဉ်တို့နဲ့ပဲ ပြင်ပကို သွားလာ ဆယ်သွယ်နိုင်ပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်း တပ်မတော်လေယာဉ်နဲ့လိုက်ပါခဲ့သူ ၃၇ ယောက်ကို ၁၄ ရက် စောင့်ကြည့်ခဲ့တဲ့အပြင် သင်္ကြန် ပိတ်ရက်ကာလမှာလည်း နောက်ထပ်တစ်ပတ် နေအိမ်မှာဘဲနေဖို့ ညွှန်ကြားထားတယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ကိုကိုးကျွန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအောင်နိုင်က RFA ကို ပြောပါတယ်။

"လေယာဉ်နဲ့ပါသွားတဲ့သူတွေကိုတော့ သူတို့ကိုနှစ်ပတ် Quarantine လုပ်ထားတယ်၊ ၃၇ ယောက်ပေါ့၊ စာသင် ကျောင်းရယ် ရိပ်သာရယ်မှာ ခွဲထားပြီးတော့ သူတို့အခုပြည့်သွားပြီးတော့ အိမ်ကိုပြန်ခိုင်းလိုက်တယ်၊ သူတို့ သင်္ကြန်ရက်မှာတော့ အပြင်လုံးဝမထွက်ရဘူး၊ လုပ်ငန်းတွေအကုန်ရပ်ပြီးတော့ ကိုယ့်အိမ်မှာပဲကိုယ်နေရတယ်၊ အဲဒီအစီအစဉ်တော့လုပ်ထားတယ်၊ ကျွန်တော်တို့ဆီမှာတော့ ဘာမှမရှိဘူး၊ သွားရေးလာရေးလည်း အကုန်လုံး ပိတ်ထားတော့လေ၊ ကျွန်တော်တို့မှာ သင်္ဘောရောလေယာဉ်ရော အကုန်လုံးပိတ်လိုက်တော့ အသွားအလာလည်း မရှိတော့ဘူး။"

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနကတော့ နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့၊ တစ်ယောက်နဲ့တစ်ယောက် ၃ ပေကနေ ၆ ပေအကွာမှာ နေကြဖို့ စတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေကို အသံချဲ့စက်နဲ့ လှည့်ပတ်ကြေညာထားတယ်လို့ ဦးအောင်နိုင်က ဆိုပါတယ်။

ကိုကိုးကျွန်းဒေသခံ တစ်ယောက်ဖြစ်တဲ့ ဦးဝင်းနိုင်က ၁၄ ရက်စောင့်ကြည့်ခံခဲ့ရသူတွေမှာ ဘာရောဂါမှမရှိဘူး ဆိုပေမယ့် သူတို့လာတဲ့ရက်က ရန်ကုန်မှာ ဗိုင်းရပ်စ်ပိုးစတွေ့နေတဲ့အချိန်ဖြစ်လို့ စိုးရိမ်တယ်လို့ RFA ကို ပြောပါတယ်။

"ဒီမှာတော့ ဘာမှတော့ထွေထွေထူးထူး မရှိဘူးခင်ဗျ၊ နောက်ဆုံးလာသွားတဲ့ ခရီးသည်ကိုတော့ ၁၄ ရက် စောင့်ကြည့်လူနာအဖြစ်ကြည့်တယ်၊ ပြည့်သွားတော့ အိမ်မှာတစ်ပတ်ထပ်ပြီး စောင့်ကြည့်တယ်၊ ပုံမှန်အတိုင်းပဲ ဘာမှကိုယ်ပူချောင်းဆိုး ဘာတစ်ခုမှတော့မရှိကြဘူး၊ စိုးရိမ်မှုကတော့ အဲဒီအချိန်မှာ ရန်ကုန်မှာဖြစ်နေကြပီလေ၊ အဲအချိန် ရန်ကုန်မှာကျွန်တော်ထင်တယ် လူသုံးလေးယောက်လောက်တွေ့နေပီထင်တယ် ကျွန်တော့်အထင်၊ အရင်အဲရှေ့က သင်္ဘောတွေလာတုန်းကတော့ သိပ်မစိုးရိမ်ဘူး၊ နောက်ဆုံးလာသွားတဲ့အချိန်က ရန်ကုန်မှာဖြစ်နေ ပြီဆိုတော့ နည်းနည်းစိုးရိမ်စိတ်တော့ရှိတယ်။"

ဦးဝင်းနိုင်အပါအဝင် ဒေသခံတွေကတော့ ရန်ကုန်က လာသူတွေ ၁၄ ရက်စောင့်ကြည့်ခံနေတယ်ဆိုတဲ့ သတင်းတွေ ကြားတဲ့အချိန်ကစလို့ သုံးပတ်လောက်တော့ နှာခေါင်းစည်းတပ်ကြပြီး အခုနောက်ပိုင်း အရင်လို ပုံမှန်အတိုင်းနေ ကြသလို လုပ်ငန်းတွေလည်း ပြန်လည်လုပ်ကိုင်နေကြပြီလို့ ဆိုပါတယ်။

နှာခေါင်းစည်းတစ်ခုကို ငါးရာကျပ်ပေါက်ဈေးရှိပေမယ့် လူဦးရေနည်းတဲ့အတွက် ဝယ်ယူရအဆင်ပြေတယ်လို့ လည်း သူက ဆက်ပြောပါတယ်။

တခြားမြို့နယ်တွေနဲ့ ကူးသန်းဆက်သွယ်မှု အကန့်အသတ်ကြီးမားတဲ့ဒေသဖြစ်လို့  ကူးစက်နိုင်ခြေနည်းပေ မယ့်လည်း လုံးဝ မကူးစက်နိုင်ဘူးလို့ ယတိပြတ် မပြောနိုင်ကြောင်း  အမျိုးသားလွှတ်တော်ရဲ့ ရန်ကုန်မဲဆန္ဒနယ် အမှတ် ၈ ကိုယ်စားလှယ် ဦးကျော်ထွေး က ပြောပါတယ်။

"ကျွန်းအနေအထားအရကြတော့လည်း ကျဉ်းတာရယ် လူဦးရေနည်းတာရယ် သယ်ဆောင်မယ့်သူကလည်း အဓိကက နိုင်ငံခြားပြန်ပေါ့၊ ဖြစ်နေတာက အဲတာနဲ့လည်း အဆက်စပ်ကသိပ်မရှိဘူး၊ ရှိနိုင်တာကတော့ ရေတပ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်း လာလုပ်တဲ့သူတွေပဲ၊ ရေတပ်ကလည်း သူ့ဘာသာသီးသန့်ဆိုတော့ ဖြစ်ရင်လည်း အရပ်ထဲကိုရောက်ဖို့က သိပ်မလွယ်ဘူးလေ၊ ယတိပြတ်တော့ ပြောလို့မရသေးဘူးလေ၊ ကူးစက်နိုင်ခြေကတော့ အင်မတန်နည်းတယ်၊ စက်လှေအဝင်အထွက်တော့ရှိတယ် အရပ်ဘက်ပေါ့လေ ကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ ဟာတွေပေါ့၊ အဲဒီမှာပါမပါတော့ မပြောတတ်ဘူးပေါ့နော်၊ ဒါပေမဲ့ဖြစ်နိုင်ခြေတအားနည်းပါတယ်၊ မဖြစ်ဘူး လို့တော့ ယတိပြတ်ပြောလို့မရဘူး၊ ဒီ MOHS (ကျန်းမာရေးဝန်ကြီးဌာန)ရဲ့ လမ်းညွန်ချက်အတိုင်းတော့ ဟိုမှာဆောင်ရွက်နေတယ်လို့ သိရတယ်၊ Quarantine လုပ်ဖို့တို့ လူတွေလက်ဆေးဖို့တို့ တစ်ယောက်နဲ့ တစ်ယောက် ခွဲခြားနေထိုင်ဖို့တို့ အဲတာတွေတော့ရှိတယ်ဗျ။"

အရင်ကတည်းက နှစ်ပတ် တစ်ကြိမ် တပ်မတော်ကိစ္စတွေအတွက်သုံးတဲ့ လေယာဉ်အသွားအလာပဲရှိတာဖြစ်ပြီး အရပ်သားဝန်ထမ်းလိုက်ပါမှုလည်း နည်းတယ်လို့ ဦးကျော်ထွေးက ဆိုပါတယ်။

ကိုကိုးကျွန်းဒေသခံတွေအတွက် ရန်ကုန်တိုင်းအစိုးရရဲ့ တစ်လတစ်ကြိမ် အခမဲ့ သင်္ဘောခရီးစဉ်ကို မကြာ သေးခင်က စတင်ခဲ့ပေမယ့် ဒုတိယအကြိမ်ပြေးဆွဲမယ့် ဧပြီ ၄ ရက်နေ့ ခရီးစဉ်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားတာပါ။ အဲဒီသင်္ဘောနဲ့သွားရင် အသွားအပြန် ၆ ရက်ကြာပါတယ်။

ကိုကိုးကျွန်းဟာ အရင်က တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျခံရသူတွေကို ပို့တဲ့နေရာအဖြစ် နာမည်ကြီးခဲ့ပြီး ရေတပ်ကပဲ တာဝန်ယူထားတဲ့နေရာပါ။ ရန်ကုန်၊ ကွမ်းခြံကုန်းမြို့နယ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့တဲ့ ကိုကိုးကျွန်းကို ၁၉၉၉ ခုနှစ်နောက်ပိုင်းမှာမှ သီးခြားမြို့နယ်အဖြစ် သတ်မှတ်ခဲ့တာပါ။

လက်ရှိ ကျွန်းပေါ်မှာ ရေတပ်နဲ့ အစိုးရအုပ်ချုပ်ရေးဝန်ထမ်းတွေ အပါအဝင် လူဦးရေ တစ်ထောင်စွန်းစွန်းသာရှိပြီး ဒေသခံတွေကတော့ ငါး၊ မျှော့၊ ခရုဖမ်းတဲ့ရေလုပ်ငန်းတွေနဲ့ ဘုရားဆင်းတုတော်၊ ပုတီးလုပ်ငန်းနဲ့ မွေးမြူရေး လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။