အပြစ်တင်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်


2018.06.01

လာမယ့် ဇွန်လ ၆ ရက်နေ့စွဲနဲ့ ဒီကနေ့ကြိုတင် ဖြန့်ချိလိုက်တဲ့ Newsweek နယူးစ်ဝိခ် အပတ်စဉ်သတင်း မဂ္ဂဇင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ် ဖေါ်ပြထားပါတယ်။ ဆောင်းပါးမှာ ပါဝင်တဲ့ အချက်တချို့ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ကောက်နှုတ်တင်ပြပါလိမ့်မယ်။
....................................................................................................
“တချိန်က လူ့အခွင့်အရေးတိုက်ပွဲဝင်မှုအတွက် စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး မွတ်စလင်တွေအပေါ် လွဲမှားစွာ ပြုမူဆက်ဆံမှု အတွက် အခု အပြစ်တင်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်” (Myanmar’s Aung San Suu Kyi, once a human rights icon, is being condemned for mistreating Muslims) လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီဆောင်းပါး အစပိုင်းမှာ မြန်မာပြည်ကို အင်္ဂလိပ် ကျွန်ဘဝက လွတ်မြောက်အောင် ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်အတွက် စွန့်လွှတ်ဆောင်ရွက်ခဲ့ပုံတွေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ သူမပါတီ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပုံကို ရေးသားထားပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲအပြီး ၃ နှစ်အတွင်း ဝင်ရောက်လာချိန်မှာတော့ ရိုဟင်ဂျာတွေ ဒုက္ခရောက်မှု၊ သတင်းလွတ်လပ် ခွင့် ဆုတ်ယုတ်မှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခြင်း မရှိမှုနဲ့ ဗိုလ်ချုပ်ကြီးတွေ ကို စည်းရုံးနိုင်မယ်လို့ ယုံကြည်ခဲ့မှုတွေအတွက် နိုင်ငံတကာက အပြစ်တင်တာကို ခံယူနေရပြီလို့ ဆောင်းပါးမှာ ဆက်လက်ဖေါ်ပြထားပါတယ်။

ဂျိန်း ကာကွယ်ရေး အပတ်စဉ်စာစောင်မှာ သုံးသပ်ချက်တွေရေးသားသူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရပြင်ပကနေ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရာမှာတော့ စံပြနမူနာပါပဲ။ ဒါပေမဲ့ တိုင်းပြည်အာဏာ ဝင်ယူ မိတာမှားတယ်။ သူ အခု မြန်မာစစ်တပ်ရဲ့ ဓါးစာခံဖြစ်နေပြီလို့ ဝေဖန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ အငြိမ်းစားအရာရှိတစ်ဦးကလည်း စစ်တပ်ကို အနောက်နိုင်ငံတွေက ဖိအားပေးမှုကနေ ကာကွယ်ပေးရန်ပျက်ကွက်ခဲ့မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီးတွေက သိပ်ပြီးမကြည်လင်ကြဘူးလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အကြား ပြောဆိုဆက်ဆံရေး လုံးဝမရှိဘူးလို့ အတွင်းသိ တစ်ဦးကပြောဆိုကြောင်းလည်း ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ခင်မင်ရင်းနှီးဖို့ ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ အကြမ်းဖက် မှုတွေဖြစ်ပွားပြီးနောက်ပိုင်း အဲဒီကြိုးစားမှုတွေ ချုပ်ငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူနောက်တစ်ဦးကလည်း အဲဒီလို ခေါင်းဆောင် ၂ ဦးအကြား သိပ်အဆင်မပြေပေ မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂ္ဂလိက အမြင်ကို ဘေးဖယ်ပြီး နိုင်ငံရေးအရ တပ်မတော်နဲ့ ထိပ်တိုက်တွေ့မှုနဲ့ ပြစ်တင်ပြောဆိုမှုတွေကို ရှောင်ရှားနေတယ်လို့ ပြောပါတယ်။

နိုင်ငံရေးအကဲခတ်တချို့ကလည်း သူမရဲ့ပါတီအနေနဲ့ ကောက်ကျစ်တဲ့ ဗိုလ်ချုပ်ကြီးတွေကို အနိုင်ရအောင် ကျွမ်းကျွမ်းကျင်ကျင် မကစားနိုင်ဘူး၊ ဒါ့အပြင် မွတ်စလင်တွေအပေါ် မုန်းတီးရန်လိုတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသား အများစုကို သိပ်ပြီးငဲ့ညှာနေတဲ့အတွက် ရိုဟင်ဂျာ ပဋိပက္ခကိုလည်း ပိုမိုကောင်းမွန်စွာ ဖြေရှင်းပေးနိုင်ခြင်း မရှိဘူးလို့ ပြောနေကြပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း ခင်ဇော်ဝင်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရေးဝါဒီ ဖြစ်တယ်။ မြန်မာအများအပြားက ရိုဟင်ဂျာတွေကို မုန်းတယ်၊ အဲဒီသူတွေထဲမှာ သူမလည်းအပါအဝင်ပဲလို့ ဝေဖန်ပါတယ်။

လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Phil Robertson ဖီလ် ရောဘတ်ဆန်က ရိုဟင်ဂျာတွေ အပေါ် လူမဆန်ရက်စက်မှုတွေကို မြန်မာစစ်တပ်က ကျူးလွန်တယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က အကာ အကွယ်ပေးနေတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြီးတွေဟာ မြန်မာလူမျိုးကြီးဝါဒကို ပိုမိုအားကောင်းအောင် ဆယ်စုနှစ်များစွာ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိပါတယ်။ အငြိမ်းစား တပ်မတော်အရာရှိက တိုင်းရင်းသားတွေ အပစ်ခတ်ရပ်စဲရေး စာချုပ်မှာလက်မှတ်ထိုးမှ အမျိုးသားရင်ကြားစေ့ရေးအပါအဝင် အစိုးရလိုချင်တာတွေဖြစ်နိုင်မယ်။ ကျနော်တို့ တပ်မတော်က ငြိမ်းချမ်းရေး လိုချင်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တော့ မပေးနိုင်ဘူးလို့ ပြောပါတယ်။

ချင်းတိုင်းရင်းသူ ချယ်ရီ ဇာဟေင်းကတော့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ သူတို့ချင်းတိုင်းရင်းသားတွေက ဒေါ်အောင်ဆန်း စုကြည် မျက်နှာတစ်ခုတည်းနဲ့ ထောက်ခံမဲပေးခဲ့တာပါ။ တကယ်တော့ NLD ပါတီအနေနဲ့ မဲပေးခဲ့တာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာရင် ငါတို့ကို အစားအစာတွေလာပေးမှာပဲလို့ သာမန်အရပ်သားတွေက တွေးခဲ့ကြတာပါ။ အခုတော့ ငါတို့ ချင်းတွေကောင်းစားရေးအတွက် ငါတို့ဖာသာလုပ်မှဖြစ်မယ်၊ ဒေါ်စုက ငါတို့ကို မကယ်တင်နိုင်ဘူးဆိုတာ သူတို့ သဘောပေါက်လာကြပြီလို့ ပြောပါတယ်။

တဆက်တည်းမှာပဲ ဆောင်းပါးရှင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ပြည်သူလူထုကတော့ အခိုင်အမာ ရှိနေဆဲဖြစ်ကြောင်း၊ သူတို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည် အခက်ကြုံနေကြရပုံကို ထောက်ပြကြကြောင်း ရေးသားထားပါတယ်။

နိုင်ငံရေးအကဲခတ် စာရေးဆရာ ဇင်လင်းက အမှန်မှာတော့ ဒေါ်စုက တိုင်းပြည်မှာ နောက်ထပ်သွေးထွက်သံယိုဖြစ် မှာကို မလိုလားဘဲ ညီညွတ်ရေးကို လိုလားတဲ့အတွက် အခုလို သတိထားပြီး ကိုင်တွယ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

ဂျိန်း ကာကွယ်ရေး အပတ်စဉ်စာစောင် ပင်တိုင်ဆောင်းပါးရှင်က “ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်တွင်းထောက်ခံမှု ခိုင်ခိုင်မာမာ ရရှိနေယုံမက တရုတ်ပြည်အပါအဝင် နိုင်ငံတကာရဲ့ ထောက်ခံမှုကိုလည်း အကြီးအကျယ် ရရှိနေပါတယ်။ ဒါဟာ ကျွမ်းကျင်တဲ့ နိုင်ငံရေးသမားကောင်း တစ်ယောက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ရှေ့တိုးရမယ့် အချိန်ပါပဲ။ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်က အင်အားပြချင် တယ်ဆိုရင် နာရီဝက်အတွင်း ပြည်သူ ၅ သိန်းလောက် လမ်းမတွေပေါ်ရောက်လာမှာပဲ” လို့ ပြောပါတယ်။

တချို့ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို စိန်ခေါ်သူဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ အခုနောက်ပိုင်း လူထုကြားမှာ သူမကြာခဏ ပေါ်ပေါက်လာနေတာတွေ နဲ့ လူမှုမီဒီယာကို အသုံးပြုနေတာတွေဟာ ရွေးကောက်ပွဲဝင်မယ့် အရိပ်လက္ခဏာတွေ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟာ တိုင်းရင်းသားတွေအပေါ်နှိပ်ကွပ်မှုနဲ့ ရိုဟင်ဂျာတွေကို ရက်ရက်စက်စက် ချေမှုန်းပြခဲ့ မှုတွေကြောင့် မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ ထောက်ခံမှုကို ရရှိလာနေကြောင်း၊ တချို့ကဆိုရင် သူဟာ သာသနာကို ကာကွယ်စောင့်ရှောက်သူလို့ ထင်မြင်နေကြကြောင်းနဲ့ သူကလည်း အဲဒီလို လူထုက သူ့ကိုထင်မြင်အောင် လုပ်ဆောင်နေကြောင်း ဆောင်းပါးမှာ ဖေါ်ပြပါတယ်။

ဒါပေမဲ့လည်း ဗိုလ်ချုပ်မှူးကြီးအပေါ် လူကြိုက်များမှုဟာ အချေအတင်ပြောစရာတော့ ရှိပါတယ်။ သူ့နဲ့လုပ်ဖေါ် ကိုင်ဖက် တပ်မတော်အရာရှိအများအပြားက သူဟာ တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးစီးပွားလိုလားသူလို့ ပြောကြတယ်လို့ ရေးသားထားပါတယ်။

ဆောင်းပါးအဆုံးသတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ကချင်ခေါင်းဆောင်တစ်ဦးက သူမ အနေနဲ့ ဒီပြဿနာကို တယောက်တည်း ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ သူမအတွက် ဆုတောင်းပေးနေပါတယ်။ကျနော်တို့ကတော့ သူမကို ချစ်ခင်ယုံကြည်နေဆဲပါပဲလို့ ပြောကြားကြောင်း ဒီကနေ့ ဖြန့်ချိတဲ့ နယူးစ်ဝိခ် ဆောင်းပါးမှာ Lennox Samuels လင်းနော့ခ် ဆမ်မြူရယ်နဲ့ Larry Jagan လယ်ရီ ဂျေဂင် တို့က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။