ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကပ်ဘေးဦးဆောင်မှုကို မတူညီတဲ့ တုံ့ပြန်ချက်များရှိနေ

ဝေမာထွန်း
2020.05.19

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် လူထုထောက်ခံမှု မြင့်တက်နေသလို ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အွန်လိုင်းလူမှုကွန်ရက်ကို လူသိရှင်ကြား အသုံးပြုမှု မရှိခဲ့တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကပ်ရောဂါကာလမှာတော့ လူထုအသံကို တိုက်ရိုက်ကြားသိနိုင်ပြီး လူအများအပြားကို တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ Facebook ကို အသုံးပြုလာပါတယ်။

ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်နိုင်ဖို့ လက်ဆေးပြတာ၊ လူတိုင်းနှာခေါင်းစည်း တပ်ဆင်လာအောင် စည်းရုံးတဲ့ အနေနဲ့ ကိုယ်တိုင်အဝတ်နှာခေါင်းစည်း ချုပ်ပြတာမျိုးတွေ လုပ်ခဲ့တာကြောင့် သူရဲ့ကပ်ရောဂါကို ကိုင်တွယ် ဖြေရှင်းပုံဟာ တခြားနိုင်ငံက ခေါင်းဆောင်တွေနဲ့ မတူဘဲ တမူထူးခြားတယ်ဆိုတဲ့ ထောက်ခံတဲ့ အမြင်တွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှာခေါင်းစည်းချုပ်ပြိုင်ပွဲမှာ သံတမန်မိသားစုတချို့တောင် ပါဝင်ခဲ့ပါတယ်။

တဖက်မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကစပြီး အတိုင်ပင်ခံဟာ ရောဂါထိန်းချုပ်ရေး ဆောင်ရွက်နေတဲ့ ကျန်းမာ ရေး ဝန်ထမ်းတွေ၊ စေတနာရှင်တွေ၊ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ရောဂါခံစားနေရသူတွေ၊ ရောဂါကြောင့် ထိခိုက်ရတဲ့ လုပ်ငန်းနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေကို တူရာတူရာ အဖွဲ့အစည်းအလိုက် အွန်လိုင်းကနေ  ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ဒီဆွေးနွေးပွဲတွေကို လူထုသိရှိနိုင်အောင် လူမှုကွန်ယက်ကနေ တိုက်ရိုက်ထုတ်လွှင့်သလို နိုင်ငံပိုင် မီဒီယာတွေ ကနေလည်း ပြသခဲ့ပါတယ်။

အခု မေလ တတိယအပတ် မတိုင်ခင်မှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဒေသအသီးသီး၊ ကဏ္ဍအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပွဲပေါင်း ၂၀ နီးပါး ပြုလုပ်ခဲ့ပြီးပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုနဲ့ တိုက်ရိုက်ထိတွေ့ဆောင်ရွက်မှုတွေကြောင့် ကပ်ရောဂါ ထိန်းချုပ်ရေးဟာ အများကြီး ထိရောက်ခဲ့တယ်လို့ Yangon Covid-19 Volunteer Team အဖွဲ့ခေါင်းဆောင် စာရေးဆရာ ထင်လင်းဦးက ပြောပါတယ်။

“ထိရောက်မှုကတော့ အများကြီးရှိတယ်။ လက်ဆေးတာကအစ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ဆေး ပြတယ်။ ရိုက်ကူးပြီး ထုတ်လွှင့်တယ်။ အဲတော့ လူတွေက စနစ်တကျ လက်ဆေးတယ်။ Mask တွေ တပ်တယ်။ ဒါတွေက သူရဲ့ စွမ်းဆောင်မှုအပိုင်းက အများကြီး ပြည်သူလူထုကို စိတ်ဓါတ်အင်အားပေးတယ်။ ခေါင်းဆောင် ရဲ့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ ပြည်သူလူထုကို အသိပညာပေးမှုဟာ ဒီကိုဗစ်ကာလမှာ အများကြီး အကျိုးရှိတယ်လို့ ပြောချင်ပါတယ်”

ဒီလိုသဘောကျနှစ်ခြိုက်မှုတွေရှိပေမယ့် တဖက်မှာလည်း လူထုနဲ့ တိုက်ရိုက်ထိတွေ့ပြောဆိုတာကို အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဆောင်ရွက်တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် မဲဆွယ်စည်းရုံးတဲ့ အသွင် သဏ္ဍန်ဆောင်နေတယ်လို့ ဝေဖန်သူတချို့လည်း ရှိပါတယ်။

ဒါဟာ  ရွေးကောက်ပွဲ မတိုင်ခင် အကြိုကာလမှာ တခြားယှဉ်ပြိုင်ဖက်ပါတီတွေအတွက် မမျှတတဲ့ အခင်းအကျင်း ကို ဖန်တီးရာ ရောက်တယ်လို့ တချို့က ဝေဖန်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်အတွက် သမ္မတက လူလုံးထွက်ပြီး ပြောဆိုတာမျိုးမရှိဘဲ အတိုင်ပင်ခံ ကသာ ပြောဆိုနေတဲ့အပေါ် ဝေဖန်ကြသလို ဒီလိုဆွေးနွေးပွဲစကားဝိုင်းတွေကို ပညာရှင်တွေကသာ ဦးဆောင် ဆွေးနွေးသင့်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အများပြည်သူ ထိတွေ့နိုင်မယ့် လမ်းကြောင်းတွေကို နည်းလမ်းမျိုးစုံနဲ့ ဖွင့်ပေးထား တာဟာ ကျန်တဲ့ပါတီတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

“WHO က ကြေညာတဲ့နေ့ရောက်မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကွင်းမဆင်းတော့ဘူး။ သို့သော်လည်းပဲ သူက Facebook အကောင့်ဖွင့်တယ်။ ပြီးရင် quarantine ဝင်နေတဲ့ပုဂ္ဂိုလ်တွေ၊ လုပ်အားပေးအဖွဲ့တွေနဲ့ နိုင်ငံပိုင်မီဒီယာကနေပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး တောက်လျှောက် သူ အားပေးစကားတွေ ပြောတယ်။ ပြောရမယ်ဆိုရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က NLD ပါတီရဲ့ ဥက္ကဋ္ဌဖြစ်တယ်။ အစိုးရဖြစ် ခြင်းရဲ့ အားသာချက်အပေါ် အသုံးပြုတာ ကျွန်တော်တို့ မဝေဖန်လိုသော်လည်းပဲ ပြောရရင် လက်ရှိအာဏာရ ပါတီနဲ့ ကျန်တဲ့ အတိုက်အခံပါတီတွေ လုံးဝကို ယှဉ်လို့မရတဲ့ အနေအထား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ ထိတွေ့နိုင်မယ့် လမ်းကြောင်းကို နည်းလမ်းမျိုးစုံနဲ့ ဖွင့်ပေးထားတာကိုက ကျန်တဲ့ပါတီတွေက အခက်အခဲ အများကြီးရှိပါတယ်”


RFA ရဲ့ မေးမြန်းမှုအပေါ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဆောင်ရွက်မှုတွေဟာ တခြားယှဉ်ပြိုင်ဘက်ပါတီတွေအတွက် အခက်အခဲတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“Facebook သုံးတာတို့၊ လက်ဆေးပြီး ပညာပေးဆောင်ရွက်တဲ့ကိစ္စတွေ ဒီကိစ္စတွေဟာလည်း ရွေးကောက်ပွဲ အတွက် အထောက်အကူ ဖြစ်သင့်သလောက်တော့ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ဒီလို သူ့အနေနဲ့ ဆောင် ရွက်နေခြင်းဟာ ဒီကိစ္စဟာ အရေးကြီးကိစ္စတစ်ခု ဖြစ်တယ်လို့ ယူဆပြီး ဆောင်ရွက်နေတယ်လို့ ထင်ပါတယ်။ အခြားယှဉ်ပြိုင်ဘက် ပါတီတွေအတွက်လည်း အခက်အခဲတွေ ဖြစ်နိုင်တာ သေချာပါတယ်။ ပြည်သူတွေနဲ့ ပါတီတွေကလည်း သိပ်တော့ မအကြပါဘူး။ ပြည်သူတွေ လိုလားတာက လွတ်လပ်ပြီး တရားမျှတတဲ့ ယှဉ်ပြိုင်မှုတွေ ဖြစ်စေချင်တယ်လို့ ကြားသိနေရတာ ရှိပါတယ်”

သူရဦးရွှေမန်း ကိုယ်တိုင်လည်း ကပ်ရောဂါနဲ့ ပတ်သက်လို့ ပါတီတွင်း မိသားစု စကားဝိုင်းတွေကို သူရဲ့လူမှု ကွန်ရက် စာမျက်နှာကနေတဆင့် ဧပြီလ တတိယအပတ်က စတင်လုပ်ဆောင်လာတာမှာ မေလ ၁၉ ရက်နေ့အထိ ဆွေးနွေးပွဲ ၁၀ ပွဲလောက် ရှိနေပါပြီ။

မကြုံတွေ့ဖူးတဲ့ ကပ်ရောဂါကို ဖြတ်ကျော်နေရတဲ့ကာလမှာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့  အခက်အခဲတွေကို သိလိုတာကြောင့် ဒီလိုဆောင်ရွက်ဖြစ်တာလို့ သူရဦးရွှေမန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကပ်ရောဂါထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေကို မဲဆွယ်စည်းရုံးမှုအဖြစ် ပြောဆို တာဟာ မသင့်လျော်ဘူးလို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

“ပြောရလို့ရှိရင်တော့ ကျွန်တော်တို့ ခေါင်းဆောင်အပေါ်မှာ ဘယ်လိုမှ အပြစ်ရှာစရာမလိုတဲ့ အလုပ်ပဲဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့လုပ်နေတာတွေဟာ ဘယ်နိုင်ငံခေါင်းဆောင်မှ မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်တယ်။ ပြည်သူလူထုနဲ့ တကယ်ထိတွေ့ပြီး လုပ်တယ်လို့ပဲ ကျွန်တော်တော့ အဲလိုပဲ မှတ်ချက်ချချင်တယ်။ ဒီကာလမှာဘယ်သူက ဘယ်လောက်အလုပ်လုပ်သလဲ။ သူအလုပ်လုပ်တဲ့ဟာပေါ်မှာ လူထုက ဘယ်လောက်ထိ လိုက်ပါမှုရှိသလဲဆိုတာ ဒါသက်သေပြနေတာပဲ။ NLD က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီးလုပ် တယ်ဆိုရင် နောက်ကလိုက်ပါပြီးလုပ်နေကြတာပဲ။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအတွက် မဲဆွယ်သယောင်ယောက် လိုက်ပြောနေတာ ဒါတွေကတော့ မဖြစ်သင့်ဘူးထင်တယ်”

လူထုနဲ့ မကင်းကွာအောင် အစိုးရနဲ့ NLD က တမင်ဖန်တီးယူတာ မဟုတ်သလို တကယ်တမ်း ဒီအခြေအနေကို အကောင်းဆုံး မထိန်းချုပ်နိုင်ခဲ့ရင် NLD ဟာ လာမယ့်ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ မှတ်ချက်ပေးသူတွေလည်း ရှိပါတယ်။

ဒီအခြေအနေဆိုးအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်က အကောင်းဆုံး အသုံးချသွားနိုင်တာလို့ NLD ပါတီကို ထောက်ခံသူ တွေက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း အစိုးရဘက်က လူထုထောက်ခံမှုရအောင် ဆောင်ရွက်ခဲ့တာပဲလို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း (မိတ္ထီလာ) က ပြောပါတယ်။

“လူထုက မူလကတည်းက ဘယ်လောက်အထိ လက်ခံထားသလဲ ဆိုတဲ့အပိုင်းမှာပဲ အခြေခံမယ်လို့ ယူဆတယ်လေ။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းကလည်း သမ္မတကြီး ဦးသိန်းစိန်က မဲဆွယ်ပွဲ မတိုင်ခင်မှာ ခရီးတွေသွားတယ်၊ မိန့်ခွန်းတွေ ပြောတယ်၊ လှူဒါန်းမှုတွေ လုပ်တယ်၊ မိတ္ထီလာမှာလာပြီး ဘုရားတောင်တည်ပြီးတော့ နှစ်ကြိမ်လောက်ကို ပြန်လာတယ်၊ ဒါက နိုင်ငံတော်အကြီးအကဲ တစ်ယောက် အနေနဲ့လုပ်တာ၊ ပါတီအကြီးအကဲ အနေနဲ့ မဟုတ်ဘူး။ သို့သော်လည်း ပါတီစည်းရုံးရေးအတွက်ကို အထောက်အကူ ပြုသွားတယ်ဆိုရင်တော့ သူရဲ့ ကံတရားပေါ့လေနော်”

ရွေးကောက်ပွဲဝင်မယ့် ပါတီတိုင်းက တန်းတူအခွင့်အရေး ရှိသင့်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

“ရွေးကောက်ပွဲ အကြိုကာလမှာ ပါတီတိုင်းကနေပြီးတော့ တန်းတူအခွင့်အရေးရဖို့ အတွက်က အရေးကြီး တယ်။ အစိုးရဖြစ်နေတဲ့ ပါတီနဲ့ အစိုးရမဟုတ်တဲ့ပါတီ အဲနှစ်ခုကြားမှာ တန်းတူညီမျှ ဖြစ်ဖို့လိုတယ်။ နောက် တစ်ခုကကျတော့ ရန်ပုံငွေကြွယ်ဝတဲ့ ပါတီနဲ့ ရန်ပုံငွေမရှိတဲ့ ပါတီ၊ အဲဒီနှစ်ခုကြားမှာလည်း တူညီဖို့လိုတယ်။ အစိုးရဖြစ်နေတဲ့ ပါတီကျတော့လည်း သူ့မှာ အစိုးရပိုင် သတင်းမီဒီယာရှိတယ်။ အစိုးရပိုင်သတင်းစာတွေကို အနိမ့်ဆုံးအဆင့်တော့ သုံးချင်တယ်ဆို သုံးခွင့်ရှိနေတယ်။ ကိုဗစ်နဲ့ ပတ်သက်လို့ ဘာလုပ်တယ်၊ ညာလုပ် တယ်ဆိုရင် ဒီအစိုးရအကြောင်းကို ပေါ်နေမယ်။ ကျန်တဲ့သူတွေကျတော့ အဲဒီအခွင့်အရေး မရဘူး”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ ကပ်ရောဂါဖြစ်ပွားချိန်မှာ လျှပ်စစ်မီတာခ ကောက်ခံမှု တွေကို အတိုင်းအတာတစ်ခုအထိ ကင်းလွတ်ခွင့်ပေးနေပြီး အခြေခံလူတန်းစားတွေကို စားသောက်ကုန်တွေ ထောက်ပံ့ပေးခဲ့သလို လက်ရှိမှာလည်း ငွေကြေးထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။

ကပ်ဘေးမကြုံတေ့ွခင်ကာလမှာ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာအလယ်မှာ ပုံရိပ်ကျဆင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်ပထောက်ခံမှု လျော့ကျ နေပေမယ့် ဒီကပ်ဘေးကာလအတွင်း ကိုင်တွယ်စီမံပုံနဲ့  လူထုအပေါ် ထောက်ပံ့မှုတွေကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ် အပေါ် ပြည်တွင်းထောက်ခံမှုတွေကတော့ အတိုင်းအတာ တစ်ခုအထိ မြင့်တက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။