ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့နေရာတွေမှာ အမျိးသမီးတွေ ပါဝင်မှုအားနည်း

2019-03-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အခမ်းအနားကို ၂၀၁၉ မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပစဉ်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အခမ်းအနားကို ၂၀၁၉ မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပစဉ်
Photo: Yangon Region Government FB
ဒီနေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရအဖွဲ့အစည်း အပါအ၀င် ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုနည်းနေပါတယ်။ အဲဒီလို အရေးကြီးတဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့နေရာတွေမှာ အမျိးသမီးတွေ ပါဝင်မှုအားနည်းနေတာဟာ ဓလေ့ထုံးစံနဲ့ မြေတောင်မြှောက်ပေးမှု အားနည်းတာတွေကြောင့်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။

■ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဖြစ်တဲ့ အစိုးရအဖွဲ့၊ တရားဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်ကဏ္ဍတွေမှာ အမျိုးသမီး ပါဝင်မှုနုန်းဟာ ၁၃ ရာခိုင်နှုန်းလောက်သာရှိတယ်လို့ အမျိုးသမီးကဏ္ဍ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် ၃၀ ရာခိုင်နှုန်း ပါဝင်ရမှာဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့်အနေနဲ့ ၀န်ကြီးဌာန ၂၅ ခုမှာ ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီး၊ ဒေါက်တာမြလေးစိန်က  ဒုတိယ၀န်ကြီးတွေဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ ၀န်ကြီးချုပ်နေရာ ၁၄ ခုမှာ အမျိုးသမီး ၀န်ကြီးချုပ် ၂ ယောက်၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ယောက်မှာ အမျိုးသမီး ၅ ယောက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၅ ယောက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၈၄ ယောက်ပါဝင်ပါတယ်။

အဲဒီလို အရေးကြီးတဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့နေရာတွေမှာ အမျိးသမီးတွေ ပါဝင်ခွင့်နည်းနေတာဟာ ဓလေ့ ထုံးတမ်းစဉ်လာတွေနဲ့ မြေတောင်မြောက်ပေးမှု အားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုး တက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီရဲ့ နှိုးဆော်တိုက်တွန်းရေးမှူး မသဉ္ဖာရွှန်းလဲ့ရည် က ပြောပါတယ်။

"မြန်မာနိုင်ငံက အမျိုးသမီးပါဝင်မှုကို အားပေးမှုမရှိသလို တချိန်တည်းမှာပဲ ပြည်သူလူထုတွေက အမျိုးသမီးတွေ ကို မြေတောင်မြှောက်ပေးရမယ်၊ ရွေးကောက်ခံအနေနဲ့ သူတို့ကို ယုံကြည်လို့ရတယ်လို့လည်း တော်တော်လေး ကို ယုံကြည်မှုအားနည်းတယ်။ အမျိုးသမီးတွေဘက်ကလည်း ကြိုးစားမှုအပိုင်းမှာ အခက်ခဲတားဆီးတွေ အများကြီးရှိနေတာကို တွေ့ရပါတယ်။"

အမျိးသမီးတွေအနေနဲ့ ခွဲခြားဆက်ဆံခံရတာတွေ၊ ခေါင်းပုံဖြတ်ခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေ၊ ပညာသင်ကြားခွင့် ချိုးနှိမ်ခံရတာတွေ ရှိနေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ရိုးရာဓလေ့အရ အမျိးသမီးတွေကို အိမ်ထောင်မှု ထိန်းသိမ်းတဲ့ အိမ်ရှင်မတစ်ယောက်အဖြစ်၊ နောက်လိုက်အဖြစ်သာ သတ်မှတ်ထားကြတာလို့ ပြောကြပါတယ်။

လက်ရှိနိုင်ငံရေးကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်နေပေမယ့်လည်း သူတို့အတွက် လုပ်ပိုင်ခွင့်အရည်ချင်းတွေ ထုတ်ပြဖို့ အခက်ခဲရှိနေတယ်လို့လည်း PEN မြန်မာအဖွဲ့က မသီတာ ( စမ်းချောင်း) ကပြောပါတယ်။

"အစကတည်းက လူ့အဖွဲ့အစည်းဟာ အမျိုးသမီးတွေက ခေါင်းဆောင်နိုင်တဲ့ အနေထားမှာရှိတယ်လို့ လေ့ကျင့် ပျိုးထောင်နိုင်မှုလည်းနည်းတယ်။ လက်ခံနိုင်မှုလည်းနည်းတယ်။ နေရာပေးနိုင်မှု၊ လေးစားနိုင်မှုလည်းနည်းတဲ့ အတွက် ဘယ်လောက်ပဲ ဒီလိုနေရာမျိုးကို ရောက်လာ ရောက်လာ၊ သူတို့မှာရှိတဲ့ အရည်ချင်းဆိုတာကလည်း ထည့်သွင်းစဉ်းစားရမယ့် အနေထားဖြစ်တယ်။ သူတို့အရည်အချင်းရှိနေတဲ့တိုင်အောင် သူတို့အရည်ချင်းတွေကို မြင်ရခွင့်ရှိသလား ဒါလည်း ထည့်သွင်းစဉ်းစားရမယ်။"

မြန်မာနိုင်ငံရဲ့ လူဦးရေအရ အမျိုးသားထက် အမျိုးသမီးရာခိုင်နုန်းက ပိုများနေတာကြောင့်  အမျိုးသမီးတွေရဲ့ တန်းတူညီမျှခွင့်တွေအတွင် အမျိုးသမီးတွေကသာ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို နေရာပေးဖို့လိုအပ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

"အုပ်ချုပ်ရေး ၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအပိုင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်ခွင့် ချဲ့ထွင်လာနိုင်မယ်ဆိုရင် လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ ပိုပြီးတော့ ထိထိရောက်ရောက် မျှမျှတတ ဆောင်ရွက်နိုင်မယ်လို့ မြင်ပါတယ်။ အဲဒီလိုပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာဆိုရင်လည်း တဖက်နဲ့တဖက် တင်းမာနေတဲ့၊ ရှေ့မတိုး နောက် မဆုတ်ဖြစ်နေတဲ့ အခြေအနေမျိုးတွေမှာ အမျိုးသမီးတွေရဲ့ ညှိနိုင်းမှုစွမ်းရည် ထိထိရောက်ရောက်သုံးနိုင်ရင် ပိုပြီးရှေ့ရောက်မယ်လို့ မြင်ပါတယ်။ ပိုပြီးပါဝင်လာအောင် အမျိုးသားတွေဘက်ကလည်း ပိုပြီးအလေးနက်ထား ဆောင်ရွက်ဖို့လိုတယ်လို့ မြင်ပါတယ်။"

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးနေ့ဟာ ၁၉၀၈ ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ အမျိုးသမီး ၁သောင်းခွဲလောက်က လုပ်ငန်းခွင်မှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရတာကြောင့် ဆန္ဒပြတောင်းဆိုကြတာကနေ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်လာတာပါ။

မြန်မာနိုင်ငံအနေနဲ့လည်း အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာ၊ နိုင့်ထက်ပြုကျင့်တာ၊ တန်းတူအခွင့်အရေး မရတာတွေ ပပျောက်သွားဖို့ အမျိုးသမီးခေါင်းဆောင်တွေ အများကြီးထွက်လာဖို့ လိုအပ်နေတယ်လို့လည်း ပြောကြပါတယ်ရှင်။

ဆိုက်တခုလုံးသို့