ကိုရိုနာဟာ အိမ်တံခါးဝကို ရောက်လာခဲ့ပါပြီ

ခင်မောင်စိုး
2020.03.24
shwedagon-crowed-622.jpg ရွှေတိဂုံဘုရား လာရောက်ကြသူတွေကို တွေ့ရစဉ်
Photo: RFA

မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ပထမဆုံးတွေ့ရပြီဖြစ်ပါတယ်။ တကယ်တော့ ဒီလိုဖြစ်လာမှာကို အားလုံးတွက်ထားပြီးသားလို့ ယူဆပါတယ်။  အခု အချိန်ဟာ တစ်ကမ္ဘာလုံး ညီညွတ်စွာ ဦးနှောက်သုံးပြီး ဆုံးဖြတ် လုပ်ကိုင်ရမယ့်အချိန်ဖြစ်ပြီး တစ်ဦးကိုတစ်ဦး အပြစ်တင်ငြင်းခုံကြရင်းနဲ့ သွေးရူးသွေးတန်းလုပ်ရမယ့်ကာလ လုံးဝ မဟုတ်တော့ပါဘူး။ သေဆုံးသူအနည်းဆုံးဖြစ်အောင် ကြိုးစားကြဖို့ပဲရှိပါတယ်။ မိမိအသိနဲ့ မိမိ တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြပါ။  ဘာသာရေးအရ မိမိနည်း မိမိဟန်နဲ့ ဆုတောင်းလို့ရပါတယ်။ ဘယ်ဘာသာဝင်ဖြစ်ဖြစ် နေရာတခုခုမှာ လူတွေစုပြီး ဆုတောင်းတာမျိုးဟာ အင်မတန် အသိဉာဏ်ခေါင်းပါးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အခုအချိန်ထိ လူစုလူဝေး အခမ်းအနား တချို့ရှိနေဆဲပဲလို့ ကြားရပါတယ်။ မင်္ဂလာဆောင် လူစည်တာကောင်း ပေမယ့် အဲဒီ မင်္ဂလာဆောင်လာသူတွေထဲမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူတဦးပါလာရင် ဘာတွေဆက်ပြီး ဖြစ်နိုင် သလဲဆိုတာစဉ်းစားကြစေချင်ပါတယ်။ တခြားနိုင်ငံတွေမှာ ဘယ်လိုဖြစ်ခဲ့ကြပြီလဲဆိုတာ လူအများစုသိပြီလို့ ယူဆပါတယ်။  လဘက်ရည်ဆိုင်ထိုင်တာတောင် မလုပ်သင့်ပါဘူး။ ငါသေရဲလို့ ငါထိုင်တာပဲဆိုတဲ့ အယူအဆ မျိုးဟာ အင်မတန်မှားပါတယ်။ ငါ့ထံက တခြားလူတွေကူးစက်ပြီး နောက်ထပ် မရေမတွက်နိုင်အောင် များပြား တဲ့လူတွေ သေဆုံးနိုင်ပါလားလို့ စဉ်းစားရမှာဖြစ်ပါတယ်။

ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက အာဏာပိုင်တွေရဲ့ အကြံပေးချက်ကို ဂရုမစိုက်ဘဲ ပင်လယ် ကမ်းစပ်မှာ လူတွေစုဝေးပျော်မြူးနေကြတာကို စိတ်ဆင်းရဲစွာနဲ့ တခြားသူတွေအတွက် ထည့်မတွက်ပဲ အခုလို တကိုယ်ကောင်း မဆန်ကြပါနဲ့လို့ ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုပါတယ်။ နိုင်ငံတကာမှာ ဒီလောက်ဆိုးဝါးစွာ ကူးစက်သေဆုံးတာဟာ အပြင်ထွက်ကြလို့ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းစပ်ဟာ အလွန်ကူးစက်မြန်ပါတယ်။ WHO ထုတ်ပြန်ချက်အရ အဲဒီ ရောဂါဖြစ်ပွါးတဲ့ ပထမဆုံး လူနာကို မှတ်တမ်းတင်တဲ့နေ့ကနေ ၆၇ ရက်အကြာမှာ ကူးစက်သူ ၁ သိန်းပြည့် သွားခဲ့ပါတယ်၊ ဒါပေမဲ့ ကူးစက်သူ ၁ သိန်း ပြည့်တဲ့နေ့ကနေ နောက်ထပ် ၁၁ ရက်ပဲအကြာမှာ ကူးစက်သူ နှစ်သိန်းရှိလာခဲ့ပြီး နှစ်သိန်းကနေ သုံးသိန်းဖြစ်ဖို့ အတွက်ကတော့ လေးရက်ပဲကြာခဲ့ပါတယ်။

လူဦးရေ ၁၃၈၆ သန်းရှိတဲ့ တရုတ်နိုင်ငံမှာ အခုအချိန်ထိ သေဆုံးသူ ၃၁၅၃ ရှိပေမယ့် လူသန်း ၆ဝ ပဲရှိတဲ့ အီတလီ မှာ သေဆုံးသူ ၆ဝ၇၇ ရှိနေပါပြီ။ အီတလီဝန်ကြီးချုပ်က အစိုးရအနေနဲ့ ဒီထက်ပိုပြီး ဘာမှမတတ်နိုင်တော့ပါဘူး။ အစွမ်းကုန်သွားပါပြီ။ ဘုရားမှာပဲ ဆုတောင်းနိုင်တော့တယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံမှာလို အာဏာနဲ့ အိမ်ပြင်မထွက်ဖို့ အမိန့်ပေးတားဆီးလို့ မရတဲ့အတွက် အခုလို ထိန်းမနိုင်သိမ်းမရ သေဆုံးရတယ်လို့ ပြောကြ ပါတယ်။

ကမ္ဘာပေါ်က အချမ်းသာဆုံးနိုင်ငံတွေမှာတောင် တကယ်ဖြစ်လာရင် အသက်ရှူစက်လုံလောက်အောင် မပေးနိုင်လို့ သေဆုံးနေတာတွေ အများကြီးရှိနေပါပြီ။  မြန်မာပြည်အတွက် အကောင်းဆုံး အကြံပေးချက်ကို ပြောပါဆိုရင် မလွှဲ မရှောင်တာတဲ့ ကိစ္စကလွဲပြီး အိမ်ပြင်မထွက်ကြဖို့ပါပဲ။ ဗြိတိန်ဝန်ကြီးချုပ်က လူတွေအားလုံး အိမ်ပြင် မထွက်လို့ မဖြစ်တဲ့ကိစ္စမှအပ လုံးဝ မထွက်ကြပါနဲ့လို့ အခုပဲ ကြေညာသွားပါတယ်။

မြန်မာစံချိန် မတ် ၂၄ မနက် ၃ နာရီခွဲ ရရှိတဲ့ စာရင်းအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ၃၇၂၅၆၃၊ သေဆုံး ၁၆၃၈၁ နဲ့ ပြန်လည်ကျန်းမာလာသူ ၁ဝဝ၈၅၅ ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက် ၄၁၇ဝ၈ နဲ့ သေဆုံး ၅၇၃ ရှိပါတယ်။ နယူးယောက်ပြည်နယ်အစိုးရက ဆေးရုံတွေမှာ ဒီဗိုင်းရပ်စ်လူနာတွေအတွက် လိုအပ်ဆေးဝါးပစ္စည်း နောက်ထပ် တပတ်စာပဲ ကျန်တော့တယ်လို့ ကြေညာပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဂယ်ဘရိုက်စပ်က ရောဂါပိုးတွေ့သူတွေကို တခြားသူတွေနဲ့ ခွဲပြီး သီးခြားထားဖို့၊ အဲဒီလူနာတွေရဲ့ နောက်ကြောင်းကို ပြန်လိုက်ပြီး ဘယ်သူတွေနဲ့ သူနီးကပ်စွာနေထိုင်ခဲ့သလဲဆို တာစုံစမ်းဖို့ နဲ့ သူနဲ့ နီးနီးကပ်ကပ် နေထိုင်ခဲ့သူတွေကိုပါ သီးခြားထားစောင့်ကြည့်ဖို့ နိုးဆော်နေပါတယ်။

ဒါဟာ သေရေး ရှင်ရေးကာလ တနည်းအားဖြင့် အသက်ကို ဉာဏ်စောင့်တဲ့ ကာလဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။