AA အဖွဲ့ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ကိုအောင်မြတ်ကျော်ပါ ရှစ်ဦးကို ဒီနေ့ ၈ ကြိမ်မြောက်ရုံးချိန်းမှာ တရားလို ဒုရဲမှူးတင့်ရွှေကို ပထမဆုံးစစ်ဆေးခဲ့ပါတယ်။
တရားလို ဒုရဲမှူးတင့်ရွှေက ဒီနေ့တရားခွင်မှာ ကိုအောင်မြတ်ကျော်ပါ ရှစ်ဦးကို တရားစွဲဆိုတဲ့အကြောင်းကို တရားရုံးမှာထွက်ဆိုခဲ့တယ်လို့ ကိုမြတ်လင်းဦးရဲ့ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောပါတယ်။
" ရဲမှူးတင့်ရွှေ ထွက်ဆိုတဲ့အခါမှာ စင်္ကာပူနိုင်ငံကနေပြီးတော့ ULA ပါဝင်လှုပ်ရှားသူများကို စုံစမ်းမှုများပြုလုပ် ခဲ့ပြီး စင်္ကာပူနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ၁၀-၇-၂၀၁၉ရက်စွဲနဲ့ ကြေညာချက်တစောင်ထုတ်တယ်၊ ထုတ်တဲ့ ကိစ္စမှာ လက်နက်ကိုင်အကြမ်းမှုတွေ ထောက်ပံ့လှုံ့ဆော်တဲ့အတွက် ဒီနိုင်ငံသားတွေကို အရေးယူဆောင်ရွက်တာ နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်တယ်လို့ သူတို့သိရှိရတယ်၊ အဲသတင်းကို စုံစမ်း စစ်ဆေးဖော်ထုတ်ချက်အရ ဒီအမှုကိုတရားစွဲဆိုတာလို့ ထွက်ဆိုတယ် "
ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုရွှေလှိုင်သန်းနဲ့ ကိုမြတ်လင်းဦးတို့ ရှစ်ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ၅၂ (က)တို့နဲ့ မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့ ရဲမှူး ဦးတင့်ရွှေက တရားလိုလုပ်ပြီး တရားစွဲတင်ပို့ခဲ့တာကို အနောက်ပိုင်းခရိုင်တရားရုံးက လက်ခံစစ်ဆေးနေတာပါ။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဆက်လက်စုံစမ်းပြီး အခုလို့အရေးယူဖိ့ု တိုင်ကြားတာလို့လည်း ဒုရဲမှူးတင်ရွှေက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ကိုအောင်မြတ်ကျော်ပါ ရှစ်ဦးဟာ စင်္ကာပူနိုင်ငံမှာ ရန်ပုံငွေရှာပြီး ရခိုင်တပ်တော် AA ကို ငွေကြေးထောက်ပံ့တာ၊ လိုအပ်တဲ့ပစ္စည်းတွေထောက်ပံ့တာနဲ့ AA အထိမ်းအမှတ်ပွဲတွေ ပြုလုပ်တာ၊ စည်းရုံးလှုံဆော်တာနဲ့ လူသစ်စုဆောင်းရာမှာ ထောက်ပံ့ပေးတယ်လို့ ဒုရဲမှူးဦးတင့်ရွှေက ထွက်ဆိုခဲ့ပါတယ်။
ကိုအောင်မြတ်ကျော်ပါ ရှစ်ဦးအမှုတွဲမှာ နောက်ထပ် ၁၆၄ ယောက်ကို တရားစွဲဆိုထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းခရိုင်တရားရုံးကို မေးမြန်းရာမှာတော့ ဒီအမှုတွဲဟာ တရားရုံးပေါ် မရောက်သေး တာကြောင့် ဖြေကြားလို့မရဘူးလို့ အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
" တရားရုံးအနေနဲ့ကတော့ တရားရုံးအပေါ် စွဲတင်လာတဲ့အမှုတွေကိုပဲ သတင်းထုတ်ပြန်ပေးတာဖြစ်ပါတယ်၊ ဒီနေ့စစ်ဆေးတဲ့ ရာဇဝတ်ကျင့်မှုအမှတ် ၇၈/ ၂၀၁၉ အမှုနဲ့ ဆက်စပ်တဲ့အမှုရှိပါတယ်၊ အဲဒါတော့ တရားခံပြေး အမှုဖြစ်ပါတယ်၊ တရားခံပြေးအမှုကတော့ ရာဇဝတ်အထွေထွေအမှုအမှတ် ၅၇/ ၂၀၁၉ပါ အဲဒီမှာတော့ တရားပြေး သန်းထွန်းနိုင် ခေါ် ဘိုလီပါနှစ်ဦးကို ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်ပါတယ်၊ မမိတဲ့အတွက် သူရဲ့ မျက်ကွယ်မှာ ဒီအမှုကိုစစ်ဆေးနေပါတယ်၊ ကျန်တဲ့ဟာတွေက တရားရုံးစွဲတင်တာ မဟုတ်တဲ့အတွက် ကျနော်တို့က တရားရုံးစွဲတင်တဲ့အမှုကိုပဲ သတင်းထုတ်ပြန်ပေးတာဖြစ်ပါတယ် "
ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဖိ့ု ခန့်မှန်းထားတဲ့ ဒီအမှုမှာ တရားလိုဘက်က သက်သေ ၁၄ ယောက် တင်သွင်း ထားတယ်။ သုံးလအတွင်း ရုံးချိန်း ၁၈ ချိန်းခေါ်ယူ စစ်ဆေးမယ်လို့ သိရပါတယ်။
ဒီနေ့ရုံးထုတ်ခဲ့တဲ့ ရှစ်ယောက်နဲ့အတူ ဖမ်းဆီးထားတဲ့ ကိုအောင်မျိုးဝင်း ကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ သီးခြားအမှုဖွင့်ထားပါတယ်။ ကိုသန်းထွန်းနိုင်နဲ့ ကိုစိုးမြင့် ဆိုသူတွေကိုလည်း ဆက်စပ်တရားခံပြေး အဖြစ် ကြေညာထားပါတယ်။
ကိုအောင်မြတ်ကျော်တို့ ရှစ်ယောက်အမှုကို လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့ကို ရုံးချိန်းပြန်ခေါ်ထားပြီး ဒုရဲမှူးတင့်ရွှေကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်။)