ကချင်ပြည်နယ်ကစီမံကိန်းတွေလက်ခံဖို့ တရုတ်သံအမတ်ကြီးပြော

2019-01-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရုတ်သံအမတ်နဲ့ ကချင်တိုင်းရင်းသားပါတီခေါင်းဆောင်တွေတွေ့ဆုံကြစဉ်။
တရုတ်သံအမတ်နဲ့ ကချင်တိုင်းရင်းသားပါတီခေါင်းဆောင်တွေတွေ့ဆုံကြစဉ်။
Photo: RFA

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းလောက်က ကချင်ပြည်နယ်နယ်မြစ်ကြီးနားမြို့မှာ ကချင်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ တရုတ်သံအမတ်ကြီးက မြန်မာနိုင်ငံထဲမှာ တရုတ်နိုင်ငံရဲ့ စီမံကိန်းလုပ်ငန်းတွေကို လက်ခံကြဖို့အတွက် ဖိအားပေးတဲ့ သဘော ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ကချင် နိုင်ငံရေး ဘာသာရေးခေါင်းဆောင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုကျော်သူက စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~

ကချင်ပြည်နယ်ကစီမံကိန်းတွေလက်ခံဖို့ တရုတ်သံအမတ်ကြီးပြော

(ကျော်သူ)

■ တရုတ်နိုင်ငံက မြန်မာနိုင်ငံထဲမှာ အကောင်အထည်ဖော်လုပ်ဆောင်မယ့် စီမံကိန်းလုပ်ငန်းတွေကို စတင်နိုင်ရေးအတွက် လက်ရှိကာလအတွင်းမှာ တိုးလို့သာလာနေပါတယ်။

ဒီဇင်ဘာလ ၂၈ နဲ့ ၂၉ ရက်နေ့တွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျံဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်လာပြီး မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က Palm String ဟိုတယ်မှာ ကချင်နိုင်ငံရေးပါတီတို့က ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါက်တာတူးဂျာ၊ ဦးခက်ထိန်နန်နဲ့ ဦးဂွမ်ဂရမ်အော်ဂမ် စတဲ့ ကချင်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို KBC ကချင်နှစ်ချင်း ခရစ်ယာန်အသင်း ဥက္ကဋ္ဌ ဒေါက်တာ ဆမ်ဆွန်တို့နဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဒီလိုဆွေးနွေးရာမှာ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကိုပေးဆပ်ရမယ့် ကြွေးမြီများစွာရှိနေကြောင်း၊ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာစီမံကိန်းတွေကို အနှောင့်အယှက်မပေးဘဲ ထောက်ခံဖို့တိုက်တွန်းကြောင်း အနောက်နိုင်ငံကြီးတွေရဲ့ ပြောကြားချက်တွေ နားမယောင်ဖို့လိုကြောင်း ပြင်းပြင်းထန်ထန်ထည့်သွင်း ပြောကြားခဲ့တယ်လို့ တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ အမည်မဖော်လိုတဲ့ ကချင်ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

လက်ရှိကချင်ပြည်နယ်ထဲမှာ KIA နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြားဝင်ညှိုနှိုင်းမှု အနေအထားမှာ အစိုးရတပ်မတော်ဘက်က စစ်ဆင်ရေး ၄ လတာ ရပ်တန့်သွားသလို ကချင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အတွက်လည်း နေရပ်ပြန်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်ပေး မယ်ဆိုတာတွေကိုလည်း တရုတ်နိုင်ငံဘက်က အကူအညီပေးမယ် ဆိုပြီး တရုတ်သံအမတ်က ကတိပေးခဲ့ပါတယ်။

ဒုတိယအနေနဲ့ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဖို့နဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ဖို့ ဆက်လက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၁၀ နှစ်လောက် ရပ်ဆိုင်းထားခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းလုပ်ငန်းကို ကချင်ပြည်သူတွေအနေနဲ့ သဘောထားပြောင်းလဲလာဖို့ကိုလည်း မက်လုံးပေးတာတစ်မျိုး၊ ဖိအားပေးတာတစ်ဖုံအပြင် တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးအိပ်မက်ဖြစ်တဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ဆောင်မယ့် ပိုးလမ်းမစီမံကိန်းကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားတယ်ဆိုတာတွေကို ကချင်ပြည်သူတွေဆီ ပြောကြားတာဖြစ်ပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ အိမ်နီးချင်းနိုင်ငံအနေနဲ့ ဆက်ဆံရေး ကောင်းမွန်ရေး အဓိကကျတယ်လို့ အခုလို ပြောပါတယ်။

"ငြိမ်းချမ်းရေးရရှိအောင် သူတို့လည်း ကူညီနေပါတယ်တဲ့ IDP တွေလည်း တော်တော်များနေပြီ ဒုက္ခရောက်ပြီဖြစ်လို့ ကူညီချင်ပါတယ်တဲ့နော်၊ အနောက်နိုင်ငံတွေ ဖိအားပေးသလို one belt one road လုပ်ဆောင်နေတဲ့အပိုင်းလည်း ရှိတာပေါ့၊ အိမ်နီးချင်းနိုင်ငံတွေ အဓိကထားပြီး တရုတ်နိုင်ငံကို အဓိက ထားပြီးဆက်ဆံဖို့ ဟုတ်တယ် အဲဒါတွေပြောသွားတယ်"

တရုတ်စီမံကိန်းတွေကို မြန်မာတွေကန့်ကွက်တာတွေက အနောက်ဥရောပနိုင်ငံတွေရဲ့ လက်ချက်ဆိုပြီး ပြောဆိုသလို အိမ်နီးချင်းဆိုတဲ့ ရင်းနှီးမှုတွေက အဓိကကျကြောင်းကိုလည်း တရုတ်သံအမတ်က ပြောဆိုခဲ့တယ်လို့လည်း ပြောပါတယ်။

KBC ဥက္ကဋ္ဌ ဒေါက်တာဆမ်ဆွန်က တရုတ်သံအမတ်နဲ့ ဆွေးနွေးခဲ့စဉ်က အခြေအနေနဲ့ပတ်သက်ပြီး သူ့သဘောထားကို အခုလို ပြောပါတယ်။

"အနောက်နိုင်ငံက သူတို့ရဲ့စီမံကိန်းတွေကို အနှောင့်အယှက်ဖြစ်စေတာပေါ့နော်၊ အနောက်အုပ်စုနဲ့ တရုတ်ရဲ့ စီးပွားရေးအားပြိုင်မှုကို မြင်တော့ သူတို့ရဲ့ Project တွေကို ကန့်ကွက်တာတွေ ဆန္ဒပြတာတွေရဲ့နောက်မှာ အနောက်အုပ်စုရဲ့ ကြိုးကိုင်မှုရှိတယ်ဆိုတာ သူတို့ပြောပါတယ်၊ ကျနော့်အထင် မြစ်ဆုံစီမံကိန်းကတော့ ကချင်ရဲ့စိုးရိမ်မှုက တာကျုးမှာစိုးရိမ်တယ်၊  အောက်ဘက်ကတော့ စိုက်ပျိုး မွေးမြူရေးပေါ့၊ နောက် သဘာဝအလှတွေ ပျက်စီးမယ်ဆိုတာတွေ ပါတယ်လို့၊ သူတို့ Project တွေ လျော့ပြီးမှ အသေးစားအနေနဲ့ လုပ်လာမလားတော့ မသိဘူး၊ သူတို့ကတော့ အများကြီး ရင်းနှီးထားပြီးပြီဆိုတာပြောတယ်၊ ကျောက်ဖြူသဘာဝဓာတ်ငွေ့ရယ် ပိုးလမ်းမရယ် ရေအားလျပ်စစ်ရယ် သူတို့ကတော့ လုပ်သွားဖို့ရှိတယ်ဆိုတာ သိရတယ်၊ ဒါပေမဲ့ အစိုးရတွေရဲ့ ဖိအားနဲ့ နှစ်နိုင်ငံအကောင်အထည်ဖော်လာခဲ့မယ်ဆိုရင် ကျနော်တို့က ဘာမှမတတ်နိုင်ဘူးလေ၊ နှစ်နိုင်ငံအစိုးရရဲ့ အပေးအယူအပေါ်မှာ ဘယ်လောက်လျော့ချပြီး ဘယ်လိုလုပ်သွားနိုင်မယ်ဆိုတာ မသိနိုင်ဘူး၊  ကျနော်တို့ အမြင်ကတော့ နီးနီးစပ်စပ်တွေ့နေရတယ်လေ၊ မြစ်ဆုံစီမံကိန်းကတော့ စဖို့အသင့်ဖြစ်နေကြပြီ"

အရင်က မြန်မာပြည်သူတွေနဲ့ တရုတ်သံတမန်ဆက်ဆံရေးဟာ မချောမွေ့ခဲ့လို့ အခုဆိုရင် ညင်သာပျော့ပြောင်းတဲ့ ဆက်ဆံရေးနည်းလမ်းနဲ့ ချည်းကပ်လာနေသလို ဖိအားပေးတဲ့ သဘောထားတွေလည်း တွေ့ရတယ်လို့ ကချင်ခေါင်းဆောင်တွေက ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံအချင်းချင်း တရုတ်နိုင်ငံကို နားလည်လက်ခံလာနိုင်အောင် သံတမန်နည်းလမ်းနဲ့ သိမ်မွေ့တဲ့နည်းလမ်းတွေ သုံးလာတယ်လို့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီ ကချင်ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြောပါတယ်။

"သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ် ပညာတတ်လာမှု သမ္မတရှင်ကျင်းဖျင်ရဲ့ မူပေါ်လစီလည်းဖြစ်နိုင်တာပေါ့၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ပတ်သက်ရင် တရုတ်နိုင်ငံက ဂုဏ်သိက္ခါကျဆင်းပြီးတော့ အားလုံးက သူတို့ကို ချစ်ခင်နှစ်သက်တာတွေ အားနည်းခဲ့တာပေါ့နော်၊ အခုက အဲဒီဂုဏ်သိက္ခါ ပြန်တည်ဆောက်ဖို့ သူတို့ကို နားလည်ဖို့ ခင်မင်ဖို့ဆိုတဲ့အပိုင်း ပြန်ကြိုးစားလာတာ တွေ့ရတယ်၊ အိမ်နီးချင်းနိုင်ငံအားလုံးအပေါ်မှာ အဲဒီသဘောမျိုး သူတို့ဖြစ်လာနိုင်ပါတယ်၊ အခု အမေရိကနဲ့ သူတို့နဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်တာကို တစ်ဖက်နဲ့တစ်ဖက် ထရမ့်နဲ့ ရှီကျင်းဖျင်နဲ့ စီးပွားရေးနဲ့ပတ်သက် လာတဲ့အခါ သူတို့စီမံကိန်းတွေက သိပ်မဝင်လာဘဲနဲ့ ထိုင်းတို့ ဗီယက်နမ်တို့ဘက်မှာ ဝင်သွားတာ တော်တော်များများတော့ ရှိတာပေါ့လေ၊ ကျနော်တို့ နိုင်ငံမှာလည်း အားလုံးသိတဲ့အတိုင်း စီမံကိန်းတွေကတော့ ရှိနေတာပဲ"

ကချင်ခေါင်းဆောင်တွေနဲ့ တရုတ်သံအမတ်ကြီးတို့ရဲ့ အခုလို ဆွေးနွေးခဲ့တာတွေကို နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ISP အဖွဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းက အခုလို သုံးသပ်ပြောပါတယ်။

"ကျနော်မြင်တာကတော့ တရုတ်သံရုံးဖက်က ပိုပြီးတော့ လက်သွက်လာတယ် လှုပ်ရှားမှုပိုများ လာတယ်လို့မြင်တယ်၊ အထူးသဖြင့် ကျနော်တို့နိုင်ငံထဲမှာ ခရီးတွေသွားလာတယ်၊ ဆွေးနွေးပြောဆိုမှုတွေ ပိုများလာတယ်ပေါ့၊ သူတို့ရဲ့ စီမံကိန်းတွေကိုလည်း ထောက်ခံလာအောင် ပြောတာဆိုတာ တွေပိုများလာတာ တွေ့ရတယ်၊ သူတို့က ကျနော်တို့နိုင်ငံထဲ လုပ်ချင်သလို လာလုပ်လို့တော့ မရဘူးပေါ့၊ မြန်မာအစိုးရဖက်က သူတို့နဲ့ ဆက်ဆံရေးမှာ ဘယ်လိုတုံ့ပြန်သလဲဆိုတာ ရှိတာပေါ့၊ အခုလက်ရှိ NLD အစိုးရအနေနဲ့က သူတက်လာတဲ့အချိန်မှာ ပွင့်လင်းမြင်သာမှုရှိမယ်၊ ပြည်သူတွေကို မချပြဘဲနဲ့ သူတို့အနေနဲ့ သဘောတူညီမှုတွေ လုပ်မှာမဟုတ်ဘူးပေါ့ဗျာ၊ ဒီစီမံကိန်းကြီးတွေပေါ့၊ ကတိကဝတ်တွေရှိတော့ ကျနော်တို့အနေနဲ့ ဒါမျိုးတွေယုံပြီးတော့ စောင့်ရမယ်လို့ ထင်တယ်ဗျ၊ အစိုးရက လုပ်ချင်ကိုင်ချင်တယ်ဆိုတဲ့ စီမံကိန်းကြီးတွေဆို ပွင့်လင်းမြင်သာချပြပေးမယ်၊ ပြည်သူတွေ မသိဘဲနဲ့ ကြိတ်လုပ်တာမျိုးတွေ မဟုတ်ဘူးပေါ့၊ ဒါမျိုးဖြစ်မယ်လို့ ထင်ရတာပေါ့၊ တရုတ်အစိုးရအနေနဲ့လည်း ဒီလိုဖွင့်ပေးမှလုပ်လို့ရမယ့်အနေအထားရှိပါတယ်"

ဒါကတော့ ဦးအောင်သူငြိမ်းက သုံးသပ်ပြောဆိုသွားတာဖြစ်ပါတယ်ခင်ဗျာ။

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့