ရခိုင်ဒုက္ခသည်စခန်းတွေ ကပ်ရောဂါကာကွယ်ရေး ခက်ခဲနေ


2020.09.08

ရခိုင်ပြည်နယ်မှာ ကိုရိုနာ ပိုးတွေ့လူနာ တဖြည်းဖြည်းများလာပေမယ့် လူတွေ စုပေါင်းနေထိုင်နေကြရတဲ့ စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ကပ်ရောဂါကာကွယ်ရေး ထိရောက်တဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေ မရှိတာကြောင့် အလွယ်တကူကူးစက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်တွေ၊ ဒုက္ခသည်အရေး အကူအညီပေးနေ သူတွေက ပြောပါတယ်။

စစ်တွေမြို့ ဥဿလင်းဘုန်းတော်ကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးမောင်ကျော်စိန်ဟာ လက်ရှိ စစ်တွေမြို့မှာ ရင်ဆိုင်နေရတဲ့ ကိုရိုနာကပ်ဘေးရောဂါ အချိန်မရွေးရောက်လာနိုင်တာကို စိုးရိမ်နေသူ တစ်ဦးပါ။

ဒီဒုက္ခသည်စခန်းမှာ လူပေါင်း ၂၀၀ နီးပါးဟာ အခန်းကျဉ်းလေးတွေမှာ ပြွတ်သိပ်ပြီး နေထိုင်နေကြရပါတယ်။

ကပ်ဘေးကာလမှာ ကျန်းမာရေးဌာနက ညွှန်ကြားထားသလို  တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေထိုင်ဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူးလို့ ဦးမောင်ကျော်စိန်က ရှင်းပြပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်ကိစ္စကို စိုးရိမ်မှုတော့ရှိတာပေါ့။ စစ်ဘေးဒုက္ခသည်စခန်းမှာ ကူးစက်မခံရဖို့ပဲ အဓိက လိုပါတယ်။ တကယ်လို့ ကူးစက်မှုခဲ့ရင် အခက်အခဲရှိလာမှာပါ။ ဒါပေမဲ့ အခုက တစ်ယောက်နဲ့ တစ်ယောက် ခပ်ဝေးဝေးနေလို့က မရပြန်ပါဘူး။ အားလုံး ကပ်ပြီး နေထိုင်နေကြရတာ”


ဒုက္ခသည်စခန်းထဲမှာ တစ်ဦးနဲ့တစ်ဦး စားတာသောက်တာ၊ အလုပ်လုပ်တာ၊ ကလေးတွေအနေနဲ့လည်း အတူတူ နီးနီးကပ်ကပ် ဖြစ်နေတာက အခြားရွေးချယ်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးမောင်စိုးသိန်းကလည်း  သီးခြားစီနေထိုင်ဖို့ အခြေအနေ မပေးသေးဘူးလို့ ဆိုပါတယ်။

“ကိုယ့်အဆောင်နဲ့ကိုယ် သီးသန့်ဆောက်ပြီး နေထိုင်ဖို့ကလည်း နေရာမရှိပါဘူး။ ဒီတော့ အဆောင်တစ်ခုမှာ အခန်းလေးတွေ ခွဲပြီး နေနေရတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ၆ ပေ အကွာလောက်က နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ မနေ့က စက်တင်ဘာလ ၇ ရက်နေ့ ညပိုင်းအထိ အတည်ပြုလူနာ ၅၃၅ ဦးအထိရှိလာပါတယ်။ အဲဒီအထဲက   ၂၈၉ ဦးဟာ စစ်တွေမြို့နယ်ကဖြစ်ပါတယ်။

တဘက်မှာ ဒီစစ်တွေမြို့မှာပဲ စစ်ဘေးဒုက္ခသည် ငါးထောင်ဝန်းကျင်ဟာ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖွင့်လှစ် ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၃၀ မှာ ခိုလှုံနေကြရတာပါ။

စစ်တွေမြို့  မေတ္တာပါရမီကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့  ဦးကျော်လှစိန်က ဒုက္ခသည်တွေမှာ နှာခေါင်းစည်းနဲ့ လက်သန့်ဆေးရည်တွေ အလုံအလောက် မရှိသလို အစိုးရက အကူအညီ မပေးသေဘူးလို့ RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ကို အစိုးရက ကူညီထောက်ပံ့ပေးတာ လုံးဝမရှိပါဘူး။ ပုဂ္ဂလိက အစုအဖွဲ့တွေကတော့ နည်းနည်းလာလှူဒါန်းကြတာရှိပါတယ်။ အခုတော့ အဲဒီလက်သန့်ဆေးရည်တွေကလည်း ပြတ်နေပါပြီ။ ဒီနေ့တော့ နှာခေါင်းစည်းတွေ လာလှူကြလို့ ကျွန်တော်တို့ နည်းနည်းရထားကြပါတယ်”

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်မှုကြောင့် ဒုက္ခသည်စခန်းတွေရဲ့ အခြေ အနေအတွက်လည်း စိုးရိမ်မိကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်နဲ့ အွန်လိုင်း ဆွေးနွေးပွဲ စကားဝိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒုက္ခသည်စခန်းတွေအတွက် ဘယ်လိုအစီအမံတွေနဲ့ ဆောင်ရွက်မယ်ဆိုတာကို ဝန်ကြီးချုပ် ဦးညီပုက ထည့်သွင်း ပြောဆိုတာ မရှိပါဘူး။

“အိုင်ဒီပီစခန်းတွေ၊ တိုက်ပွဲရှောင်စခန်းတွေ ဒီနေရာတွေမှာ လူတွေက ပြွတ်သိပ်ပြီးတော့ ကျပ်ညပ်နေတဲ့ အတွက် ဒီရောဂါကလည်း အခုနောက်ဆုံး အခြေအနေအရ အင်မတန်မှ ကူးစက်မြန်တယ်လို့ သတ်မှတ်တဲ့ အတွက် ဒီအပေါ်မှာလည်း ကျွန်တော်တို့ စိုးရိမ်မှုတွေရှိပါတယ်”

ရခိုင်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင် ကတော့ Social Distancing  လို့ ခေါ်တဲ့ ခပ်ခွာခွာ နေထိုင်ရေး အစီအစဉ်က ဒုက္ခသည်စခန်းလိုနေရာမှာ အကောင်အထည် မဖော်နိုင်ဘူးလို့  အဲဒီ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

“Social Distancing လို့ ခေါ်တဲ့ကိစ္စတွေက IDP တို့ စစ်ဘေးရှောင်အုပ်စုတို့ နေရာတွေမှာ လုပ်လို့မရပါဘူး ခင်ဗျ။ လုပ်လို့မရတော့ တတ်နိုင်သ၍တော့ ကျွန်တော်တို့ Social Distancing မရပေမယ့်လို့ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့ဟာကို လက်လှမ်းမီသလောက်ကို ကျွန်တော်တို့ ရအောင် လုပ်ထားပါတယ်”


ဒုက္ခသည်စခန်းတွေမှာ ကူးစက်ရောဂါကာ ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေ အားနည်း နေဆဲဖြစ်တာကြောင့် မမျှော်လင့်ဘဲ ကူးစက်မှုတွေ ရှိလာမှာကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒုက္ခသည်အရေး အကူအညီပေးနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကတော့ ဒုက္ခသည်တွေအတွက် ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး စနစ်တကျ ဆောင်ရွက်ဖို့ အရေးတကြီးလိုတယ်လို့ ထောက်ပြပါတယ်။

“ဒီစခန်းတွေထဲမှာ ကလေးတွေကအစ တစ်ဦးနဲ့တစ်ဦး ကလေးသဘာဝ ပလူးပလဲ နေထိုင်ကြရပါတယ်။ ဒါကြောင့်မို့လို ဒီဟာက အသွားအလာ ကန့်သတ်ထားတဲ့ပုံစံမျိုးလည်း လုပ်ထားလို့မရဘူး။ အဲလိုကန့်သတ် မယ်ဆိုရင်လည်း အသွားအလာတွေ ကန့်သတ်ဖို့လိုတယ်။ အဲဒါအပြင် အသုံးအဆောင်းပစ္စည်းတွေပါ ပံ့ပိုးပေးဖို့လိုတယ်။ အဲဒါအပြင် စောင့်ကြည့်တဲ့အစီအစဉ်လည်း စခန်းအလိုက်လုပ်ထားဖို့ လိုအပ်တယ်။ ဒါတွေကို လုပ်ထားတာတွေလည်း မရှိတဲ့အခါကျတော့ ကူးစက်နိုင်ခြေက အရမ်းကိုမြင့်မားနေပါတယ်။ ကျွန်တော်တို့က ဆေးစစ်ဆေးချက် မယူသေးလို့သာပေါ့နော်၊ အမှန်တကယ်မှာ ကူးစက်ထားသူက ရှိတောင်ရှိနေပြီလားလို့ ကျွန်တော်တို့က သံသယရှိနေပါတယ်”


ရခိုင်မြောက်ပိုင်းမှာ လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် နှစ်သိန်းခန့်ရှိနေတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ခန့်မှန်းထားကြပါတယ်။

အခု ရခိုင်ပြည်နယ်က ကိုရိုနာပိုးတွေ့လူနာအများဆုံးဟာလည်း စစ်ဘေးဒုက္ခသည်တွေရှိနေတဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော စတဲ့ မြို့နယ်တွေက ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။