နိုင်ငံတကာကိုရိုနာဗိုင်းရပ်စ် အခြေအနေ မျက်ခြေမပြတ်ဖို့ ဆရာဝန်တွေ သတိပေး

ခင်မောင်စိုး
2020-07-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် အခုအချိန်ထိ သေဆုံးသူ ၆ ဦးပဲ ရှိသေးပေမဲ့လည်း နိုင်ငံတကာနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေအရ အထူးသတိထားကြဖို့ လိုတယ်လို့ ဒီရောဂါဖြစ်ပွားမှုကို အလေးထားစောင့်ကြည့်နေတဲ့ ပြည်တွင်းရှိဆရာဝန်တွေက ပြောပါတယ်။

အစိုးရက တရားဝင်ထုတ်ပြန်တဲ့ နောက်ဆုံးသတင်းအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၃၄၃ ဦးနဲ့ သေဆုံးသူ ၆ ဦးပဲ ရှိတဲ့အတွက် တခြားကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်းယှဉ်ရင်ဖြစ်ပွားမှုနဲ့ သေဆုံးမှုနည်းပါးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။  ရောဂါပိုးတွေ့ရှိရသူ အများစုဟာ နိုင်ငံခြားတိုင်းပြည်တွေက ပြန်လာတဲ့ အလုပ်သမားတွေဖြစ်တဲ့အတွက် ပြည်တွင်းမှာ နေထိုင်သူတွေအတွင်း ကူးစက်မှုမရှိသလောက်နည်းပါးတယ်လို့လည်း ဆိုနိုင်ပါတယ်။  ဒါဟာ ပြည်ပကပြန်လာသူတွေကို ထိထိရောက်ရောက် စစ်ဆေးပြီး လိုအပ်သလို သီခြားထားစောင့်ကြည့်နိုင်တဲ့ အကျိုးကျေးဇူးပဲလို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် က RFA ကို ပြောပါတယ်။

“အဓိကကတော့ quarantine center တွေကို ကျနော်တို့ကောင်းကောင်း control လုပ်နိုင်တယ်လို့ ယူဆပါတယ်ဗျ။ Covid က အပြင်ကပဲ ဝင်နေတာရှိတယ်။ ကျနော်တို့ တိုင်းပြည်ထဲက ထွက်လာစရာမရှိဘူး။ အဲဒီတော့ အပြင်ကဝင်မယ့်ဝင်ပေါက်တွေကို သေချာပိတ်ဆို့တားဆီးနိုင်တဲ့အခါကျတော့ ကျနော်တို့ control လုပ်လို့ရတယ်လို့ ထင်ပါတယ်။ ပြည်သူတွေဘက်ကတော့ လိုက်နာမှု အားနည်းနေသေးတာတော့ အမှန်ပါပဲ။ အခုအချိန်အထိ mask မတပ်တဲ့သူတွေ ရှိနေပါတယ်”


ရန်ကုန်မြို့မှာရှိတဲ့ လူထုအခြေပြုကျန်းမာရေးဆောင်ရွက်သူ ဒေါက်တာစစ်နိုင် ကတော့ ရောဂါဖြစ်ပွားလို့ ပိတ်ဆို့တားမြစ်ထားတာတွေကို နိုင်ငံတကာမှာ ပြန်လည်လျှော့ချပေးနေတဲ့အတွက် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးကို ပြည်သူတွေ အလေးအနက်ထားဖို့ လိုတယ်လို့ သတိပေးပါတယ်။

“နိုင်ငံတကာမှာ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေမှာ ဖွင့်ပြီးတော့ ထပ်ဝင်လာနိုင်တဲ့အတွက်တော့ စိုးရိမ်ရတယ်။ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းကတော့ ကမ္ဘာအရပ်ရပ် နိုင်ငံတိုင်းမှာ lock down ဆိုပြီးတော့ အစိုးရတွေဘက်က ပိတ်ချပစ်လိုက်တဲ့ လမ်းစဉ်ကို ကျင့်သုံးတယ်။ အဲဒီတုန်းကလို အကုန်ပြန်ပိတ်ဖို့ တော်တော်လေးခက်မယ်။ စီးပွားရေးအရလည်း အထိနာမယ်ဆိုတော့ လူထုအနေနဲ့ လူအုပ်စုတွေ မိသားစုတွေ တဦးချင်းတွေအနေနဲ့ လိုက်နာစရာ မျက်နှာဖုံးတပ်မယ်၊ လက်ဆေးမယ်၊ လူလူချင်း ခပ်ခွာခွာနေမယ်၊ လူအုပ်စုကြားမသွားဘူးဆိုတဲ့ အချက်တွေကို အဓိကထားလိုက်နာကြမယ်ဆိုရင် lock down နီးပါး ထိရောက်မှုရှိတဲ့ ထိန်းသိမ်းနိုင်တဲ့ အခြေအနေရောက်မယ်။ အခုတော်တော်လေး ကျင့်သားရပြီး အဲဒါကိုဆက်ထိန်း ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရင် ပြီးတာပါပဲ”

ဒေါက်တာသန်းမင်းထွဋ်ကလည်း နိုင်ငံတကာမှာ ဆိုးဆိုးဝါးဝါးဖြစ်ပွားနေတာကို  ပြည်သူတွေ အလေးအနက် ဂရုစိုက်ကြဖို့အတွက် မီဒီယာတွေကလည်း အစဉ်တစိုက် နှိုးဆော်သတိပေးကြစေချင်တယ်လို့ အကြံပေးပါတယ်။

“Second wave ကို ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ခံနေကြတယ်။ အမေရိကန်ဆိုရင်လည်း တနေ့တနေ့ကို ထောင်နဲ့သောင်းနဲ့ချီပြီး positive တွေ ထွက်နေကြတာပေါ့။ ကျနော်တို့နိုင်ငံနဲ့ ကပ်နေတဲ့ အိန္ဒိယတို့ ဘင်္ဂလားဒေ့ရှ်တို့မှာလည်း  positive တွေ အများကြီး ထွက်နေတယ်။ ဒါတွေကို ကျနော်တို့ မီီဒီယာတွေကနေ နည်းနည်း ကျယ်ကျယ်ပြန့်ပြန့်ပြောစေချင်တယ်။ ပြည်သူတွေအနေနဲ့က ကိုယ့်နိုင်ငံမှာ ၆ ယောက်ပဲ သေတယ်ဆိုတော့ သိပ်မကြောက်ဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့နိုင်ငံရဲ့ အပြင်ဘက်ကိုထွက်ကြည့်ရင် တော်တော်အခြေအနေ ဆိုးနေတယ်ဆိုတာကို ပြည်သူတွေ နားလည်စေချင်ပါတယ်။ အဲလိုနားလည်မှပဲ ပြည်သူတွေက ဆက်လက်ပြီး လိုက်နာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။ ခုလောလောဆယ်ထိတော့ ကမ္ဘာမှာ နိုင်ငံ ၁၉ဝ မှာ ကိုဗစ်အဖြစ်ဆုံး နံပါတ်-၁ က U.S.A ဖြစ်နေပြီးတော့ ကျနော်တို့နိုင်ငံက နံပါတ် ၁၆၃ အဆင့်မှာ ရောက်နေတယ်။ ကျနော်တို့ ဒါကိုဆက်ထိန်းနိုင်ဖို့က ပြည်သူတွေရဲ့ ပူးပေါင်းလိုက်နာမှု လိုအပ်သလို မီဒီယာတွေကလည်း ကမ္ဘာ့အနေအထားတွေကို သိအောင် တိုက်တွန်းပြောကြားစေချင်ပါတယ်။ ”


မြန်မာပြည်မှာ ဒီရောဂါ လက်ရှိဖြစ်ပွားမှုနည်းပါးနေတာဟာ ဝမ်းသာစရာဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ တိုက်တွန်း သတိပေးချက်တွေကို ပြည်သူတွေက အလေးအနက်ထား လိုက်နာဆောင်ရွက်မယ်ဆိုရင် လက်ရှိ ကောင်းမွန်တဲ့ အခြေအနေကို ဆက်လက်ထိန်းပြီး ဒီရောဂါကူးစက်မှုကြောင့်  လူမှုရေးနဲ့ စီးပွားရေးနစ်နာမှုတွေကနေ ပိုမိုမြန်ဆန်စွာ ရုန်းထွက်နိုင်မှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့