ရွေးကောက်ပွဲဝင်ခွင့် ရုပ်သိမ်းခံရတဲ့ အမတ်လောင်း ၁၃ ဦးရှိလာ

ကျော်လွင်ဦး
2020.10.13

နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့  ၂၆ ရက်သာလိုတော့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့မှာမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဝင်းနဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနှင်းဝေတို့ကို ကော်မရှင်က ရွေးကောက်ပွဲဝင်ခွင့်  ရုတ်တရက် ပယ်ဖျက်လိုက်တာပါ။

သူတို့နှစ်ယောက်လုံးဟာ ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုခံထားရပြီးသူတွေဖြစ်လို့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေလည်း လုပ်နေစဉ်မှာပဲ အခုလို ကော်မရှင်က ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ 

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ခ) အရ ကိုယ်စားလှယ်လောင်းဟာ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူဖြစ်ရမယ် ဆိုတဲ့ အချက်ပါဝင်သလို ပုဒ်မ ၁၀ (င) မှာတော့ မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးတဲ့ မိဘတစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားတဲ့ နိုင်ငံသားဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရဘူးလို့ ပြဋ္ဌာန်းထား တာပါ။ သူတို့နှစ်ယောက်ဟာ အဲဒီ ပြဋ္ဌာန်းချက် တစ်ခုစီနဲ့ ငြိစွန်းလို့ ပယ်ချခံလိုက်ရတာပါ။

ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း ဦးလှဝင်းဟာ သူ့ကိုမွေးဖွားစဉ်က ဖခင်ဖြစ်သူဟာ နိုင်ငံသားကတ် ကိုင်ဆောင်ထားသူမဟုတ်လို့ ကိုယ်စားလှယ်လောင်းဖြစ်ခွင့် မရှိဘူးဆိုပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲက အကြောင်းကြားတာပါ။

ဦးလှဝင်းကတော့   ဖခင်ဖြစ်သူဟာ နိုင်ငံသားကတ်ကိုင်ဆောင်ထားပြီးဖြစ်လို့ လက်ရှိအခြေအနေကို အသိအမှတ် မပြုတာလားလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကို မေးခွန်းထုတ်လိုက်ပါတယ်။

"ကျနော်အဖေကလည်း လက်ရှိ နိုင်ငံသားကတ်ကို ကိုင်ဆောင်ထားပြီးဖြစ်တယ်၊ ကျနော် UEC ကို ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်တုန်းကလည်း ကျနော့် အဖေမှတ်ပုံတင် မိတ္တူနဲ့တကွ တင်ခဲ့တာလေ၊ သူတို့ လဝကပြောတဲ့ နိုင် ၁ တွေ၊ နိုင် ၂ တွေလို့ သုံးနှုန်းတဲ့ဖိုင်တွေထဲက ဟိုးယခင်ကတည်းက မျိုးဆက်လိုက် ရှိတဲ့ အမတကိုင်စာရင်းကိုင်ပြီး ကျနော့်ကိုပယ်တာ၊ လက်ရှိကျနော့်အဖေ နိုင်ငံသားကတ်ကိုင်တာကိုကော အသိအမှတ်မပြုဘူးလား ဆိုတာ မွေးခွန်းထုတ်စရာရှိတယ်"


ခရိုင်ရွေးကောက်ပွဲကော်မရှင် ဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် UEC ကို အယူခံတက်သွားမယ်လို့ ဦးလှဝင်း က ပြောပါတယ်။

ဦးလှဝင်းကို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချလိုက်တာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ရွေးကောက် ပွဲ ဥပဒေ ပုဒ်မ ၁၀ အရ သူ့ကို မွေးဖွားစဉ်မှာ မိဘတွေက နိုင်ငံသားမဖြစ်ဘူးဆိုတဲ့အချက်နဲ့ ပယ်ချတာလို့ ရန်ကုန် အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းကိုအောင်က ပြောပါတယ်။

ဦးလှဝင်းဟာ အသိအမှတ်ပြုခံရပြီးသားဖြစ်တဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်တာကြောင့် အခုလို ရွေးကောက်ပွဲကျင်းပဖို့ ရက်သိပ်မလိုတော့ချိန်မှာမှ ပယ်ချရတဲ့ အကြောင်းရင်းကို မေးမြန်းရာမှာတော့ အရှေ့ပိုင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းကိုအောင်က လုပ်ထုံးလုပ်နည်းအဆင့်ဆင့်အတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ရှင်းပြပါတယ်။

"ပထမကတော့ သက်ဆိုင်ရာ ခရိုင်လူဝင်မှုကြီးကြပ်ရေးကို ပေးပို့စစ်ဆေးတယ်၊ အဲဒီအချိန်တုန်းကတော့ လဝကက ကိုက်ညီတယ်ဆိုပြီး အကြောင်းပြန်ကြားတာကြောင့် တင်ပေးလိုက်တယ်၊ အရည်အချင်း ကိုက်ညီတယ်ဆိုပြီး သတ်မှတ်လိုက်တယ်၊ အခုကျ ပြည်ထောင်စု လဝက ဝန်ကြီးရုံးကနေ ပြန်လည်စိစစ် တဲ့အခါမှာ အရည်အချင်း မကိုက်ညီဘူး ဆိုပြီးတော့ ပြန်ပြီး ညွှန်ကြားလာလို့ ပယ်ဖျက်တာပါ"

အလားတူ ကယားပြည်နယ် မယ်စဲ့မြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ဦးနှင်းဝေ ကလည်း ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ခ)၊ ပုဒ်မ ၁၀(င) တို့နဲ့ ငြိစွန်းလို့ ပယ်ချခံရတာလို့ ဘော်လခဲခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်လင်းက ပြောပါတယ်။

"ပုဒ်မ ၈၊ ပုဒ်မ ၁၀တို့နဲ့ ငြိတယ် ဆိုတဲ့အကြောင်း သက်ဆိုင်ရာ လဝကက စစ်ဆေးမှုတွေရှိတဲ့အတွက် ကျနော်တို့အနေနဲ့ ပြန်လည်ပယ်ဖျက်ရခြင်းဖြစ်ပါတယ်၊ အဖေကနေ ငြိတာပါ၊ အဖေက သူမွေးတဲ့အချိန်မှာ မြန်မာနိုင်ငံသား မဟုတ်သေးဘူး၊ အဲဒါအတွက်ကြောင့်ပါ"

ပြည်ထောင်စုအဆင့် လဝက ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ အခုလို ကိုယ်စားလှယ်လောင်းတချို့ ပယ်ချခံရတယ် ဆိုတဲ့အချက်ကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်ကို RFA က ဆက်သွယ်ပေမယ့် အစည်းအဝေးရှိနေတာကြောင့် မေးခွင့်မရလိုက်ပါဘူး။

အမြဲတမ်းအတွင်းဝန်ဟောင်း ဦးမြင့်ကြိုင်ကတော့ အခုလို ပယ်ချတာတွေဟာ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ သာ သက်ဆိုင်ပြီး လဝကကတော့ အချက်အလက် စစ်ဆေးပေးတာပဲလုပ်တယ်လို့ ပြောပါတယ်။

"ပြည်ထောင်စု ရွေးကောက်ပွဲဥပဒေအရလုပ်တာဗျ၊ သူတို့ ကိုယ်တိုင်က ဘယ်ပေတံနဲ့ တိုင်းရမလဲဆိုတာ လုပ်ထားတာရှိတယ်လေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနဲ့ လုပ်တာဖြစ်ပါတယ်၊ ကျနော်တို့ ဘက်က နိုင်ငံသား မှတ်ပုံတင်ပေါ်မှာဘဲ သူရဲ့ဆွေစဉ်မျိုးဆက် ဇယားအပေါ်မှာပဲ စစ်ပေးရတာ၊ အဲဒီဟာတွေက ကျန်တဲ့ဥပဒေတွေက ကျနော်တို့ဥပဒေ မဟုတ်ဘူး"

RFA ရဲ့ စာရင်းတွေအရ ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ခ)၊ ပုဒ်မ ၁၀(င)တို့နဲ့ ငြိစွန်းလို့ ကိုယ်စားလောင်းအဖြစ်ကနေ ပယ်ချခံရတာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ငါးဦး၊ ပြည်သူရှေ့ဆောင်ပါတီက သုံးဦး၊ တစ်သီးပုဂ္ဂလ နှစ်ဦး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက တစ်ဦးရှိခဲ့ပြီး အခုဆိုရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တစ်ဦးနဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက တစ်ဦး စုစုပေါင်း ၁၃ ဦး ရှိလာပါတယ်။

ဒီပြဌာန်းချက်တွေဟာ နိုင်ငံသားအားလုံး ရွေးကောက်ခံပိုင်ခွင့်ကို အဟန့်အတားဖြစ်စေတာ၊ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ မကိုက်ညီတာကြောင့် ပြင်ဆင်သင့်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ၊ နိုင်ငံရေး ပါတီတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက လူတချို့ကို ရွေးကောက်ပွဲဝင်လို့ မရအောင် ကန့်သတ်သလိုဖြစ်နေတဲ့ ပြဋ္ဌာန်းချက်တွေ၊ ဥပဒေတွေကို ပြင်ရမယ်လို့ ထောက်ပြပါတယ်။

"သုံးသပ်ဖို့ လိုအပ်တယ်၊ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ ၈၂ ဥပဒေကို ကိုးကားမယ် ဆိုရင် ဥပဒေမှာ ဘိုးစဉ်ဘောင်ဆက် သုံးဆက်လောက်ဖြတ်သန်းရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကြီးက တချို့သောသူတွေ မြန်မာပြည်မှာနေခဲ့သည့်တိုင်အောင် နိုင်ငံသားအဖြစ် ခုနလိုမျိုး သူတို့ဥပဒေအရ ဝင်ရောက် ယှဉ်ပြိုင်ဖို့ခက်ခဲနေတယ်၊ ဒါကိုပြင်ရင်ပြင် ဒါမှမဟုတ် ၈၂ ဥပဒေကို ပြန်လည်သုံးသပ်ဖို့ ဒီနှစ်ခုလုံး တိုက်တွန်း လိုပါတယ်"

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့  PACE ရဲ့  အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် ကလည်း  အလားတူ သုံးသပ်ပါတယ်။

"အစိုးရကပြောတဲ့ တိုင်းရင်းသား ၁၃၅ မျိုး၊ တိုင်းရင်းသားကမွေးရင် နိုင်ငံသားဖြစ်တာကို ကျနော်တို့ဆီမှာ၊ အစိုးရကသတ်မှတ်ထားတဲ့ တိုင်းရင်းသားဆို ပြဿနာမရှိပေမယ့် ကျနော်တို့ခုနပြောတဲ့ အိန္ဒိယတွေ၊ တရုတ်တွေ အများကြီးပါပဲ၊ သူတို့အတွက်က ပြဿနာရှိတာကို၊ ဒါကြောင့် ကျနော်တို့ နိုင်ငံမှာ ရွေးကောက်ပွဲ မှာ နိုင်ငံသားတွေ ဘယ်လောက် ပါစေချင်သလဲပေါ်မှာ မူတည်တယ်၊ ခုဥပဒေကတော့  ပါဝင်မှုကို အကန့် အသတ်ဖြစ်စေတယ်ဆိုတာ ရှင်းနေတာပဲ၊ မြန်မာနိုင်ငံသားဖြစ်ရင်တော့ နိုင်ငံရေးရာကိစ္စတွေမှာ ပါဝင်ဆောင် ရွက်ခွင့်ရှိရမှာပေါ့။"


ဒီအချက်တွေကို ပြင်ဆင်သင့်တယ်လို့ တိုက်တွန်းသူတွေထဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျ လည်း ပါဝင်ပါတယ်။

"ဖအေက သူ့ကိုမွေးတဲ့ချိန်တုန်းက နိုင်ငံသား မဟုတ်သေးဘူးပေါ့ဗျာ၊ သူ့သားက နိုင်ငံသားဖြစ်နေပြီ၊ အမှန်က ဥပဒေကိုပြင်သင့်တယ်ဗျ၊ ဒါက တစ်ခုပေါ့၊ ဖြစ်သင့်ဖြစ်ထိုက်တာတစ်ခုဘဲ၊ ပြိုင်မယ့်ကိုယ်စားလှယ်ကိုယ်တိုင် နိုင်ငံသားအဖြစ် ခံယူခွင့်ရနေပြီပဲ သူ့ရဲ့ဆွေစဉ်မျိုးဆက်တွေကို ကြည့်တော့ ဥပဒေအရငြိနေတာပေါ့၊ ပြင်သင့် လားမေးရင် ပြင်သင့်တာပေါ့၊ ဒီချုပ်ချယ်မှု၊ ဒီကန့်သတ်မှုက မဖြစ်သင့်တဲ့ တစ်ခုပဲလေ"

လက်ရှိ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း  ဒီကန့်သတ်ချက်ကြောင့် လူတချို့ ထိခိုက်နစ်နာစေတယ်လို့ မြင်ပါတယ်။

“ကျနော်တို့ကတော့ နိုင်ငံသားတွေကို အဆင့်အတန်းခွဲခြားပြီး ဒီလိုအဆင့်ဆင့် သတ်မှတ်ထားတာကတော့ တချို့နိုင်ငံသားတွေအတွက် အခွင့်အရေး နစ်နာတယ်လို့ မြင်ပါတယ်။ ဘယ်လိုပြင်သင့်တယ် ဆိုတာကတော့ အားလုံး ညှိနှိုင်းပြီးတော့မှ ပြောလို့ရပါလိမ့်မယ်။ အားလုံးက ပြင်ဖို့ သဘောထားရှိတယ်ဆို ကျနော်တို့လည်း ဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်။“

ဒီအချက်တွေနဲ့ ငြိစွန်းလို့ ပယ်ချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် သိရဖို့နဲ့ ရွေးကောက်ပွဲ နီးတဲ့အချိန်မှာ ပယ်ချမှု၊  ဥပဒေ ပြင်ဆင်ရေး တိုက်တွန်းချက်တွေနဲ့ ပတ်သက်လို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရဲ့ တုံ့ပြန်ချက်ရဖို့ အီးမေးလ်ကတဆင့် RFA က မေးမြန်းထားပေမယ့် ညနေ ၅ နာရီအထိ ပြန်မဖြေ ပါဘူး။

အမတ်လောင်းအဖြစ်ကနေ ပယ်ချခံရသူတွေထဲမှာ အစ္စလာမ်ဘာသာဝင်အများစုဖြစ်ပြီး တခြားကတော့ တရုတ် အပါအဝင် သွေးနှောဆိုတဲ့ အချက်ကြောင့် ပယ်ချခံရတာတွေလည်းရှိပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။