ပြန်ကြားရေးဝန်ကြီးအပေါ် ဝေဖန်ချက်များ

2018-12-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြန်ကြားရေး ၀န်ကြီး ဒေါက်တာ ဖေမြင့် ကို ၂၀၁၈၊ ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ မီဒီယာဖိုရမ်မှာ တွေ့ရစဉ်
ပြန်ကြားရေး ၀န်ကြီး ဒေါက်တာ ဖေမြင့် ကို ၂၀၁၈၊ ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ မီဒီယာဖိုရမ်မှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

အစိုးရက သတင်းမီဒီယာတာဝန်ယူပြီး သတင်းထုတ်ပြန်နေတာဟာ ဝါဒဖြန့်ချီမှုသာဖြစ်ပြီး၊ နိုင်ငံပိုင် မီဒီယာအနေနဲ့ အစိုးရရဲ့မှားယွင်းလုပ်ဆောင်ချက်တွေကို ထောက်ပြဝေဖန် ထိန်းကြောင်းဖို့မဖြစ်နိုင်ဘူးလို့ သတင်းမီဒီယာအဖွဲ့အစည်း ၁၆ ခုက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးရေးညီလာခံမှာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ပြောကြားခဲ့တဲ့မိန့်ခွန်းအပေါ် အခုလို ဝေဖန်ချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~

ပြန်ကြားရေးဝန်ကြီးအပေါ် ဝေဖန်ချက်များ

(ကျော်သူ)

အစိုးရပိုင်မီဒီယာဟာ အစိုးရနဲ့ပြည်သူအကြား ဆက်သွယ်ပေါင်းကူးဖို့၊ ဘယ်အစိုးရတက်တက် ပုံစံမျိုးစုံနဲ့ ဆက်လက် တည်ရှိသွားမယ်လို့ ဝန်ကြီးဦးဖေမြင့်က ပြောကြားခဲ့ပါတယ်။ အယ်ဒီတာလွတ်လပ်ခွင့်နဲ့ သတင်းသမား လွတ်လပ်ခွင့် တို့ဟာ ထုတ်ဝေသူ ငွေကြေးထောက်ပံ့အလှူရှင်တွေရဲ့ သြဇာလွှမ်းမိုးမှုရှိနေတယ်လို့ဆိုပြီး မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့်မရှိဘူးလို့ ဝေဖန်နေတာတွေကို လက်မခံကြောင်း ဝန်ကြီးက ဆိုပါတယ်။

အခုလိုပြောဆိုချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်ဘဏ္ဍာကို အသုံးပြုပြီး တည်ဆဲအစိုးရနဲ့ တပ်မတော်ရဲ့ သြဇာကိုခံနေရတဲ့ ၀ါဒဖြန့်မီဒီယာတွေ ရှိနေတာကို စိုးရိမ်ကြောင်း ထည့်ပြောမှသာ မှန်ကန်မယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးချစ်ဝင်းမောင် က ဝန်ကြီးရဲ့ပြောကြားမှုကို အခုလိုတုံ့ပြန်ပြောပါတယ်။

‘’သူက သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ Editorial နဲ့ ပတ်သက်လို့ တစ်ခြားနိုင်ငံတွေက အထောက်အပံ့ယူတဲ့ ကိစ္စတွေက ပါလာတာပေါ့လေ၊ ပြန်ကြားရေးဝန်ကြီးဌာနက လက်ရှိမှာတရားစွဲဆိုခံထားရတာတို့ အထိန်းသိမ်း ခံရတာတို့ ရှိနေတယ်လေ၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကတော့ အရင်ကထက်စာရင် မကောင်းဘူးဆိုတာ အားလုံးမြင်နေရတာပဲလေ ဒါပေမဲ့ သူက အဲဒါကိုမဟုတ်ဘူးဆိုတဲ့ပုံစံနဲ့ ငြင်းချင်တဲ့သဘော သက်ရောက်နေ တယ်၊ အစိုးရယန္တရားမှာ ဝါဒဖြန့်ချီရေး လိုအပ်ပါတယ်၊ တပ်ကလည်း ဝါဒဖြန့်ချိရေးလိုအပ်တာပဲ၊ ဒါပေမဲ့ ဒီမိုကရေစီလက်ထက်မှာလည်း private media လည်း ရှင်သန်ဖို့ လိုအပ်တယ်၊ တခြားနိုင်ငံတွေမှာတော့ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုခေါင်းစဉ်အောက်ကနေပြီးတော့ public budget ကို သုံးပြီးတော့ ဝါဒဖြန့်ချိရေး လုပ်ကြတာပဲလေ၊ ဒီမှာလည်း အဲလိုပြောင်းရင်တော့ ကောင်းတာပေါ့ ’’

ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ စရိုက်လက္ခဏာနဲ့ ညီညွတ်ခြင်းမရှိဘဲ ဒီမိုကရေစီစံနှုန်းနဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းကို ထိန်းကျောင်းဖို့သာဖြစ်တယ်လို့သာ ယုံကြည်ကြောင်း ဝန်ကြီးရဲ့ပြောကြားချက်တွေနဲ့ ပတ် သက်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်းသမားတွေဆိုတာဟာ နိုင်ငံသားတွေဖြစ်လို့ နိုင်ငံချစ်စိတ်၊ အမျိုးသားရေးစိတ်ရှိဖို့ ဝန်ကြီးက ပြောဆိုခဲ့တာကိုလည်း သတင်းသမားတွေလိုက်နာရမယ့်ကျင့်ဝတ်နဲ့ သတင်းလွတ်လပ်ခွင့်တို့ကို များစွာအဟန့်အတားဖြစ်စေပြီး စာနယ်ဇင်းပညာဆိုတာ ကမ္ဘာလုံးဆိုင်ရာဖြစ်တဲ့အတွက် နိုင်ငံတစ်နိုင်ငံတည်းရဲ့ အရေးကိစ္စမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာလည်း ပြန်လည်တုံ့ပြန်ထားပါတယ်။

မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဦးသာလွန်ဇောင်းထက် အခုလိုပြောပါတယ်။

‘’ပုဂ္ဂလိကစာနယ်ဇင်းတွေရဲ့ ရပ်တည်ချက်ကတော့ နိုင်ငံတော်ကို ပုံရိပ်မြှင့်တင်ဖို့ တာဝန်မရှိဘူး၊ အမျိုးသားရေး ကိုလည်းမြှင့်တင်ဖို့ တာဝန်မရှိဘူး၊ ပြည်သူလူထုရဲ့ လက်ရှိအခြေအနေက ဒီလိုဖြစ်နေပါတယ်၊ ဘယ်လောက် ခက်ခဲနေလဲ အဆင်ပြေနေလဲဆိုတာ တင်ပြဖို့က စာနယ်ဇင်းသတင်းသမားတွေရဲ့ တာဝန်ပါဗျ၊ သူလွဲမှား စွာပေါ့နော်၊ ဝါဒဖြန့်ခိုင်းတာပေါ့၊ မီဒီယာညီလာခံဆိုပြီးတော့ တက်လိုက်တာဗျာ မီဒီယာတွေကိုခေါ်ပြီးတော့ နှိပ်ကွပ်လိုက်တဲ့ အစည်းအဝေးဖြစ်နေတာ စိတ်မကောင်းဘူးပေါ့၊ နောက်နှစ်တွေမှာ တက်ဖို့တောင် တော်တော်စဉ်းစားနေရတယ’’

အခုလိုပြည်ထောင်စုဝန်ကြီးတစ်ဦးရဲ့ မိန့်ခွန်းပါ ရည်ရွယ်ချက်အကြောင်းအရာတွေဟာ အထက်အစိုးရ အကြီးအကဲတွေဆီကနေ တင်ပြခွင့်ပြုချက်တွေ ပါဝင်နေလိမ့်မယ်လို့ အရင်အစိုးရလက်ထက် ပြန်ကြားရေး ဝန်ကြီးဟောင်းတစ်ဦးဖြစ်ခဲ့သူ ဦးရဲထွဋ် က ပြောပါတယ်။

‘’ဒီလိုနိုင်ငံတကာညီလာခံမှာ ပြောတဲ့ဝန်ကြီးရဲ့မိန့်ခွန်းဟာ တစ်ဦးတည်းရဲ့ သဘောထက် အစိုးရရဲ့သဘောကို ထင်ဟပ်တယ်လို့ ကျနော်နားလည်ပါတယ်၊ အယ်ဒီတာလွတ်လပ်ခွင့်နဲ့ ပြောရရင်တော့ဗျာ ထုတ်ဝေသူတွေ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လွှမ်းမိုးမှုကြောင့် သတင်းထောက်တွေရဲ့ အယ်ဒီတာ လွတ်လပ်ခွင့်လွှမ်းမိုးမှု ရှိနိုင်တယ်ဆိုတာ လက်ခံပါတယ်၊ ကျနော်လည်း ပြည်ထောင်စုဝန်ကြီးလုပ်ခဲ့တာပဲလေ၊ အစိုးရမီဒီယာရဲ့ အယ်ဒီတာလွတ်လပ်ခွင့်က ဘယ်လောက်ရှိလဲ ကျနော်တို့အသိဆုံးပဲ၊ ဒီမီဒီယာအဖွဲ့အစည်းတွေအနေနဲ့လည်း မီဒီယာညီလာခံမှာ ပြောကြားတဲ့မိန့်ခွန်းနဲ့ ပတ်သက်လို့ ဒီထက်ပိုပြီးတော့ ထဲထဲဝင်ဝင် သုံးသပ်အကြံပြုတာ ပိုကောင်းမယ်ထင်တယ်၊ ဒီလိုမဟုတ်ဘူးဆိုရင် NLD အစိုးရက သူတို့ပြောတဲ့အပေါ်မှာ ဘယ်သူကမှ တုံ့ပြန်မှုမရှိဘူးဆိုရင် ကျနော်ထင်တယ် မြန်မာနိုင်ငံရဲ့ မီဒီယာပြုပြင်ရေးလုပ်ငန်းက ဦးသိန်းစိန်အစိုးရ လက်ထက်မှာ နောက်ပြန်မသွားဘဲ NLD အစိုးရလက်ထက်မှာ နောက်ပြန်သွားလိမ့်မယ်ထင်တယ်’’

ပြည်ထောင်စုဝန်ကြီးရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး Myanmar Journalist Network အတွင်းရေးမှူး ဦးမြင့်ကျော်ကလည်း အခုလို ပြောပါတယ်။

‘’ကျနော့်အမြင်မှာတော့ သိပ်ပြီးတော့တော့ ရင်းရင်းနှီးနှီး လှိုက်လှိုက်လှဲလှဲ မရှိဘူးပေါ့လေ၊ ခုမှ မဟုတ်ဘူးပေါ့၊ ခုနပြောလိုက်တာတော့ ထုတ်ပြောလိုက်တဲ့သဘော၊ ဒါပေမဲ့ သတင်းသမားတွေ ဖမ်းခံရတယ်၊ တရားစွဲ ခံရတဲ့ကိစ္စတွေမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍက ပျောက်နေတယ်ပေါ့နော်၊ အမြဲတမ်းလက်ရှောင်နေ တာတွေ့တယ်၊ မီဒီယာဥပဒေပြင်ဆင်ရေးတို့မှာ နှေးကွးတယ်၊ ပြင်ဆင်ချင်တဲ့စေတနာမျိုး မပြသဘူးဆို ကတည်းက သိသာတယ်ပေါ့နော်၊ နိုင်ငံပိုင်မီဒီယာကို ဆက်ကိုင်ထားမယ်ဆိုတာ ခန့်မှန်းကြည့်မိတယ် အခုတော့ ပွင့်ပွင့်လင်းလင်းသိရတာပေါ့၊ ကျနော်တို့က နိုင်ငံပိုင်မီဒီယာကို အများဝန်ဆောင်မှုမီဒီယာ တကယ့် စစ်စစ်ဖြစ်အောင် အသွင်ပြောင်းစေချင်တာ၊ တိုင်းပြည်အတွက်တော့ မကောင်းဘူးပေါ့လေ’’

အခုလို သတင်းမီဒီယာအဖွဲ့အစည်း ၁၅ ခုတို့ရဲ့ ထုတ်ပြန်ချက်အပေါ် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်ဆီ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

လက်ရှိမှာ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း ကျဆင်းလာနေတယ်လို့ အစီရင်ခံစာတွေက ထုတ်ပြန်ခဲ့သလို ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေက ဘက်လိုက်ပြီး အမှတ်ပေးပုံကလည်း ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောပါတယ်။

ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်အဆင့်အတန်းကို မီးမောင်း ထိုးပြနေတာတွေကို အရှိတရားအတိုင်း လက်ခံနိုင်မှသာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကျဆင်းနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်ခင်ဗျာ။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့