ဖာပွန်မြို့အနီး ဒုက္ခသည်စခန်းတစ်ခု ရေဘေးသင့်လို့ အကူအညီလိုအပ်

လုဆိုင်း
2020-08-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြီးခဲ့တဲ့ ရက်ပိုင်းက  မိုးများခဲ့ပြီး  သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်ခဲ့တာကြောင့်  ကရင်ပြည်နယ် ဖာပွန်မြို့နယ်အနီး ဒုက္ခသည်စခန်းတစ်ခုမှာ နေအိမ်တချို့ ရေနစ်မြုပ်ခဲ့ပါတယ်။

ရေကျသွားပြီးတဲ့နောက် ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ လုပ်ကိုင်ဖို့  အကူအညီတွေ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရေဘေးဒဏ်ခံလိုက်ရတဲ့  ထိုင်းမြန်မာနယ်စပ် အီတူးထ ဒုက္ခသည်စခန်းက ထိခိုက်သွားတဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက်ပြုပြင်ဖို့  အိမ်ဆောက်ပစ္စည်းတွေ၊ ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီနေသူတွေက RFA ကို ပြောပါတယ်။

စခန်းမှာ နေထိုင်နေတဲ့ လူဦးရေ ၂၀၀၀ ကျော် ဘေးလွတ်ရာမှာ ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်၊ အိမ်ခြေ ၂၀ နစ်မြုပ်သွားခဲ့ပြီး အိမ်ခြေ ၄၀ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO)က အတွင်းရေးမှူး နော်ကညောဖောက  သြဂုတ်လ ၂၇ ရက်နေ့မှာ ရေပြန်ကျသွားပြီးတဲ့နောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေကြတယ်လို့ ပြောပါတယ်။

“သံလွင်မြစ်ရေကြီးတာကြောင့် အခုကတော့ ရေနည်းနည်းပြန်ကျပြီ။ သူတို့ ပြန်လာကြည့်တော့ အိမ်တွေ အကုန်ပျက်တယ်။ တချို့က ခေါင်မိုးတွေ ပျက်တာရှိတယ်။ အခုက သူတို့က အိမ်မှာမရှိတော့ သူတို့စားဖို့ ချက်ဖို့ ခက်တာပေါ့နော်။ သူတို့ စိုက်ပျိုးတဲ့ခြံတွေလည်း အကုန်ပျက်သွားတယ် ဆိုတော့ အရေးတကြီး လိုအပ်တာ အစားအသောက်ပဲ”

ဒုက္ခသည်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ ကပ်ဘေးကာလမှာလည်း စခန်း အပြင်ထွက် အလုပ်လုပ်ပြီး ငွေရှာဖို့ ပိုမိုခက်ခဲတာကြောင့် ရေဘေးသင့်ချိန်မှာ စားဝတ်နေရေးအတွက် အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်လို့ နော်ကညောဖောက ပြောပါတယ်။

ရေဘေးသင့်သူတွေဟာ  ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) နဲ့ ကရင်လူမှုအဖွဲ့အစည်းတချို့ဆီကနေ ကနဦး အကူအညီတချို့ ရရှိထားတယ်လို့ သိရပါတယ်။  

စခန်းရဲ့ အထောက်အကူပြုကော်မတီ တာဝန်ခံ ပဒိုမန်းမန်းက နေအိမ်တွေ ပြန်လည်ပြုပြင်ရေး အထောက်အကူ ရရှိဖို့ နိုင်ငံတကာအဖွဲ့တစ်ခုဖြစ်တဲ့ Save The Children နဲ့  ဒေသအခြေစိုက် ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက် (KASAN)တို့ကို   ဆက်သွယ်ထားတယ်လို့ ပြောပါတယ်။

“အခုထိ အကူအညီရဖို့ ကျနော်တို့ နှစ်နေရာ တင်ထားတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့မှတော့ ဒီအပေါ်မှာ မရသေးဘူး။ ဒီ ကာလတခုရဲ့ နှစ်ပတ်စာလောက်တော့ တောင်းဆိုထားတာပေါ့နော်။ နောက် ပြန်လည်ထူထောင်ရေးကတော့ အိမ်သာ အပါအဝင်ပေါ့”

ဒီနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာ သံလွင်မြစ်ရေ ကျသွားပေမယ့် စခန်းထဲမှာ ပုံမှန်အနေအထား မရောက်သေးဘူးလို့ ဆိုပါတယ်။  

အီတူးထ ဒုက္ခသည်စခန်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၅ နယ်မြေထဲမှာရှိပြီး အခုဆိုရင် ခိုလှုံနေသူ ၂၃၀၀ ကျော် ရှိတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

စခန်းတွေကို အထောက်အပံ့ပေးတဲ့ နိုင်ငံတကာ ကူညီမှုတွေက ရပ်ဆိုင်းသွားပြီဖြစ်လို့  ကရင်လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ ရပ်တည်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီဒုက္ခသည်တွေဟာ ၂၀၀၆ ခုနှစ် နေပြည်တော် တည်ဆောက်ရေး စီမံကိန်းကာလအတွင်း နေရပ်ရင်းမှာ နေထိုင်လို့ မရတော့တာကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။  

ဒါပေမဲ့ ထိုင်းအစိုးရက လက်မခံတဲ့အတွက် KNU တပ်မဟာ ၅ နယ်မြေ အီဒူးထ ဒုက္ခသည်စခန်းမှာ နေထိုင်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေဟာ များသောအားဖြင့်  အရေးပေါ်တည်ဆောက်ခဲ့ရတဲ့ စခန်းတွေ ဖြစ်တာကြောင့် သဘာဝဘေး စိတ်ချရတဲ့ နေရာကို ရွေးချယ်ဖို့ အခွင့်အရေး မရခဲ့ကြပါဘူး။

မိုးတွင်းကာလမှာ ရေကြီးခြင်းလိုမျိုး သဘာဝဘေးတချို့နဲ့ ယခင်က ကြုံခဲ့ရပြီး တခါတရံ အသက်အန္တရာယ် ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

နေရပ်စွန့်ခွာနေထိုင်နေကြရတဲ့ ကရင်တိုင်းရင်းသား တစ်သိန်းခွဲထက် မနည်းဟာ   မြန်မာနိုင်ငံအတွင်းမှာပဲ ရွှေ့ပြောင်းနေထိုင်ကြရပြီး တချို့က တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရတယ်လို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Internal Displacement Monitoring Centre အဖွဲ့က ၂၀၁၉ ဒီဇင်ဘာလမှာ  ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

နေရပ်စွန့်ခွာနေထိုင်ကြရသူတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်၊ ကျေးရွာတွေ ဖျက်ဆီးခံရမှု၊  ရေနဲ့ ရိက္ခာ ခက်ခဲမှု၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ပျက်စီးမှုတို့နဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့ဟာ စားဝတ်နေရေး၊ ပညာရေးတို့အတွက်လည်း အကူအညီပေးရေး အဖွဲ့တွေနဲ့ ထိတွေ့ခွင့် မရဘူးလို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒေသတွင်း လုံခြုံရေးအခြေအနေ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအစီအစဉ်နဲ့ ပတ်သက်ပြီး ယုံကြည်မှုတည်ဆောက်လို့ မရသေးတဲ့ အခြေအနေတို့ကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့က ခက်ခဲနေတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့