UEC အပေါ် ရွေးကောက်ပွဲစောင့်ကြည့်သူတွေ ဝေဖန်ကြ

သန့်ဇင်ဦး
2020-10-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်နဲ့ ရှမ်းပြည်နယ်က (၁၅) မြို့နယ်မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲဖျက်သိမ်းတဲ့အပြင် ကချင်၊ ကရင် ၊ မွန် ပြည်နယ်နဲ့ ပဲခူးတိုင်းအပါအဝင် မြို့နယ်ပေါင်း ၅၆ မြို့ နယ်က ကျေးရွာအုပ်စု ၅၀၀ ကျော်မှာပါ ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက် မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲမကျင်းပတော့မယ့် မြို့နယ် စုစုပေါင်း ၅၆ မြို့နယ်ရှိတယ်ဆိုပြီး ရွေးကောက်ပွဲကျင်းပဖို့ သုံးပတ် အလိုမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတဲ့အတွက်လို့ပဲ ပါရှိပါတယ်။

ပြည်တွင်းအခြေစိုက် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့ နယူးမြန်မာဖောင်ဒေးရှင်းရဲ့ ရွေးကောက်ပွဲဆိုင်ရာအကြံပေး ဒေါ်မြနန္ဒာသင်းကတော့ မထုတ်ပြန်ခင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး ဘာကြောင့် ရွေးကောက်ပွဲမကျင်းပဘူးဆိုတာကို ရှင်းပြဖို့လိုမယ်လို့ RFA ကိုပြောပါတယ်။

"တိကျတဲ့ ဒါမှမဟုတ် လုံလောက်တဲ့ အကြောင်းပြချက်သာ မရှိဘူးဆိုရင်တော့ ဒီရွေးကောက်ပွဲ ဖြစ်စဉ် အပေါ်မှာ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ ယုံကြည်စိတ်ချမှုပေါ့နော် အဲဒါတော့ နည်းနည်း အားနည်းသွားနိုင်မလားသိဘူး၊ ဒီမဲဆန္ဒနယ်တစ်ခုကို ပယ်ဖျက်တာပဲဖြစ်ဖြစ် သို့မဟုတ် မဲဆွယ်စည်းရုံးရေး ကိစ္စတွေမှာပဲဖြစ်ဖြစ် ဒီဟာတွေကိုမလုပ်ခင်မှာတော့ ဒီရွေးကော်အနေနဲ့ကတော့ နိုင်ငံရေးပါတီတွေကို အသိပေးဆွေးနွေးတာမျိုးပေါ့‌နော်၊ ဒါဟာဘာကြောင့်လုပ်ရတယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်၊ ဒီလို အကြောင်းအရင်းကို ပြောနိုင်မှသာလျှင် ဒီဟာက ပွင့်လင်းမြင်သာပြီးတော့ တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ကျွန်မတို့ဆုံးဖြတ်လို့ရမှာပေါ့နော်၊ အခုလို ဘာမှမရှင်းပြဘူးဆိုရင်တော့ ဘက်လိုက်တယ်ဆိုတဲ့ အခြေအနေမျိုးကို ထင်စေနိုင်တယ်ပေါ့။"

ဒေသခံပြည်သူတွေများစွာ မဲပေးခွင့်ဆုံးရှုံးသွားတာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေအပြင် မဲဆန္ဒရှင် ပြည်သူတွေကိုပါ သေချာရှင်းပြပေးသင့်တယ်လို့ ဒေါ်မြနန္ဒာသင်းက ဆိုပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က လည်း ရွေးကောက်ပွဲပေါ်မှာ သံသယကင်းကင်းနဲ့ ရှေ့ဆက်သွားနိုင်ဖို့အတွက် အများပြည်သူ ရှင်းရှင်းလင်းလင်းသိအောင် ရှင်းလင်းပေးဖို့လိုတယ်လို့ ပြောပါတယ်။

"ကော်မရှင်ဟာ အခြေခံဥပဒေအရ အပြီးသတ်ဆုံးဖြတ်နိုင်တယ်ဆိုပေမယ့်လည်း နိုင်ငံရေးရှုထောင့်ကို ထည့်သွင်းစဉ်းစားဖို့ လိုတာပေါ့ဗျာ၊ ဥပဒေမူဘောင်အရတော့ ဒါကော်မရှင်က ဆုံးဖြတ်မယ်၊ ဆုံးဖြတ်ပိုင်ခွင့်လည်း ရှိတယ်၊ ဒါပေမဲ့ နိုင်ငံရေးရှုထောင့်ကို အမြဲတမ်းထည့်သွင်းစဉ်းစားဖို့လိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲဆိုတာ နည်းပညာပိုင်းဆိုင်ရာတစ်ခုတည်း မဟုတ်ဘူး နိုင်ငံရေးဆိုင်ရာ ရွေးချယ်မှုဖြစ်တာကိုး၊ ဆိုတော့ သက်ဆိုင်ရာနိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လိုတယ်။ ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုမချခင်မှာ၊ ဒါဆိုရင် အခုလိုမျိုး အငြင်းပွားစရာတွေ မဖြစ်တော့ဘူး ပေါ့ဗျာ၊ ဒီဖျက်သိမ်းမှုကို ဒီထက်ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ပိုပြီးတော့မှ ပြောပြစေချင်တယ်၊ ရှင်းပြ စေချင်တယ်၊ မီဒီယာတွေကိုရော နိုင်ငံရေးပါတီတွေကိုရော ဘာကြောင့်မလို့ ဒီလိုဖျက်သိမ်းသလဲ၊ နောက်ပြီးတော့ ရွေးကောက်ပွဲ ဘယ်တော့ပြန်ကျင်းပနိုင်မလဲ၊ ဘယ်လိုအခြေအနေမျိုးဆို ပြန်ကျင်းပနိုင်မလဲ ဆိုတော အဲဒါမျိုးလေးတွေကို အများပြည်သူသိအောင် ရှင်းလင်းဖို့လိုတယ်၊ ဒါမှပဲ ရွေးကောက်ပွဲဖြစ်စဉ် အပေါ်မှာ သံသယကင်းကင်းနဲ့ အားလုံးက ရှေ့ဆက်ပြီးသွားနိုင်ကြမှာ။"

အခုလိုရွေးကောက်ပွဲ မကျင်းပတော့အတွက် အဲဒီဒေသမှာရှိတဲ့ နိုင်ငံသားတွေအနေနဲ့ အခြေခံ နိုင်ငံရေး အခွင့်အရေးတွေ ဆုံးရှုံးသွားပြီလို့ စိုင်းရဲကျော်စွာမြင့်က ဆိုပါတယ်။

နောက်ထပ် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့အဖွဲ့ဖြစ်တဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်ကလည်း ရွေးကောက်ပွဲအပေါ်မှာ လွတ်လပ်ရဲ့လား တရားမျှတရဲ့လားဆိုတဲ့ သံသယတွေ မေးခွန်းတွေတော့ ရှိနေမှာပဲလို့ RFA ကိုပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်တွေက ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေကိုသတ်မှတ်တာ ၂၀၁၀ တုန်းကလည်း အဲလိုကြေညာခဲ့တာရှိတယ်၊ ၁၅ မှာလည်း ကြေညာခဲ့တာရှိတယ်၊ အခု ၂၀ မှာလည်း ကြေညာတာရှိတယ်ပေါ့နော်၊ ဒါပေမဲ့ အဲဒီကြေညာချက်ထွက်တဲ့ အချိန်အပိုင်းအခြားလေးက အခုတစ်ကြိမ်မှာ နည်းနည်းများ နောက်ကျမလားလို့ပေါ့နော်၊ တစ်ဘက်မှာကျတော့ ကျွန်တော်တို့ စဉ်းစားရမှာက အခုရွေးကောက်ပွဲကော်မရှင်မဟုတ်ဘဲ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းတာကနေ ကော်မရှင်ရဲ့ တာဝန်တွေ လုပ်ပိုင်ခွင့်တွေ သတ်မှတ်တာကနေ အဲဒီလုပ်ထုံးလုပ်နည်းလေးတွေ နည်းလမ်းလေးတွေက နည်းနည်း ပြောစရာလေးတွေ ဝေဖန်စရာလေးတွေရှိနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီရွေးကောက်ပွဲတွေ အပေါ်မှာတော့ ဂုဏ်သိက္ခာရှိရဲ့လား၊ တရားမျှတလွတ်လပ်ရဲ့လားဆိုတဲ့ မေးခွန်းလေးတွေ သံသယလေးတွေကတော့ ရှိနေမှာပဲဗျ။"

ရွေးကောက်ပွဲ မကျင်းပတဲ့ဒေသက ပြည်သူတွေအနေနဲ့ မဲပေးခွင့်တွေနဲ့ ရွေးကောက်တင်မြှောက်ခွင့်တွေ ဆုံးရှုံးသွားတာကတော့ စိတ်မကောင်းစရာဖြစ်တယ်လို့ ဦးအေးကျော်က ဆိုပါတယ်။

ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာလိုက်တဲ့ မြို့နယ်အားလုံးနီးပါးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက တိုင်းရင်းသားပါတီတွေ အနိုင်ရရှိခဲ့တဲ့ မဲဆန္ဒနယ်မြေတွေဖြစ်ပြီး လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ အနိုင်မရခဲ့တဲ့မြို့နယ်တွေလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် ၉ မြို့နယ်ထဲက ပေါက်တောမြို့နယ်မှာလည်း တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိသလို၊ စစ်တွေမြို့နယ်က ကျေးရွာအုပ်စု လေးခုဟာလည်း တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ‌ဒေသတွေ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက မြို့နယ်လုံးကျွတ်မလုပ်နိုင်တဲ့ မြို့နယ် ၇ မြို့နယ်နဲ့ ကျေးရွာ အုပ်စုပေါင်း ၆၀၀ ကျော်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်နဲ့ ကျေးသီးမြို့နယ်တွေမှာ ပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့