တပ်မဲပေးမှုတွေကို ပြန်စစ်မယ့်လုပ်ရပ် အခြေခံဥပဒေနဲ့မညီကြောင်း ပညာရှင်တွေဝေဖန်

သီဟထွန်း၊ သက်စုအောင်
2020.12.01

၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် သံသယကင်းဖို့အတွက်၊ မြို့နယ် ၂၁၈ ခုက တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေရဲ့ မဲပေးတဲ့ဖြစ်စဥ်တွေကို ပြန်စိစစ်နေတယ်လို့ တပ်မတော်က နိုဝင်ဘာ ၃၀ ရက် မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးလေ့လာသူတွေနဲ့ ဥပဒေပညာရှင်တွေ ကတော့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး ထောက်ပြ ဝေဖန်ကြပါတယ်။

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ် မဖြစ် သိနိုင်ဖို့အတွက်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ တပ်မိသားစုဝင်တွေ မဲပေးခဲ့တဲ့ မြို့နယ်ပေါင်း ၂၁၈ မြို့နယ်က ရွေးကောက်ပွဲဖြစ်စဉ်တွေကို တပ်မတော်က ပြန်လည်စိစစ်နေပြီး၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေမှာ ကူးယူခွင့်တောင်းတဲ့အခါ ဗဟိုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ခွင့်ပြုပေးဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမူတွေဟာ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေပြီး၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ အဖြစ် သံသယကင်းစွာ အသိအမှတ်ပြုနိုင်ဖို့နဲ့ ဒီစစ်ဆေးတွေ့ရှိချက်တွေကို အခြေခံပြီး သက်ဆိုင်ရာဒေသရှိ မဲဆန္ဒရှင်တွေကနေ ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတွေ တင်သွားမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ နေပြည်တော်ရှိ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို RFA က ဖုန်းနဲ့ရော အီးမေးနဲ့ပါ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်ကြားတာ မရှိပါဘူး။

မန္တလေးနန်းတွင်းဟာ တပ်နယ်မြေဖြစ်တာမို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရှိန်ဝင်း ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုသရွေ့၊ တပ်မတော်ရဲ့ တောင်းဆိုချက်တွေကို ထုတ်ပေးမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

"ကော်မရှင်လုပ်ငန်းကတော့ တပ်က ကျနော််တို့ဆီကိုလာပြီး တောင်းဆိုလို့တော့ မရပါဘူး ခင်ဗျ။ သူ့တပ်ဖွဲ့ဝင်တွေ သူ့မိသားစုဝင်တွေ မေးချင်ရင်တော့မေးပေါ့၊ ကျနော်တို့ ကော်မရှင်တော့ လာပြီးတော့ မေးလို့မရပါဘူး။ UEC ရဲ့ ညွှန်ကြားချက် မရမချင်းတော့ ကျနော်တို့ ဘာမှဆောင်ရွက်ပေးလို့ မရပါဘူး ခင်ဗျ"

တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ တပ်မိသားစုတွေရဲ့ မဲပေးမှုဖြစ်စဉ်ကို ဘယ်လိုပုံစံစစ်ဆေးမယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။ ဒီကိစ္စ အသေးစိတ်သိနိုင်ဖို့အတွက် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲကော်မရှင်ကို သမ္မတက တိုက်ရိုက်ခန့်အပ်တာဖြစ်တဲ့အတွက် ကော်မရှင်က သမ္မတကို တာဝန်ခံရမှာဖြစ်သလို၊ သမ္မတကလည်း ရွေးကောက်ပွဲရလဒ်တွေ တရားမျှတရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ထိန်းကျောင်းပေးသင့်တယ်လို့ ပြောထားပါတယ်။

ဒီပြောဆိုချက်အပေါ် သမ္မတရုံးရဲ့ အမြင်သဘောထားသိနိုင်ဖို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို အင်တာနက် အွန်လိုင်းကတဆင့် စာရေးမေးမြန်းခဲ့ပေမဲ့ အခုညနေပိုင်းအထိ တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။

အာဏာရ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်သလို ဖြစ်မှာကိုတော့ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

"ဒီရွေးကောက်ပွဲကာလတုန်းက တပ်မတော်ခေါင်းဆောင်တွေ ပြောခဲ့တဲ့ တပ်မတော်သားများဟာ မိမိတို့ နှစ်သက်ရာပါတီကို လွတ်လပ်စွာမဲပေးနိုင်လို့ ထုတ်ဖော်ပြောခဲ့တာ ဒါတရားဝင် ထုတ်ဖော်ပြောခဲ့တာပါ ခင်ဗျ။ အဲဒီမူကို ထိခိုက်စေခြင်းမရှိဘဲနဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေပဲ စစ်ဆေးတာဆိုရင်တော့ ကျနော်တို့ ကန့်ကွက်ဖို့ မရှိပါဘူး။ သို့သော်လည်း တပ်တွင်းက တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေ မဲပေး ခဲ့တဲ့ မဲရုံများရဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများပေါ့ အဲဒီအပေါ်မှာ ဝင်ရောက်ပြီးတော့ စစ်ဆေးတဲ့ သဘောမျိုးဖြစ်ရင်တော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းများအပေါ်မှာ ဝင်ရောက် စွက်ဖက်ရာ ကျလိမ့်မယ်လို့ ကျနော်တို့ကတော့ စိုးရိမ်ပါတယ် ခင်ဗျ"

နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲမှာ NLD ပါတီက ပြည်သူတွေရဲ့ဆန္ဒမဲကို တရားမျှမျှတတနဲ့ ရရှိအောင် ကြိုးစားခဲ့တာဖြစ်တဲ့အတွက် ဘယ်အဖွဲ့အစည်းကဖြစ်စေ ဥပဒေနဲ့အညီဆောင်ရွက်ရင်တော့ စိုးရိမ်ပူပန်မှု မရှိဘူးလို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ကလည်း ရွေးကောက်ပွဲဖြစ်စဉ်ကို တပ်မတော်က ပြန်လည်စစ်ဆေးဖို့ကိစ္စ ဥပဒေမှာ ပြဌာန်းမထားဘူးလို့ ပြောပါတယ်။

"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအရသော်လည်းကောင်း၊ ရွေးကောက်ပွဲ ဥပဒေတွေအရ သော်လည်းကောင်းပေါ့ဗျာ။ တပ်မတော်မှာ အဲလို သီးခြားစစ်ဆေးဖို့၊ သို့မဟုတ် စစ်ဆေးဆောင်ရွက်ဖို့ အခွင့်အာဏာလည်း ပေးမထားပါဘူးဗျာ၊ အခြေခံဥပဒေမှာလည်း မပါပါဘူး၊ သို့သော် တပ်မတော် ဆိုတာက အဖွဲ့အစည်း တစ်ခုအနေနဲ့လည်းဖြစ်၊ လူတွေကို စုစည်းထားတဲ့ အဖွဲ့အစည်းဝင် လူတွေကို စုစည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဖြစ်ဖြစ်ပေါ့ဗျာ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာရှိတဲ့ စာရွက်စာတမ်းတွေကို တောင်းဆိုဖို့ ခင်ဗျားဖြစ်ဖြစ် ကျနော်ဖြစ်ဖြစ် သတင်းစာကဖြစ်ဖြစ် တကယ်က တောင်းခွင့်ရှိတာပဲဗျာ"

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉) ပုဒ်မ (၃၉၉) ပုဒ်ခွဲ (ဆ) မှာ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို စစ်ဆေးနိုင်ဖို့အတွက် ရွေးကောက်ပွဲခုံအဖွဲ့တွေကို ဖွဲ့စည်းနိုင်တယ်” လို့‌ဖေါ်ပြထားပါတယ်။

ပုဒ်မ (၄၀၂) မှာတော့ “ ရွေးကောက်ပွဲခုံအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အမိန့်တွေဟာ အပြီးအပြတ် အတည် ဖြစ်တယ် ”လို့ ဖေါ်ပြထားပြီး၊ တပ်မတော်နဲ့ပတ်သက်တာကို တစ်စုံတစ်ရာ ဖော်ပြထားတာ မရှိပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ရွေးကောက်ပွဲမှာ တရားမမျှတ တာတွေရှိခဲ့ရင် နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အကြား ဖြေရှင်းရမှာဖြစ်ပြီး၊ တပ်မတော်က ဝင်ရောက် စစ်ဆေးခွင့်မရှိဘူးလို့ ထောက်ပြဝေဖန်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဥက္ကဋ္ဌ ဦးအောင်မိုးဇော် က ရွေးကောက်ပွဲဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ဟာ တပ်မတော်ရဲ့ တာဝန်မဟုတ်လို့ ကိုယ်နဲ့သက်ဆိုင်တဲ့ကဏ္ဍ ကိုသာ တာဝန်ယူဖို့ တပ်မတော်ကို တိုက်တွန်းထားပါတယ်။

"ဒီမြန်မာပြည်သူတွေအနေနဲ့က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူတို့ ဆန္ဒသဘောထားကို သူတို့ ဖော်ပြပြီးပြီ ဖြစ်တယ်၊ အများစုကြီးက အဲလို ဖော်ပြတာဖြစ်တယ်လို့ ယုံကြည်လောက်ရတဲ့ အခြေအနေရှိတယ်လို့ ကျနော်တို့တော့ အဲလို ယူဆတယ်၊ ဒါပေမဲ့ သီးခြားပြဿနာတွေတော့ ရှိနိုင်တယ်၊ သီးခြားပြဿနာတွေကို ဖြေရှင်းရမယ့်ကိစ္စက သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကိစ္စဖြစ်တယ်လို့ ကျနော်တော့ နားလည်တယ်၊ တပ်မတော်က သူ့အလုပ်သူလုပ်တာ၊ သူ့အခန်းကဏ္ဍမှာ သူနေတာသာလျှင် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်ဗျ"

တပ်မတော်ဘက်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဒီလို စုံစမ်းတာမျိုးမရှိခဲ့ဘဲ NLD အစိုးရလက်ထက်ကျင်းပ တဲ့ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေအနေနဲ့ တပ်ပြင်ပမှာ တခြားမဲဆန္ဒရှင် ပြည်သူတွေနဲ့ အတူမဲပေးရမယ်ဆိုတဲ့ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက်အတည်ပြုအပြီး အခုလို အခြေ အနေတွေ ဖြစ်ပေါ်ခဲ့တာပါ။

နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေ ရေးသားနေတဲ့ သတင်းသမားတစ်ဦးဖြစ်တဲ့ ကိုသီဟသွေး ကလည်း တပ်မိသားစုဝင်တွေ မဲပေးခဲ့တဲ့ဖြစ်စဉ်ကို ပြန်စစ်ဖို့ ဥပဒေမှာ ပြဌာန်းထားတာမရှိဘူးလို့ ပြောပါတယ်။

"မဲဆန္ဒရှင်အလွှာ အသီးသီးခွဲထားတာမရှိဘူး၊ အဲတော့ တပ်မတော် မဲဆန္ဒရှင်ဆိုတာ တကယ်တမ်းက မရှိဘူး၊ ဆိုတော့ အဲဒီအမြင်အရ ကြည့်မယ်ဆိုရင်လည်း ဆောင်ရွက်ဖို့ အကြောင်းမရှိဘူးပေါ့နော်၊ အကယ်လို့ မဲဆန္ဒရှင်တစ်ယောက်အနေနဲ့ တပ်မတော်သားပဲဖြစ်ဖြစ် သူ့မိသားစုပဲဖြစ်ဖြစ် မကျေနပ်တာ ကွန််ပလိန်းရှိရင်တော့ ဒီရွေးကောက်ပွဲကော်မရှင်ကို မလာဘူး၊ သူ့ဥပဒေနဲ့အညီ အရေးဆိုခွင့်ရှိတာ တွေရှိခဲ့တယ်၊ အဲလိုအခွင့်အရေးတွေရှိတယ်၊ တစ်ယောက်ချင်းစီမှာလေ၊ အဖွဲ့အစည်းလိုက်တော့ အဲလိုမျိုးကမရှိဘူး၊ ဆိုတော့ ဒီလိုအစုအဖွဲ့လိုက်ကြီး လုပ်ဖို့အကြောင်းမရှိဘူး"

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာလည်း သက်ဆိုင်ရာဒေသမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ မဲပေးခဲ့တဲ့ မဲဆန္ဒရှင်ကသာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သံသယရှိရင် ကန့်ကွက်လွှာ တင်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

မန္တလေးမြို့မှာနေထိုင်ပြီး အခြေခံဥပဒေနဲ့ဆိုင်တဲ့ ဆောင်းပါးတွေ ရေးသားနေတဲ့ မောင်ဉာဏ က တပ်မတော်ဟာ နိုင်ငံရေးပါတီမဟုတ်တဲ့အတွက် ဒီကိစ္စတွေ ဆောင်ရွက်ပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။

"တပ်မတော်က နိုင်ငံရေးပါတီမဟုတ်တဲ့အတွက် ဒီကိစ္စတွေကို စိစစ်ဖို့ သူ့မှာ တာဝန်မရှိဘူး၊ တာဝန်ပေး မထားဘူးပေါ့နော်၊ နိုင်ငံရေးပါတီကသာ ယှဉ်ပြိုင်ရတဲ့ ပွဲတစ်ခုဖြစ်တဲ့အတွက် အငြင်းပွားမှုတွေ၊ မတရား မှုတွေ၊ မကျေနပ်မှုတွေ အထောက်အထားတွေရှိရင် သူက ပြောလို့ရပေမယ့် တပ်မတော်က ဒီကိစ္စလုပ်မယ် ဆိုတဲ့ကိစ္စက စဉ်းစားစရာပေါ့နော်၊ နောက်တစ်ခုက ပြန်စိစစ်မယ်ဆိုတဲ့ကိစ္စက သူက အခြေခံဥပဒေက ပေးထားတဲ့ ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် မဲပေးပိုင်ခွင့်ရှိသူက သူမဲပေးတဲ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လျို့ဝှက်စွာ လုံခြုံစိတ်ချစွာ ပေးနိုင်ရေးအတွက် ဥပဒေက ကာကွယ်ပေးထားတာရှိတယ်"

ဒါ့အပြင် လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့တဲ့ တပ်မိသားစုဝင်တွေရဲ့ မဲပေးပိုင်ခွင့် ထိခိုက်လာမှာကို စိုးရိမ်တယ်လို့ မောင်ဉာဏ က ပြောပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အတိုက်အခံအင်အားကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် မိတ်ဖက်နိုင်ငံရေးပါတီ ၁၉ ပါတီကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုတွေရှိခဲ့တဲ့အတွက် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ကို အရေးယူပေးဖို့ နိုဝင်ဘာလ ၂၅ ရက်နေ့က နိုင်ငံတော်သမ္မတဆီ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားပါတယ်။`

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ် လာတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်လို့ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ သတင်းထောက်တွေ ကို ပြောခဲ့ဖူးပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကတော့ တပ်မတော်ရဲ့ မနေ့က ထုတ်ပြန်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ သုံးသပ်ဝေဖန်နေကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။