ကိုရိုနာ အန္တရာယ်ကာလ စောင့်ကြည့်ခံရမှုကို နားလည်ပေးဖို့ ကျန်းမာရေးဌာန တိုက်တွန်း

ဇာဏီထွဏ်း
2020.04.02

ပြည်ပကနေပြန်လာပြီး နေအိမ်မှာစောင့်ကြည့်ခံရသူတွေကို ခွဲခြားဆက်ဆံတာတွေဟာ ရောဂါကာကွယ်ရာ မရောက်ဘဲ ပိုပြီးနှံ့မယ့် အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် အိမ်တွေမှာထားတဲ့ စောင့်ကြည့်လူနာတွေကို ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ ကျန်းမာရေးဌာနကနေ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄ ယောက်ရှိပြီး အဲဒီအထဲက တစ်ယောက်ဟာ မတ် ၃၁ ရက်မှာ သေဆုံးသွားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ကူးစက်သေဆုံးတာတွေ ရှိလာတာကြောင့် နေအိမ်တွေမှာ စောင့်ကြည့် ခံထားရသူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း နေအိမ်ထဲကနေ မထွက်ဖို့ လိုပါတယ်။

အဲဒီလိုပဲ နေအိမ်မှာ စောင့်ကြည့်ခံနေရတဲ့သူတွေကို ရပ်ရွာအတွင်းကနေ ခွဲခြားဆက်ဆံတာ၊ ရန်ပြုတာတွေဟာ ရောဂါပြန့်ဖို့ အကြောင်းရင်းတွေ ဖြစ်လာနိုင်တာကြောင့် မလုပ်ကြဖို့ ကျန်းမာရေးဌာနနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ပြောကြပါတယ်။

ရပ်ကွက်ထဲမှာစောင့်ကြည့်တဲ့လူနာတွေကို မထားနိုင်ဘူးဆိုပြီး ကန့်ကွက်နေရင် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်တယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

"အိမ်မှာစောင့်ကြည့်သူတွေကို အရပ်က လက်မခံတာတွေပေါ့နော်။ ဒါတွေကို ဟိုကြားရ၊ ဒီကြားရနဲ့ ကြားနေ ရတယ်။  ကျန်းမာရေးဌာနက ညွှန်ကြားထားတာကတော့ လိုက်နာဖို့လိုတယ်။ ထိုင်းနိုင်ငံက ပြန်လာတယ်။ ကျနော်တို့က အိမ်မှာ ကွာရန်တင်းထားတယ်။ အိမ်တွေ၊ ရပ်ကွက်တွေက လက်ခံပေးဖို့တော့လိုတယ်။ အုံနဲ့ကျင်း နဲ့ မထားနိုင်ဘူးဆိုရင် ရုန်ရင်းဆန်ခတ်ဖြစ်ရင် ကျနော်တို့အတွက် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်တယ်။"

မြန်မာနိုင်ငံအတွင်းကို လေကြောင်းလိုင်းတွေအပြင် နယ်စပ်ဂိတ်တွေကနေလည်း ဝင်ရောက်လာတဲ့သူတွေ သောင်းနဲ့ချီရှိပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ အမျိုးသားတစ်ယောက်မှာ ကိုရိုနာကူးစက်ခံထားရတယ်လို့ အတည်ပြုပြီးနောက်ပိုင်း အစိုးရက စီစဉ်ထားတဲ့ စောင့်ကြည့်နေရာတွေမှာ ၁၄ ရက်နေပြီးမှသာ နေရပ်တွေကို ပြန်ခွင့်ပြုလိုက်ပါတယ်။

ဒါပေမဲ့ မတ် ၁၉  ရက်ကနေ ၂၈ ရက်အထိ တရားဝင် နယ်စပ်ဂိတ်တွေက ပြန်လာသူ နှစ်သောင်း သုံးထောင်ကျော် ရှိနေပါပြီ။

အဲဒီလူအရေအတွက်ကို စောင့်ကြည့်နေရာမှာ ထားနိုင်ဖို့ နေရာအခက်ခဲရှိခဲ့တာကြောင့် ကိုယ့်အိမ်မှာကိုယ်နေပြီး ကျန်းမာရေးဌာနက သတ်မှတ်ချက်တွေအတိုင်း နေစေခဲ့တာပါ။

အဲဒီမှာ တချို့ကျေးရွာတွေရပ်ကွက်တွေက လက်မခံတာမျိုးတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာဆိုရင် ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေအိမ်စောင့်ကြည့်သူကို ကန့်ကွက်တာတွေ ရှိခဲ့သလို ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ အထက်တန်းကျောင်းကို စောင့်ကြည့်လူနာတွေထားဖို့ သတ်မှတ်တဲ့အပေါ် ဆန္ဒပြတာတွလည်း ရှိခဲ့ပါတယ်။

ဒါတွေဟာ အကြောက်တရားတွေကြောင့် ဖြစ်လာတာလို့ မရွေးလူမှုကူညီရေးအဖွဲ့က ကိုမင်းမင်းထွန်းက ပြောပါတယ်။

"ရပ်ကွက်နေ ပြည်သူလူထုက စိုးရိမ်တာ ကြောက်တာပေါ့နော်။ ဖြစ်လာလို့ရှိရင် ရပ်ကွက်ကိုကူးသွားရင် Lock down ချခံရမယ်။  မိသားစုတွေရော ရပ်ကွက်တွေရော ကူးလာရင် သေမယ်ဆိုတဲ့ အကြောက်တရားရှိနေတာ။ ပြည်ပကနေ အပေါ်ကဝင်လာသူပဲဖြစ်ဖြစ် အောက်ကဝင်လာတဲ့သူပဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ အဓိကက ကျွန်တော်တို့ နိုင်ငံသားတွေပဲလေ။ ပြည်ပမှာ အလုပ်လုပ်ပြီးပြန်လာတာ။ ကိုယ့်နိုင်ငံသားတွေကို ကိုယ်ကမှ လက်မခံရင် သူများနိုင်ငံဆိုရင် ပိုဆိုးသွားမှာပေါ့။"

တကယ်လို့သာ ခွဲခြားဆက်ဆံတာတွေ၊ ရန်ပြုတာတွေရှိခဲ့ရင် စောင့်ကြည့်ခံသူဆီမှာ ရောဂါကူးစက်ခံရတဲ့ လက္ခဏာပြလာရင်တောင် အသိမပေးဘဲ ကြိတ်ကုတာတွေ ဖြစ်လာနိုင်တယ်လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

"ပုန်းနေပြီးတော့ ဆေးကုသမှုမခံယူဘူးဆိုရင် အဲဒီလူကို ကုသဖို့လည်းခက်ခဲတာပေါ့။ ပတ်ဝန်းကျင်ကိုလည်း ကူးစက်ဖို့အခြေအနေတွေ ရှိလာနိုင်တယ်။ ကြောက်ပြီးတော့ ပုန်းပြီးကုသတာတွေက ကျွန်တော်တို့အတွက် ကြောက်ဖို့ကောင်းတဲ့ အနေထားတွေ ရှိလာနိုင်တယ်။ "

ရပ်ရွာက ဒီလိုကန့်ကွက်တာတွေ ရှိတာကလည်း နောက်ခံအကြောင်းရင်းတွေရှိနေပါတယ်။

နေအိမ်မှာ စောင့်ကြည့်ခံရသူတချို့ဟာ ရပ်ကွက်ထဲမှာ အိမ်လည်သွားတာတွေ၊ အပြင်ထွက်တာတွေ ရှိနေတာကြောင့်လည်း ရောဂါကူးမှာကို ရပ်ကွက်ထဲကလူတွေ စိုးရိမ်ကြရတယ်လို့ မအူပင်မြို့နယ် ပျိုးခင်းသစ်ဖောင်ဒေးရှင်းအဖွဲ့က ဦးထိုက်ထိုက်က ပြောပါတယ်။

"မနေကြဘူး။ ဆံပင်ညှပ်ဆိုင်တွေသွားတယ်။ စားသောက်ဆိုင်တွေသွားတယ်။ သွားတဲ့အခါကျတော့ ပတ်ဝန်း ကျင်က ဟာ ဟိုမှာ သွားနေပြီ။ သွားနေပြီ။ ပတ်ဝန်းကျင်က သိထားတာက ဒီတစ်ယောက်ကတော့ အိမ်မှာ ၁၄ ရက်နေရမယ်လို့ သိထားကြတာ။ သူကအိမ်မှာမနေဘဲ လျှောက်သွားတော့ ပတ်ဝန်းကျင်က အထိတ်တလန့် ဖြစ်ပြီး တိုင်ကြ၊ တောကြ၊ ကောလာဟလတွေပြောကြ၊ အဲဒီတော့မှ သူ့ကိုအထဲပြန်ထည့်ရ အဲဒီလိုမျိုးတွေလည်း ရှိတယ်။"

တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်ကူးစက်တာတွေက ပျံ့နှံ့နေပြီး အဲ့ဒီနိုင်ငံတွေကနေလည်း ပြန်လာတဲ့ မြန်မာ နိုင်ငံသားတွေလည်း သောင်းချီရှိနေပါတယ်။

အဲဒီလိုပြန်လာတဲ့သူတွေမှာ ရောဂါကူးစက်ခံရသူတွေ ပါဝင်လာပြီး ကပ်ရောဂါအသွင်ဖြစ်လာနိုင်တာကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မြို့နယ်အလိုက် ကန့်သတ်စောင့်ကြည့်တာတွေလည်း လုပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အခုမြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (ခေါ်) ကိုဗစ်နိုင်တီး ကူးစက်ခံထားရသူ စတွေ့တာတွေကလည်း ပြည်ပကနေ ပြန်လာသူတွေဖြစ်ပါတယ်။ သူတို့ကနေတဆင့် နောက်ထပ်ကူးစက်သူတွေလည်း ရှိလာပါပြီ။ ဒါ့ကြောင့် ပြည်တော်ပြန်များကလည်း ကိုယ့်တာဝန်ကိုယ်ယူပြီး စည်းကမ်းအတိုင်း လိုက်နာဖို့လိုသလို သူတို့ကိုလည်း ရပ်ရွာကနေ ကူညီဝိုင်းဝန်းပေးဖို့ လိုအပ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။