စက်ရုံတွေ နှစ်ပတ် ထပ်ပိတ်လို့ အလုပ်သမားတွေ အခက်ကြုံ

နေမျိုးထွန်း
2020.10.07

ရန်ကုန်တိုင်းအတွင်းက လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေ အောက်တိုဘာ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင် သွားရောက်ခွင့် ရဦးမှာ မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့က ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။

အတည်ပြုလူနာ များပြားလာနေတဲ့ ရန်ကုန်တိုင်းမှာ လုပ်ငန်းခွင်ဝင်သူတွေထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရပြီး ရောဂါလက္ခဏာ မပြသူတွေ ရှိလာနိုင်ပြီး ကူးစက်မှု များသွားနိုင်တဲ့အတွက် နောက်ထပ် နှစ်ပတ် တိုးမြှင့်လိုက်တာလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစိုးရက ကောက်ယူထားတဲ့ စာရင်းတွေအရ ကုန်ကြမ်းပေး၊ ကုန်ချောယူ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံ အလုပ်သမား ခြောက်သိန်းဝန်းကျင်ရှိပြီး ဒီအမိန့် ထုတ်ပြန်လိုက်တာကြောင့် အလုပ်သမား ၉၀ ရာခိုင်နှုန်းလောက် အခက်အခဲကြုံနေရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။  

အစိုးရက အခုလို ရက်တိုးမြင့်လိုက်တဲ့အခြေအနေမှာ အလုပ်သမားအများစုဟာ လစာနဲ့ လူမှုဖူလုံကြေး မရတာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာ အဆောင်ငှား အလုပ်လုပ်နေရတဲ့ မနှင်းနှင်းဝေက အခုအချိန်မှာ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ထဲက သူ့နေရပ်ကို ပြန်မယ်ဆိုရင်လည်း Quarantine လို့ခေါ်တဲ့ တခြားသူတွေနဲ့ ရက်အတန်ကြာ သီးခြားနေထိုင်ရမယ့် အစီအစဉ်အတွက် အခက်အခဲ ရှိတယ်လို့ ပြောပါတယ်။

“ရောဂါတွေ ထိန်းချုပ်တဲ့အနေအထားနဲ့ သက်တမ်းတိုးတာလည်း တိုးပေါ့နော်၊ အခုလက်ရှိ လှိုင်သာယာမှာ ရှိနေတဲ့ အလုပ်သမားတွေကိုလည်း နည်းနည်းပါးပါး ငဲ့ညှာဖို့ကို ကျွန်မတို့ ပြောကြားချင်ပါတယ်။ အဆောင် လခတွေ ရှိတယ်၊ စားစရိတ်ဆိုတာလည်း ရှိတယ်။ အကုန်လုံး ပူပန်နေရတယ်။ လက်ထဲမှာ ရှိတဲ့ငွေနဲ့ ရွာကို ပြန်ချင်တယ် ဆိုတော့လည်း ရွာက ရွာလူကြီးက ကျွန်မဒီလို၊ ဒီလိုတွေဖြစ်နေတယ် ပြန်လာချင်တယ် ဆိုတော့လည်း ရွေးကောက်ပွဲနားနီးနေလို့ ရွေးကောက်ပွဲ အတွက် မဲရုံတွေ မလုံလောက်လို့ Quarantine ထားဖို့ မရှိလို့ဆိုပြီး ကျွန်မတို့ ပြန်လာဖို့ရာကို လက်မခံပါဘူး။ ဟိုလည်း ပြန်လို့မရ၊ ရန်ကုန်မှာလည်း စားသောက်ရာ အခက်အခဲ ဖြစ်နေတဲ့အတွက် တော်တော်ကို အခက်အခဲ ဖြစ်နေပါတယ်”

မနှင်းနှင်းဝေလို ရန်ကုန်မှာ အလုပ်လက်မဲ့ ဖြစ်နေသူ၊ အလုပ်ပြုတ်သူ  တော်တော်များများ ရှိနေပါတယ်။

လှိုင်သာယာ အဝေးပြေးဂိတ်အနီး မြစိမ်းရောင်စက်မှုဇုန်က ပန်းချီဘောင်စက်ရုံမှာ လုပ်ကိုင်နေတဲ့ မယုယုခိုင်ကတော့ ဝင်ငွေမရှိသလို စားသောက်ရေးလည်း အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

“အခုလိုမျိုး ပိတ်တဲ့အခါမှာ ကျွန်မတို့က လစာကလည်း မရသေးဘူးဆိုတော့ ဖြစ်သလို ရင်ဆိုင်နေရတာပေါ့၊ လောလောဆယ်တော့။ အခန်းခကတော့ သူက ၅ရက်နေ့ဆို ပေးရတာပေါ့။ ဒီနေ့ဆို ကျွန်မတို့ အခန်းခ ပေးရတော့မှာ အခန်းခက ပေးစရာ မရှိသေးဘူး။ တခါတလေကျရင်လည်း ကိုယ့်ကိုကိုယ် သတ်သေချင် စိတ်တောင် ပေါက်တယ်ပေါ့နော်၊ အလုပ်ကလည်း မရှိဘူး၊ စားစရာကလည်း မရှိဘူး ဆိုတော့လေ။ ဘယ်လိုပြောရမလဲ တစ်ဖက်ကလည်း ရောဂါအခြေအနေကို ရင်ဆိုင်နေရတယ်၊ တစ်ဖက်ကလည်း စားစရာမရှိတော့ ဖြစ်သလိုပဲ နေနေရတာပေါ့။ စိတ်ဓာတ်ကတော့ တော်တော်ကျနေပြီပေါ့နော်”

စားသောက်ရေးအပြင် အလုပ်သမားတွေ အဓိကကြုံတွေ့နေရတဲ့ နောက်ထပ် အခက်အခဲက ငှားနေတဲ့ အဆောင်လခပေးဖို့ ဖြစ်ပါတယ်။

တောင်းပန်လို့ရတဲ့ အဆောင်ပိုင်ရှင်ရှိသလို တောင်းပန်လို့မရတာတွေလည်း ရှိတာကြောင့် အဆောင်ခ ပေးဖို့အတွက် ပူပန်နေရပြီး တချို့ဆိုရင် ဘုန်းကြီးကျောင်းသွားနေဖို့ စီစဉ်နေတာတွေလည်းရှိတယ်လို့ မယုယုခိုင်က ပြောပါတယ်။

တချို့စက်ရုံတွေမှာ ပြီးခဲ့တဲ့လက အလုပ်ဆင်းထားတဲ့ လစာကို ညှိနှိုင်းပြီး တစ်စိတ်တစ်ပိုင်း ကြိုတင်ငွေ ထုတ်ပေးတာရှိပေမယ့် တချို့စက်ရုံတွေက အလုပ်သမားတွေကတော့ ၈ ရက်နေ့ အလုပ်ပြန်ဖွင့်မှ လစာရရှိမှာ ဖြစ်ပါတယ်။

အခုလို သက်တမ်းထပ်တိုးလိုက်တဲ့အတွက် လစာမရသေးတဲ့ အလုပ်သမားတွေ လတ်တလော အဆောင်စရိတ်နဲ့ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ ကြေညာချက်အမိန့်တွေ ထုတ်ပြန်ရုံနဲ့ အလုပ်သမားတွေ ပြေလည်မသွားဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ဒေါ်မိုးဝေက ပြောပါတယ်။

“အမိန့်ကြေညာချက်တွေ ထုတ်ပြီဆိုရင်လည်း သက်ရောက်မှုတွေကို ဘယ်လိုရှင်းမလဲ၊ လုပ်ခလစာဆိုလည်း လုပ်ခလစာနဲ့ပတ်သက်တဲ့ဟာ ဘယ်လိုရမယ် ဘယ်လိုစီစဉ်ပေးပါတယ်ဆိုတဲ့ နောက်ဆက်တွဲ မူဝါဒတွေ တစ်ပါတည်း ကပ်ပြီးပါစေချင်ပါတယ်။ အခုလက်ရှိမှာတော့ အမိန့်ကြေညာချက်ရှေ့က ပိတ်ပြီးထုတ်တယ်။ နောက်ဆွဲ လူထုအတွက် ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ မူဝါဒအားဖြင့် မတွေ့ရတဲ့အခါ အရမ်း အခက်အခဲ ဖြစ်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ Lock Down လုပ်မယ်၊ Stay Home လုပ်မယ်၊ အလုပ်ပိတ်မယ် စသဖြင့် ဆိုရင် နောက်ဆက်တွဲ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေးကဏ္ဍတွေကိုပါ တစ်ပါတည်း ထည့်သွင်း စဉ်းစားစေချင်ပါတယ်။”

ဧပြီလမှာ အစိုးရက ပထမအကြိမ် ပေးတဲ့ လူမှုဖူလုံကြေးဟာ အလုပ်သမားတွေ လက်ထဲရောက်ဖို့ ကြန့်ကြာခဲ့ပြီး အခုအချိန်အထိ မရသေးတဲ့သူတွေလည်းရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒုတိယအကြိမ်ထောက်ပံ့တဲ့ လူမှုဖူလုံကြေးဟာ အနည်းဆုံးလုပ်ခစာရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်နေတာကြောင့် အလုပ်သမားတွေအတွက် ဒီကာလမှာ လောက်ငှမှုမရှိဘူးလို့ ပြောပါတယ်။

လူမှုဖူလုံကြေး ထည့်ဝင်ထားတဲ့ အလုပ်သမားတွေက အစိုးရထောက်ပံ့မှုကို မျှော်လင့်နိုင်ပေမယ့် မထည့်ဝင်နိုင်တဲ့ အလုပ်သမားတွေအတွက် ဒီကာလမှ အခက်အခဲ ကြုံနေရတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေရဲ့ အခက်အခဲကို အစိုးရအနေနဲ့ မဖြစ်မနေ စဉ်းစားပေးရမယ်လို့ အနာဂတ်အလင်းတန်းဆုံးမှတ် အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်သက်သက်အောင်က ပြောပါတယ်။

“အခုကာလ ကပ်ရောဂါကာလမှာပေါ့ ကူညီထောက်ပံ့ပေးဖို့၊ အစိုးရကနေ ကိုဗစ်နဲ့ပတ်သက်ပြီး ရန်ပုံငွေတွေ ရှိတယ်။ အဲဒီထဲကနေ အလုပ်သမားတွေကို ကူညီ ထောက်ပံ့ပေးဖို့ ၆၀ ရာခိုင်နှုန်း၊ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကို အလုပ်ရှင်တွေက ထောက်ပံ့ဖို့ပေါ့ ကျွန်မတို့ဘက်က တောင်းဆိုထားတာတွေရှိတယ်။ သို့သော်လည်း အလုပ်သမားတွေက အစိုးရကနေထောက်ပံ့တဲ့ ၄၀ ရာခိုင်နှုန်းနဲ့ လက်ရှိ ရပ်တည်ရတယ်။ အဲဒီ ၄၀ ရာခိုင်နှုန်း တောင်မှ မရတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲ အကြပ်အတည်းကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်”

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ကလည်း  ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ နောက်ဆက်တွဲ လူမှုစီးပွားရေး အခက်အခဲ ပြဿနာတွေကို ထည့်သွင်းစဉ်းစားဖို့ အပြင် လက်ထဲမှာ ငွေကြေးလုံးဝမရှိတဲ့ အလုပ်သမားတွေ ရှိနေပြီး ငွေကြေးတစ်စုံတစ်ရာရရှိရေး၊ လုပ်ခလစာ ထုတ်ယူနိုင်ရေး လမ်းညွှန်ချက်တွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ အောက်တိုဘာ ၆ရက်နေ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။

အများစုဟာ စားသောက်ဖို့အတွက် အခက်အခဲတွေရှိနေပြီး အိမ်ငှား၊ အဆောင်ငှားနေရတာကြောင့် မပေးနိုင်တဲ့ အလုပ်အသမားတွေကို ပိုင်ရှင်တွေက ငှားနေတဲ့နေရာကနေ ဆင်းပေးဖို့ ဖိအားပေးတာတွေ ရှိနေချိန်မှာ အဆောင်ခ ပေးသွင်းမှု ဆိုင်းငံ့ပေးတဲ့ အဆောင်ပိုင်ရှင်တွေကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်း ဦးမျိုးအောင်ကတော့ လစာအမြန်ဆုံး ထုတ်ယူနိုင်ရေးအတွက် အလုပ်ရှင်တွေနဲ့ အလုပ်အသမားတွေကြား အကြံပြု ညှိနှိုင်းပေးနေတယ်လို့ RFAကို ပြောပါတယ်။

“မနေ့ကဆို အလုပ်သမားအဖွဲ့ချုပ်တွေနဲ့ မေးတာတွေလည်း ရှိပါတယ်။ အလုပ်ရှင်တွေနဲ့လည်း ညှိနှိုင်းကြည့်ပါ။ ကျွန်တော်တို့ဘက်ကလည်း ဘယ်လို ပေါင်းစပ် ကူညီရမလဲပေါ့နော်။ အကြံပြုပေးထား တာကတော့ ဒီကာလမှာ လူစုလူဝေးနဲ့သွားရတာ အခက်အခဲရှိတော့ အလုပ်သမားတွေ စုနေတဲ့နေရာကို သွားပြီးလစာပေးတာကို အလုပ်ရှင်က လုပ်နိုင်သလား၊ ဒါမှမဟုတ် လူနည်းနည်းနဲ့ လာပြီးတော့ ထုတ်တဲ့စနစ် လုပ်မလားပေါ့။ ဒါလေးတွေလည်း ညှိကြပါပေါ့။ အောက်ခြေက သူတို့အခက်အခဲကို ကျွန်တော်တို့လည်း လုံးစေ့ပတ်စေ့ မသိနိုင်ဘူးဗျ။ သူတို့အချင်းချင်း ပေါင်းစပ်တာ ပိုပြီး ထိရောက်တယ်။ နောက်ပြီး ဒီကိစ္စ အဝဝတွေကလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရတွေက အဓိက ကိုင်တွယ်တယ်၊ ကျွန်တော်တို့ဆီက ပူးပေါင်းဆောင်ရွက်တယ် ဆိုတဲ့ဟာတွေနဲ့ သွားနေတာပါ”

လူမှုဖူလုံကြေး အကျုံးဝင်တဲ့ အလုပ်သမားတွေကို စက်ရုံ၊ အလုပ်ရုံတွေ ပိတ်တဲ့ကာလအတွက် ရက်နဲ့ပေးတာ မဟုတ်ဘဲ လစာရဲ့ ၄၀ ရာခိုင်းနှုန်း ထုတ်ပေးထားပြီးဖြစ်တယ်လို့ ဦးမျိုးအောင်က ပြောပါတယ်။  

အလုပ်သမားတချို့ လူမှုဖူလုံကြေးရဖို့ ကြန့်ကြာနေတာဟာ အလုပ်သမားတွေရဲ့ အချက်အလက် လွဲမှားမှုကို ပြန်လည် စစ်ဆေးနေရလို့ ဖြစ်တယ်၊ လွယ်ကူမြန်ဆန်ဖို့ အွန်လိုင်းကနေ လျှောက်ထားနိုင်အောင် ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတာကို အစိုးရအနေနဲ့ ဘယ်စီစဉ်ဆောင်ရွက်နေလဲ ဆိုတာ သိရဖို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို သမ္မတအိမ်တော် သတင်းထောက်များ Facebook စာမျက်နှာကနေ မေးမြန်းထားပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိသေးပါဘူး။  

ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်မှာပဲ နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီကြေညာချက်မှာ လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံတွေ စက်တင်ဘာ ၂၄ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ ပိတ်ထားပြီး အလုပ်သမားတွေ လုပ်ငန်းခွင် မသွားဖို့လည်း ညွှန်ကြားခဲ့ပါတယ်။ အဲဒီညွှန်ကြားချက်ကို အောက်တိုဘာ ၂၁ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။

လူဦးရေ ခြောက်သန်းဝန်းကျင်ရှိတဲ့ ရန်ကုန်မြို့မှာတော့ ပိုးကူးစက်မှုများနေတဲ့အတွက် နယ်ကျော် သွားလာတာတွေကို ကန့်သတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။