ဒေါ်အောင်ဆန်းစုကြည်အစိုးရ သက်တမ်း မကုန်ခင် နိုင်ကျဉ်းတွေလွတ်မြောက်နိုင်မလား

ဝေမာထွန်း
2020.06.16

အတိုက်အခံအင်အားစုကနေ အစိုးရဖြစ်လာတဲ့ NLD အစိုးရရဲ့ ငါးနှစ်သက်တမ်း မကုန်ခင်မှာ အကျဉ်းထောင် အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အမှုရင်ဆိုင်နေရသူတွေ ခြွင်းချက်မရှိ လွတ်မြောက်လာဖို့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်နေသူတွေက မျှော်လင့်နေကြ ပါတယ်။

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်ရှိတယ်ဆိုရင်တောင် များလှပြီလို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီး၊ ထိန်းသိမ်း ခံထားရသူနဲ့ ထောင်ပြင်ပကနေ တရားရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်က ရာဂဏန်းကျော် ရှိနေသေးတယ်လို့ နိုင်ကျဉ်းအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

သူတို့တွေကို NLD အစိုးရသက်တမ်းမကုန်ခင် သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ လွှတ်ပေးဖို့ နိုင်ကျဉ်းအဖွဲ့တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက မျှော်လင့်နေကြတာပါ။

နိုင်ငံရေးအမှုတွေကို တရားရုံးတွေမှာ လတ်တလောအမိန့်တွေ မြန်မြန်ချမှတ်နေလို့ အစိုးရမပြောင်းခင် နိုင်ကျဉ်းတွေ လွတ်မြောက်မလားဆိုပြီး မျှော်လင့်မိကြောင်း လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းက ပြောပါတယ်။

"ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ဒီရက်ပိုင်းအတွင်းမှာ ဆက်တိုက်အမှုတွေအမြန်ဖြတ်ပြီးတော့ အမိန့်ချတာ မျိုးတွေ တွေ့ရတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တာမွေမှာလုပ်ခဲ့တဲ့ ဆန္ဒပြပွဲဆို နှစ်နှစ်ခွဲ လောက်နီးနီးရှိပါပြီ။ အဲဒါဆိုလည်း အမှုက အခုထိမပြတ်သေးဘူး။ ဒီလ သို့မဟုတ် ရှေ့လလောက်မှာ အမှုပြတ်လောက်မယ်ထင်ပါတယ်။ အမိန့်တွေတော့ အမြန်ချနေတာတွေ့ရတယ်။ အစိုးရအပြောင်းအလဲ မဖြစ်ခင်မှာ အမှုတွေအမြန်ဖြတ်ပြီးတော့ လွှတ်ပေးဖို့များပြင်သလားပေါ့။ ဒါကတော့ ကောင်းတဲ့ဘက်ကပါ။ တကယ်တမ်းလုပ်သင့်တာတော့ လွှတ်သင့်တာပေါ့။ နဂိုတည်းကလည်း မစွဲခဲ့သင့်တဲ့အမှုတွေပါပဲ။”

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တစိုက်မတ်မတ်တောင်းဆိုလာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မတ်လနောက်ဆုံး ထုတ်ပြန်ထားတဲ့စာရင်းအရ လက်ရှိမှာ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီး၊ ထိန်းသိမ်းခံထားရသူနဲ့ ထောင်ပြင်ပ တရားရင်ဆိုင်နေရသူ ၅၉၂ ဦးရှိနေပါတယ်။

အဲဒီထဲက ၄၁ ဦးက တရားရုံးတွေက အမိန့်ချပြီးဖြစ်လို့ ၁၄၂ ယောက်က ထောင်ထဲကနေ အမှုရင်ဆိုင်နေ ရပါတယ်။ ကျန်တဲ့ ၄၀၉ ယောက်ကတော့ ထောင်ပြင်ပကနေ အမှုရင်ဆိုင်နေကြရတာပါ။

သူတို့တွေထဲမှာ ဆန္ဒပြတောင်းဆိုမှုတွေကြောင့် တရားစွဲခံရသူတွေ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရဘဲ ထောင်ချခံရသူတွေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ပွဲတွေကြောင့် အကြမ်းဖက်ဥပဒေ၊ တရားမဝင်အဖွဲ့အစည်း ဆက်သွယ်မှု ဥပဒေတွေနဲ့ ထိန်းသိမ်းခံထားရသူတွေအပြင် လယ်ယာမြေဥပဒေတွေနဲ့ ထောင်ကျခံနေရသူတွေ ပါဝင်နေပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ တရားစွဲခံရသူတွေကို တရားရုံးတွေက အမိန့်ချထားပြီးပြီဆိုရင်တောင် တပ်မတော်က တရားစွဲထားသူတွေ လွတ်မြောက်ဖို့က တပ်မတော်ရဲ့ သဘောတူညီချက် လိုအပ်မှာဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည် ကပြောပါတယ်။

“တကယ့်ဆန္ဒကတော့ ဒီသက်တမ်းမကုန်ခင်မှာ နိုင်ငံရေးအကျဉ်းသား ခြွင်းချက်မရှိ လွတ်မြောက်ဖို့အတွက် ကို နိုင်ငံတော်အစိုးရက ဒါကို တာဝန်တစ်ရပ်၊ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတစ်ရပ်အနေနဲ့ လုပ်သွားစေချင် တယ်။ တပ်မတော်အစိုးရကလည်းရှိတဲ့အခါကျတော့ သူက သဘောမတူဘူးဆိုရင်လည်း အခက်အခဲမြောက် များစွာရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုထဲက ဖမ်းထားတာတွေရှိတယ်။ အဲဒါတွေက သူတို့ မှတ်ချက် တစ်စုံတစ်ရာမပေးဘူးဆိုရင်၊ သူတို့က သဘောမတူဘူးဆိုရင် တကယ့်တကယ် လွတ်ငြိမ်းသက်သာ ထဲမှာ အဲစာရင်းပါလာဖို့မရှိဘူး။”

တဖက်မှာလည်း NLD အစိုးရဟာ သူ့အစိုးရသက်တမ်းအတွင်း နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်ကို တရားဝင်သတ်မှတ်ပေးခဲ့ခြင်း မရှိတာဟာလည်း နိုင်ကျဉ်းအရေးကို လျစ်လျူရှုတဲ့သဘောလို့ နိုင်ကျဉ်းအဖွဲ့ တွေက ဝေဖန်ကြပါတယ်။  

နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အများအပြားရှိနေတဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်တွေမှာလည်း နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုချက် ထွက်ပေါ်လာဖို့ ဆောင်ရွက်ခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား တရားဝင်သတ်မှတ်ချက်မရှိတော့ အကျဉ်းထောင်အာဏာပိုင်တွေနဲ့ အစိုးရဘက်က အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတာမရှိကြောင်းနဲ့ တရားဝင်ပြဌာန်းထားတဲ့ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်လို့သာ အကျဉ်းထောင်ထဲ ရောက်လာသူတွေရှိတယ်လို့ ပြောဆိုကြပါတယ်။

အခြေခံလူ့အခွင့်အရေးတွေအတွက် လှုပ်ရှားဆောင်ရွက်သူတွေကို ဖမ်းဆီးထောင်ချနေမယ်ဆိုရင် ဒီမိုကရေစီအစိုးရလို့ နာမည်တပ်လို့ မရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

“ဒီဟာကတော့ လက်ရှိရှိနေတဲ့အစိုးရရဲ့သမိုင်းပဲဖြစ်မှာပါ။ သူတို့ သမိုင်းဆိုးနဲ့ ကျန်ခဲ့မလား သမိုင်းကောင်းနဲ့ ကျန်ခဲ့မလားဆိုတာကတော့ သူတို့ရဲ့လုပ်ရပ်အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့က စေတနာမှန်မှန်နဲ့ ဒီမိုကရေ စီကို ဖော်ဆောင်ချင်တယ်ဆိုရင် တကယ့်ဒီမိုကရေစီ အခြေခံလူ့အခွင့်အရေးတွေကို လူတွေကျင့်သုံးခွင့် ရအောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အဲလိုဆောင်ရွက်မပေးဘဲ အခြေခံလူ့အခွင့်အရေးတွေ လက်တွေ့ လေ့ကျင့်လို့ ဖမ်းဆီးခံနေရတယ်ဆိုရင် ဒါက ဒီမိုကရေစီအစိုးရလို့ ပြောဖို့ တော်တော်ခက်ပါလိမ့်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရဟာ ပြည်တွင်းမှာ လူထုထောက်ခံမှုရထားပြီးဖြစ်တဲ့အပြင် လက်ရှိကပ်ရောဂါအခြေအနေအရလည်း နိုင်ငံတကာရဲ့ဖိအားတွေ မရှိတာကြောင့် သူ့အစိုးရသက်တမ်းမကုန်ခင် နိုင်ကျဉ်းတွေကို လွှတ်ပေးဖို့ စဉ်းစားချက်ရှိမှာ မဟုတ်ဘူးလို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရမှာ လူထုထောက်ခံမှုရထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ ရွေးကောက်ပွဲကို ဒါတွေလုပ်မှနိုင်မယ်လို့ မတွေးဘူးလို့ ကျွန်တော်မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကော ဒီပေါ်မှာ ယုံကြည်မှုရှိပုံရတယ်။ NLD ပါတီကောပေါ့။ သူတို့အနေနဲ့ ဒါတွေကို ရွေးကောက်ပွဲနီးမှ တွန်းတွန်း တိုက်တိုက်လုပ်တာမျိုးဖြစ်လာဖို့တော့ ခက်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ နိုင်ငံတကာမျက်နှာစာမှာ ဆိုရင်လည်း ဇန်နဝါရီ  ၂၀၂၀ စဝင်တုန်းကတော့ ဖိအားတွေရှိတယ်။ အခုကာလမှာလည်း Covid -19 ကိစ္စက နိုင်ငံတကာရေးရာတွေကို အာရုံမရောက်နိုင်ဘူးဖြစ်နေတယ်။ တွန်းအား အရင်လောက်မရှိဘူး ဖြစ်နေတယ်။ အစိုးရအနေနဲ့ ဒီပေါ်မှာ ဖိအားအများကြီးရှိမနေဘူးလို့ ကျွန်တော်ကတော့မြင်တယ်။ ရွေးကောက်ပွဲအပြီး ဒီကာလမှာမှ လွတ်ငြိမ်းချမ်းသာခွင့်တွေက၂၀၂၁ ၊ အစိုးရသစ်လက်ထက်မှာမှ ပိုပြီးကျိန်းသေမလား ကျွန်တော်ကထင်တယ်။”

နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို  ပြီးခဲ့တဲ့နှစ်သင်္ကြန်ကာလမှာ သံချပ်နဲ့ လှည့်လည်ဖျော်ဖြေဝေဖန်ခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေဟာ တပ်မတော်ရဲ့ တရားစွဲဆိုမှုကြောင့် ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံထားရတာပါ။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ အစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်တယ်ဆိုပြီး NLD အစိုးရက အစိုးရတာဝန်စယူတဲ့ ၂၀၁၆ ခုနှစ် ဧပြီလထဲမှာတော့ နိုင်ငံရေးအမှုနဲ့ တရားရင်ဆိုင်နေရသူတွေ၊ ဖမ်းဆီးခံထား ရတဲ့ လက်ပံတန်းသပိတ်က ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို လွှတ်ပေးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ NLD အစိုးရသက်တမ်းအတွင်းမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ပတ်သက်လို့ ဖမ်းဆီးခံရမှု တွေက ပိုများလာတယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုလာကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြီးခဲ့တဲ့မတ်လကတည်းက လက်ရှိနိုင်ငံရေး အကျဉ်းသားစာရင်းကို သမ္မတရုံးထံပေးပို့ထားပြီး လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ AAPP ရဲ့ တောင်းဆိုချက်နဲ့ နိုင်ကျဉ်းလွတ်မြောက်ရေးအတွက် အစိုးရဆောင်ရွက်နေတဲ့ အစီအစဉ်တွေရှိ၊ မရှိ သိရအောင် သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့ ဇွန် ၁၆ ရက် ညနေ ၆ နာရီအထိ တစ်စုံတစ်ရာတုန့်ပြန်ပြောကြားတာမရှိခဲ့ပါဘူး။

NLD အစိုးရသက်တမ်းအတွင်း နိုင်ငံရေးအကျဉ်းသားတွေအရေး ဆောင်ရွက်မှုအပေါ် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ကျဉ်းအရေးလှုပ်ရှားသူတွေက အားမရဘဲ ဝေဖန်နေကြဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။