အိမ်ရှင်ရဲ့ညှဉ်းပန်းနှိပ်စက်မှုခံရတဲ့ အိမ်အကူမိန်းကလေး


2018.11.08
ayethandar-622.jpg အိမ်ရှင်ရဲ့ညှဉ်းပန်းနှိပ်စက်မှုခံရတဲ့ အိမ်အကူမိန်းကလေး မအေးသန္တာရဲ့ ဒဏ်ရာတွေကို တွေ့ရစဉ်
Photo: Htet Arkar/RFA

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်က အသက် ၁၂ နှစ်ရွယ် အိမ်အကူမိန်းကလေး တစ်ဦးဟာ အိမ်ရှင်ဖြစ်သူရဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး အင်းစိန်ဆေးရုံမှာ အရေးပေါ် ကုသခံနေရပါတယ်။ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အိမ်ရှင်ဖြစ်သူကို တရားစွဲဆို ဖမ်းဆီးထားပြီ ဖြစ်ပါတယ်။

RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~

အိမ်ရှင်ရဲ့ညှဉ်းပန်းနှိပ်စက်မှုခံရတဲ့ အိမ်အကူမိန်းကလေး

(ထက်အာကာ)

■ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၂ရက်ကွက် မသိင်္ဂီထွန်းအိမ်မှာ အိမ်အကူလုပ်ကိုင်နေတဲ့ ၁၂နှစ်အရွယ် ကလေးဖြစ်သူ မအေးသန္တာဟာ ပွက်ပွက်ဆူနေတဲ့ရေနွေးပူနဲ့ ပက်ခံရခြင်း၊ ရေချိူကျောက်ပြားမှာ ဝမ်းလျားမှောက် ခိုင်းပြီး အပေါ်ကနေ တက်နင်းခံရခြင်း၊ ခြေထောက်နဲ့အကန်ခံရခြင်းနဲ့ မီးပူနဲ့အကပ်ခံရခြင်း၊ အရိုက်ခံရခြင်းတို့ကို ခံခဲ့ရပြီး အင်စိန်မြို့နယ်ဆေးရုံးမှာ အတွင်းလူနာအဖြစ် ကုသခံနေရပါတယ်။

အိမ်ရှင်မသိင်္ဂီထွန်းနဲ့ အိမ်အကူလုပ်ကိုင်နေတဲ့ ၁၂နှစ်အရွယ်ကလေးဖြစ်သူ မအေးသန္တာဟာ ဆွေမျိုးနီးစပ်သူ လည်းဖြစ်ပြီး တစ်လကို လစာတစ်သောင်းခွဲကနေ သုံသောင်းအထိသာရရှိပါတယ်။

အဲဒီလိုညှဉ်းပန်းနှိပ်စက်ခံရတာဟာ အကြိမ်ပေါင်းများစွာဖြစ်ခဲ့တာဖြစ်ပြီး အဲဒီလိုအနှိပ်စက်ခံရတိုင်း မအေးသန္တာဟာ အပြင်ထွက်ဈေးဝယ်ရာမှာ မျက်နာနဲ့ဒဏ်ရာတွေကို လူမမြင်အောင်သွားဖို့ အိမ်ရှင်မသိင်္ဂီထွန်းက ပြောဆိုတာကြောင့် တစ်နှစ်နီးပါးအကြာ အနှိပ်စက်ခံနေရတာကို ဘယ်သူမှမသိရှိခဲ့ရပါဘူး။

နောက်ဆုံးအနှိပ်စက်ခံရတဲ့အချိန်မှာတော့ မအေးသန္တာဟာ အိမ်အောက်က ခေါက်ဆွဲကြော်ဆိုင်ကို အကူ အညီတောင်းခံခဲ့တာကြောင့် ရပ်ကွက်ရာအိမ်မှူး ဥက္ကဋ္ဌတွေက သိရှိခဲ့ရတာဖြစ်ပါတယ်။

တရားလိုအဖြစ် တိုင်ကြားခဲ့တဲ့ မရမ်းကုန်း၂ရက်ကွက် ရာအိမ်မှူး ဦးဆန်းကိုကိုကတော့ ကလေးသူငယ်တွေကို အဲဒီလိုနှိပ်စက်တာတွေကို မလိုလားတဲ့အတွက် သွားရောက်အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ပြောပါတယ်။

"ကလေးကိုတွေ့တော့ ဒဏ်ရာတွေနဲ့ အိမ်ရှင်တွေကိုမေးတော့လိမ်တယ်၊ အဲဒါနဲ့ ရဲစခန်းကို သွားတိုင်လိုက်တယ် နောက်ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို အခုလို မခိုင်းသင့်ဘူး"

မအေးသန္တာရဲ့မိဘတွေဟာ တွံတေးမြို့မှာ နေထိုင်ကြသူတွေဖြစ်ပြီး အနှိပ်စက်ခံရတဲ့ဒဏ်ရာတွေကို မိဘတွေကမေးတဲ့အခါမှာ ချောလဲလို့ဒဏ်ရာရတာလို့သာဖြေကြားခဲ့ပြီး အိမ်ကိုသူမရဲ့လစာကို ထောက်ပံနေရသူပါ။

အနှိပ်စက်ခံရတဲ့ဒဏ်ရာတွေကို မိဘတွေကမေးတဲ့အခါမှာ ချော်လဲလို့ဒဏ်ရာရတာလို့သာ ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

မအေးသန္တာမှာ မောင်နှမငါးယောက်ရှိပြီး သမီးအလတ်ဖြစ်တဲ့အတွက် သူမရဲ့ဆွေမျိုးနီးစပ်သူ မသိင်္ဂီထွန်းအိမ်မှာ လာရောက်ပြီး အဝတ်လျော်၊ မီးပူတိုက်၊ ထမင်းချက်၊ အိမ်သန့်ရှင်းရေးတွေကို လုပ်ကိုင်ခဲ့ပါတယ်။

အဲရပ်ကွက်ရဲ့ ရက်ကွက်ဥက္ကဋ္ဌဖြစ်သူ ဒေါ်ရင်ရင်ထွန်းကတော့ ကလေးသူငယ်တွေကို အဲလိုညှဉ်းပန်းနှိပ်စက် တာတွေ မရှိသင့်ဘူးလို့ ပြောပါတယ်။

"ကလေးသူငယ်တွေကို ညှဉ်းပန်းနှိပ်စက်တာတွေ မလုပ်သင့်ဘူး ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံလေ ကြီးနိုင်ငယ်ညှဉ်းလုပ်တာ တိရစ္ဆာန်တွေပဲလုပ်ကြတာ၊ အသိညဏ်ရှိတဲ့ လူလူချင်းကတော့ မလုပ်သင့်ဘူး"

မြန်မာနိုင်ငံအမျိူးသား လူ့အခွင့်အရေးကော်မရှင်က ဦးယုလွင်အောင်ကတော့ ဒီအမှုဟာလူ့အခွင့်အရေး ချိူးဖောက်မှုပဲလို့ သုံးသပ်ပြောကြားပါတယ်။

"မည်သူတစ်ဦးကိုမှ ညှဉ်းပန်းနှိပ်စက်ခြင်းမပြုရလို့ လူ့အခွင့်အရေး ကြေညာစာတမ်းထဲမှာပါတဲ့အတွက် ဒါဟာလူ့အခွင့်အရေးချိုးဖောက်မှုပဲ နောက်ပြီး တစ်လမှ ၃သောင်းပဲရတယ်ဆိုတာ လုပ်အားနဲ့လစာဟာ မညီမျှဘူး"

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ ယခုအမှုဟာ ဆိုးဝါးတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုထဲမှာ ပါဝင်နေတယ်လို့ ဦးယုလွင်အောင် က ဆက်ပြောပြပါတယ်။

မရမ်ကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကတော့ အမှုအတွက်လိုအပ်တာတွေနဲ့ ဒီကလေးဆေးရုံကဆင်းလာရင် လူမှုဝန်ထမ်းဦးစီးဌာနနဲ့ပေါင်းပြီး ကျောင်းပြန်တက်ရေးအတွက်ပါ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

"တရားစွဲဆိုထားတာမို့ ရှေ့နေလိုအပ်ရင်လည်းကူညီပါ့မယ်၊ နောက်ပြီးလူမှုဝန်ထမ်းဦးစီးဌာန NLD အမျိုးသမီးအဖွဲ့တွေနဲ့တိုင်ပင်ပြီး ကလေးကိုအမျိုးသမီးဂေဟာ ကလေးဂေဟာကိုပို့ပြီး ပညာကိုဆက်လက် သင်ကြားစေဖို့ ဆောင်ရွက်သွားမယ်"

မအေးသန္တာဟာ အတန်းပညာ ၂တန်းအထိသာ တက်ရောက်ခဲ့ရပြီး အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးအလုပ်သမားတစ်ဦးလည်း ဖြစ်ပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။